မရဏတံခါးစီမံကိန်း - ၂
အခန်း ၂ ဂိုလမ်သည် သူ၏ အနက်ရောင် ဝတ်ရုံရှည်၏ အစွန်းများကို ကပရိုဗာ လမ်းမပေါ်ရှိ ညစ်ပတ်နေသော နှင်းများပေါ်တွင် တရွတ်တိုက်ဆွဲလျက် နှင်းထုကြားထဲတွင် တရွေ့ရွေ့ လျှောက်လှမ်းလာ၏။ ဝတ်ရုံအောက်တွင် ဖုံးကွယ်ထားသော သူ၏ ဧရာမ ဖိနပ်ကြီးများမှာ အလွန်လေးလံသဖြင့် ခြေထောက်ကို မနည်း ကြိုးစား၍ မ , နေရသည်။ သူ၏ မျက်နှာနှင့် ဦးခေါင်းခွံပေါ်ရှိ ထူထဲသော ရွှံ့စေးလွှာသည် အေးစက်သောလေကြောင့် တင်းကျပ်လာသည်။ “ ငါ အိမ်ပြန်ရောက်မှ ဖြစ်မယ်” “ အီသာစွမ်းအင်တွေ စုဝေးလာနေပြီ” အီသာ စွမ်းအင်များ သူ၏အပေါ် လွှမ်းမိုးသွားမည်ကို စိုးရိမ်သဖြင့် ဂိုလမ်သည် အိတ်ကပ်ထဲသို့ နှိုက်၍ သူ အချိန်တိုင်း ဆောင်ထားလေ့ရှိသော သတ္တုချောင်းလေးကို ဆုပ်ကိုင်လိုက်သည်။ ထိုအရာဝတ္ထုကို ဦးခေါင်းဆီသို့ မြှောက်လိုက်ပြီး ခြောက်သွေ့နေသော ရွှံ့စေးပြင်ပေါ်တွင် ဖိကပ်ကာ စက်ဝိုင်းငယ်လေးများသဖွယ် ပွတ်သပ်လိုက်၏။ “ အခု မဟုတ်သေးဘူး” ။ သူသည် မျက်လုံးများကို မှိတ်ကာ စိတ်ထဲမှ ရေရွတ်လိုက်သည်။ အီသာ စွမ်းအင်များ ကွဲပြားလွင့်စင်သွားသည်။ အနည်းဆုံးတော့ ယခုအချိန်အတွက် အဆင်ပြေသွား၏။ သတ္တုချောင်းကို အိတ်ကပ်ထဲ ပြန်ထည့်ပြီး သူ ဆက်လက် ထွက်ခွာလာခဲ့လေသည်။ “ နောက်ထပ...