ဒေါ်အောင်ဆန်းစုကြည် အကြိုက်ဆုံး တော်လှန်ရေး ဝတ္ထုတစ်ပုဒ်
Les Misérables သို့မဟုတ် အာဏာရှင်ကို ဆတ်ဆတ်တုန်စေခြင်း
ဇွန် ၁၉၊ ၂၀၂၅ ရက်စွဲနဲ့ BBC က တင်ထားတဲ့ ဆောင်းပါးတစ်ပုဒ်မှာ ဒေါ်အောင်ဆန်းစုကြည်ဟာ နေအိမ်အကျယ်ချုပ်ကျနေစဥ်အတွင်း ဖတ်တဲ့ စာအုပ်တွေကို ပြောပြထားပါတယ်။ သူက Victor Hugo ရဲ့ 'Les Misérables' ကို တစ်ခေါက်ပြန်ပြီး တောင်းဆိုသတဲ့။ ဒီစာအုပ်ကို သူ ဘာကြောင့် သိပ်ကြိုက်ရတာပါလဲ။ ဆောင်းပါးဖတ်ရန် - https://www.bbc.com/burmese/articles/cy8d86z725do
“၁၈၆၂ ခုနှစ်က ပြင်သစ်စာရေးဆရာ Victor
Hugo - ဗစ်တာဟူးဂိုး ရေးတဲ့ 'Les Misérables' ဆိုတဲ့ ပြင်သစ်ဝတ္တုက ဒေါ်အောင်ဆန်းစုကြည်
အကြိုက်ဆုံးစာအုပ်တစ်အုပ်ဖြစ်သလို ဒီတစ်ကြိမ် အကျဥ်းစံဘဝမှာ ထပ်မှာတဲ့ စာအုပ်ထဲ
ပါဝင်ပါတယ်။
ဒီစာအုပ်က သူ့ရဲ့ အကျဥ်းကျခြင်း
ချုပ်နှောင်ခံရခြင်းအကြိမ်ကြိမ်ကို ကျော်လွှားနိုင်ဖို့ စိတ်ခွန်အားပေးတဲ့
စာအုပ်တွေထဲမှာ မပါမဖြစ်လို့ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် သူ့နဲ့
အနီးကပ်နေထိုင်ခဲ့ဖူးသူတစ်ဦးကို ပြောပြဖူးပါတယ်။
အဲဒီစာအုပ်ထဲမှာ Jean Valjean လို့ခေါ်တဲ့ ထောင်ထွက်ဇာတ်ကောင်ရဲ့ နှိပ်စက် ညှဥ်းပန်းခံရမှုတွေကို
ကြံ့ကြံ့ခံရင်ဆိုင်နိုင်ခဲ့ပုံကို ဖော်ကျူးထားတာဖြစ်ပါတယ်။
ဇာတ်ကောင်ဟာ ဆာလောင်ငတ်မွတ်နေတဲ့နှမနဲ့
တူသားတွေအတွက် အပြစ်သေးသေးလေးဖြစ်တဲ့ ပေါင်မုန့်ခိုးယူမှုနဲ့
ထောင်တွင်းအကျဥ်းချခံရသူပါ။ ဇာတ်ကောင်ဟာ သူ့ အကျဥ်းကျကာလမှာ
တရားလက်လွတ်နှိပ်စက်ခံရမှုတွေကို ဥပေက္ခာပြု မေတ္တာတရားထား
စိတ်သဘောထားကြီးမြတ်မှုတို့နဲ့ အနိုင်ယူခဲ့မှုကို သရုပ်ဖော်ထားတဲ့ ဝတ္တုဖြစ်ပါတယ်။
ဝတ္ထုနောက်ခံပြုတဲ့ ခေတ်က ပြင်သစ်နိုင်ငံရဲ့
နပိုလီယံခေတ်လွန်ကာလဖြစ်ပါတယ်။ အကျဉ်းသားတွေကို လူမဆန်စွာ ရက်စက်နှိပ်ကွပ်တတ်တဲ့
ကာလဖြစ်ပါတယ်။ ပါရီမှာ အပြင်းထန်ဆုံး လူထုအုံကြွမှုဖြစ်ပွားခဲ့တဲ့
အချိန်လည်းဖြစ်ပါတယ်။
''ဝတ္ထုက သာမန်ကြည့်တဲ့အခါ လူတစ်ဦး ရဲ့
စွန့်လွှတ်အနစ်နာခံမှုကို အခြေပြုတဲ့ဝတ္ထုတစ်ပုဒ်လို့ ယူဆနိုင်တာပေါ့။ ဒါပေမဲ့
တကယ်ဖတ်တဲ့အခါ အဲဒီထက်ပိုလေးနက်တယ်။ အလွန်လူသားဆန်တယ်''
''ဇာတ်ကောင်က ကိုယ်ကျိုးစွန့်သူပေါ့။ သူ့
အတ္တကို လျစ်လျူရှုပြီး အများကောင်းကျိုး သယ်ပိုးတာကို ပြထားတဲ့ ဝတ္တုပါ။
ဇာတ်ကောင်ရဲ့ စိတ်နဲ့ အကျင့်က ဒေါ်အောင်ဆန်းစုကြည်လိုပါပဲ'' လို့
Les Misérables စာအုပ်ကို ဖတ်ခဲ့ဖူးတဲ့
ပြင်သစ်ဘာသာစကားသင်ကြားတဲ့ မြန်မာကျောင်းဆရာတစ်ဦးက ပြောပါတယ်။”
BBC Myanmar ၁၉ ဇွန် ၂၀၂၅
"ကျွန်မအနှစ်သက်ဆုံး စာအုပ်တအုပ်ကတော့
ပြင်သစ်စာရေးဆရာကြီး Victor Hugo ရဲ့ 'Les
Misérables' ဖြစ်ပါတယ်။
ပြင်သစ်နိုင်ငံမှာ ဘုရင်ကိုနန်းချ ၊
သေဒဏ်ပေးခဲ့တဲ့ ၁၇၈၉ ခုနှစ် တော်လှန်ရေးကြီး နောက်ပိုင်း ၊ ၁၉ ရာစုနှစ်အတွင်း
ဖြစ်ပေါ်ခဲ့တဲ့ လူမှုရေး နိုင်ငံရေး မငြိမ်သက်မှုများကို နောက်ကားခံပြီး
ခင်းကျင်းရေးသားထားတဲ့ ဝတ္ထုကြီးပါ။ တော်လှန်ရေး ဝတ္ထုကြီးလို့ သတ်မှတ်နိုင်ပါတယ်
… “
ဒေါ်အောင်ဆန်းစုကြည်
ဒီလှိုင်းဂျာနယ် ၊ ၂၅.၃.၂၀၁၃
စာအုပ်နဲ့ ပတ်သတ်ပြီး ဆရာတင်မောင်မြင့်ရဲ့
အကျဥ်းချုပ်စာအုပ်ကို ဖတ်ဖူးပါတယ်။ အကျဥ်းချုပ်ကတောင် တော်တော့်ကို ကျယ်ပါတယ်။
‘မိစ္ဆာဝင်္ကပါ’ လို့ ဆရာက နာမည်ပေးထားတယ်။ နာမည်နဲ့လဲ လိုက်ဖက်ပါတယ်။ သူကတော့
အကျဥ်းချုပ်မို့လို့ ဇာတ်ကြောင်းကို Jean Valjean ရဲ့
နောက်ကနေပဲ အဓိက ထားပြီး ရေးထားတော့ မူရင်းကလဲ အတော်လေး ဇာတ်သွားမယ်ထင်တာ။
ဘယ်ဟုတ်မလဲ။ တစ်ဝက်တောင် ရောက်အောင် မနည်းဖတ်ရတယ်။
ဟျူဂိုက အာဏာရှင်တွေကို သရော်ထားတယ်။ ဓါတ်ယောင်ယောင်
နတ်ယောင်ယောင် အယောင်ပြ ဘုန်းကြီးတွေကို ဒဲ့ဆော်တယ်။ ဘုရင် အုပ်ချုပ်ရေးစနစ်ကို
မေးခွန်းထုတ်တယ်။ အာဏာရှင်တွေ အိတ်ဖောင်းပြီး လူတွေ အိတ်ပေါက် စိတ်ပိန်
ဆင်းရဲတွင်း မတိမ်ရတဲ့ အကြောင်းကို အကျယ်တဝင့် ပြောပြတယ်။ အာဏာရူးတွေအကြောင်းကို
တိုးတိုးတစ်မျိုး၊ ကျယ်ကျယ် တစ်ခါ ထည့်ထည့်ရေးတယ်။ ပထမတွဲမှာပါတဲ့
ခင်ကြီးအကြောင်းဆို ဖတ်ပြီး တော်တော့်ကို သဘောကျမိတယ်။ တကယ်တော့ ဇာတ်က
သူ့ဇာတ်မဟုတ်ပေမဲ့ သူ့အကြောင်းကို မိတ်ဆက်ထားတာကိုက စာအုပ်တစ်အုပ်
သီးသန့်ဖြစ်နေတယ်။
အာဏာလုတဲ့နောက်ကွယ်က သတ်ပွဲတွေ၊
ဆင်းရဲမွဲတေခြင်းရဲ့ အကျိုးဆက်တွေ၊ လူဖြစ်ရခြင်းရဲ့ ရည်ရွယ်ချက်တွေကို
ဇာတ်ကောင်တွေအမြင်က ပြောနေရင်းနဲ့ စာရေးသူကိုယ်တိုင်က ကြားထဲက ဖြတ်ဖြတ်ပြီး
သူ့အမြင်တွေပါ ဝင်စွက်လိုက်တော့ ပိုပြီး ဇာတ်ကကြွလာတယ်။
ဒီလို စာအုပ်မျိုးက မြန်မာနိုင်ငံ
အခြေအနေနဲ့တော့ ဒီခေတ်ထဲမှာ စာအုပ်အဖြစ် မြင်လာရဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ Facebook
comment တောင် ဆတ်ဆတ်ထိမခံတဲ့ လူတစ်စုကို အညှာတင်မက၊ တစ်ကိုယ်လုံးပါ
တဆတ်ဆတ်တုန်သွားအောင် ကွက်ကွက်ကွင်းကွင်း ဘွင်းဘွင်းရှင်းရှင်း ရေးထားတဲ့
စာအုပ်ဆိုတော့ စာရေးသူတင်မက စာပေတိုက်ပါ ကွိသွားမဲ့ စာအုပ်မျိုးပေါ့။
ဒါပေမဲ့ စာပေဆိုတာ အသိဉာဏ်ကို ဖွင့်ပေးတဲ့အရာပါ။
လူသားတိုင်းဟာ အသိဉာဏ်နဲ့ ထိုက်တန်ပါတယ်။ ဒါကြောင့် ကျွန်တော် ဘာသာပြန်ထားတဲ့
အပိုင်း အစလေးတွေကို Blog မှာ တစ်ပတ်ကို တစ်ခန်းစီ
တင်ပေးဖို့ ဆုံးဖြတ်ထားပါတယ်။ Blog မှာ တင်ရတာက
အပိုင်းတွေအတိုင်း အစဥ်အဆက် ရှိနေအောင်နဲ့ တချို့သော စကားလုံးတွေက Facebook
censoring ကြောင့် ဖျက်ခံရတတ်လို့ပါ။ ကျွန်တော့် Profile ထဲက Links ဆိုတဲ့နေရာကို ထောက်လိုက်ရင် Wattpad,
Blog နဲ့ Substack လင့်တွေ တွေ့ရပါလိမ့်မယ်။
အဲဒီအထဲက Blog သို့မဟုတ် Substack မှာ
ဝင်ဖတ်လို့ရပါတယ်။ အပိုင်းတစ်ပိုင်း တင်တိုင်းလဲ Facebook မှာ
အသိပေးထားပါမယ်။
Hugo ရဲ့ အာဘော်ကို မပျက်အောင် အတတ်နိုင်ဆုံး
ကြိုးစားပြီး ဘာသာပြန်ထားတာမို့လို့ တစ်ပတ်ကို တစ်ပိုင်းပဲ တင်နိုင်ပါလိမ့်မယ်။
ဇာတ်လမ်း အစအဆုံးကို ခြုံငုံပြီး ကျွန်တော်က 'Les Misérables' ကို အဓိပ္ပါယ်ပြည့်တဲ့ ခေါင်းစဥ်အသစ် တစ်ခု ပေးထားပါတယ်။ စာဖတ်ရင်းနဲ့
ခေါင်းစဥ်ရဲ့ အဓိပ္ပါယ်နဲ့ ကိုက်ညီနေတာကို တွေ့လာရပါလိမ့်မယ်။ မနက်ဖြန်ကစပြီး အပိုင်း
၁ အတွဲ၁ ရဲ့ အခန်း ၁ တင်ပါမယ်။
သွေးနဲ့ ရင်းရတဲ့ အာဏာ၊ အာဏာရူးတို့ရဲ့ ရောဂါ၊
ဒီမိုကရေစီနဲ့ မိုနာခီတို့ အားပြိုင်မှု၊ လူဖြစ်ရခြင်းနဲ့ ဆင်းရဲဒုက္ခ၊ ဘာသာရေးရဲ့
အလင်းရောင်နဲ့ အမှောင်ခြမ်း၊ မိဘမေတ္တာ၊ လူငယ်အချစ် စတဲ့ ဇာတ်ကြောင်းတွေကို မြန်မာ
စာဖတ်သူတို့ဆီကို မူရင်း အာဘော်မပျက် ပို့ဆောင်ပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်။
စာ အကျအပေါက်တွေကိုလဲ ထောက်ပြနိုင်ပါတယ်။ ကျွန်တော်ဖတ်ထားတဲ့ စာမူက အကောင်းဆုံးနဲ့
ခေတ်အဆန်ဆုံးလို့ ချီးကျူးကြတဲ့ Penguin တိုက်ထုတ် Christine
Donougher ရဲ့ စာမူ ဖြစ်ပါတယ်။ မူရင်းနဲ့ ဘာသာပြန် တိုက်ဖတ်ချင်တဲ့သူတွေ
အတွက်ပါ။ မနက်ဖြန် စောင့်ဖတ်ပေးကြပါအုံး။
#VictorHugo #Lesmiserables #မိစ္စာဝင်္ကပါ #သက်ပိုင်
Comments
Post a Comment