အပယ်ခံတို့ နှလုံးသား - အပိုင်း၁၊ အတွဲ၁၊ အခန်း၁၊

Les Misérables by Victor Hugo

Translated into English by Christine Donougher, 2005, Penguin Classics Edition

အပယ်ခံတို့ နှလုံးသား

သက်ပိုင်

(စတင် ဘာသာပြန်သည့်နေ့ ၂၃/၆/၂၀၂၆) 

အပိုင်း ၁ ဖန်တင်း

အတွဲ ၁ သူတော်ကောင်းတစ်ဦး

အခန်း ၁ မွန်ဆီယာ မာရီယယ်လ်

ချားလ်စ်-ဖရန်ဆွာ-ဘျန်ဗနျု မာရီယယ်လ်သည် ၁၈၁၅ ခုနှစ်တွင် ဒိညမြို့၏ ဂိုဏ်းအုပ်ဘုန်းတော်ကြီး ဖြစ်လာခဲ့၏။ သူသည် အသက် ၇၅နှစ်ခန့်ရှိပြီဖြစ်သော အဘိုးအိုတစ်ဦးဖြစ်ပြီး ၁၈၀၆ ခုနှစ်ကတည်းကပင် ဒိညမြို့၏ ဂိုဏ်းအုပ်ဘုန်းတော်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ခြင်း ဖြစ်လေသည်။

ကျွန်ုပ်တို့ ဆက်လက်ပြောပြမည့် အကြောင်းအရာများ၏ အဓိကအနှစ်သာရကို တစ်စုံတစ်ရာ ထိခိုက်စေမည်မဟုတ်သော်လည်း၊ အချက်အလက်တိုင်း တိကျမှန်ကန်စေရန်အလို့ငှာ ဤသာသနာပိုင်နယ်မြေသို့ သူ ရောက်ရှိလာချိန်က သူနှင့်ပတ်သက်၍ ပျံ့နှံ့နေခဲ့သော ကောလာဟလများနှင့် အတင်းအဖျင်းစကားများကို ဤနေရာတွင် ထည့်သွင်းပြောပြသင့်ပေသည်။ မှားသည်ဖြစ်စေ၊ မှန်သည်ဖြစ်စေ လူတစ်ယောက်အကြောင်း ပြောဆိုနေကြသည့် စကားများသည် ထိုသူ၏လုပ်ရပ်များနည်းတူ သူ၏ဘဝ၊ အထူးသဖြင့် သူကြုံတွေ့ရမည့် ကံကြမ္မာအပေါ်တွင် ကြီးမားစွာ လွှမ်းမိုးနေတတ်ပေသည်။ မွန်ဆီယာ မာရီယယ်လ်သည် အက်စ်ပါလီမန်မှ အထက်တန်းလွှာ တရားသူကြီးတစ်ဦး၏ သားဖြစ်၏။ ဖခင်ဖြစ်သူက သူ၏ရာထူးကို သားဖြစ်သူအား ဆက်ခံစေချင်သည့် ရည်ရွယ်ချက်ဖြင့် ထိုခေတ်က ပါလီမန်အမတ်မိသားစုများကြားတွင် ထုံးစံရှိသည့်အတိုင်း သားဖြစ်သူအား အသက် ၁၈နှစ် သို့မဟုတ် ၂၀နှစ်အရွယ် အလွန်ငယ်ရွယ်စဉ်ကပင် အိမ်ထောင်ချပေးခဲ့သည်ဟု ဆို၏။ သို့သော် ထိုအိမ်ထောင်ရေးက ချားလ်စ် မာရီယယ်လ်၏ နာမည်ကြီး လူပြောများနေမှုကို မတားဆီးနိုင်ခဲ့ဟု ဆိုကြလေသည်။ သူသည် အရပ်အနည်းငယ် ပုသော်လည်း သန့်ပြန့်ခန့်ညားသော ရုပ်ရည်ဖြင့် ဆွဲဆောင်မှုရှိကာ ဉာဏ်ရည်ထက်မြက်သူလည်း ဖြစ်၏။ သူ၏ ငယ်ဘဝတစ်လျှောက်လုံးကို အထက်တန်းလွှာ လူ့အသိုင်းအဝိုင်းနှင့် ရှုပ်ထွေးပွေလီသော နှလုံးသားရေးရာကိစ္စများ အကြားတွင်သာ ကြော့ကြော့မော့မော့ဖြင့် ကုန်ဆုံးခဲ့လေသည်။ တော်လှန်ရေးကြီး ပေါ်ပေါက်လာခဲ့သည်တွင် အရာရာသည် လျင်မြန်စွာ ပြောင်းလဲသွားခဲ့၏။ သတ်ဖြတ်၊ နှင်ထုတ်၊ လိုက်လံဖမ်းဆီးခံရမှုများကြောင့် ပါလီမန်မိသားစုများလည်း တစ်ကွဲတစ်ပြားစီ ဖြစ်ကုန်ကြသည်။ တော်လှန်ရေး စတင်သည့် ကနဦးကာလများမှာပင် မွန်ဆီယာ ချားလ်စ် မာရီယယ်လ်သည် အီတလီသို့ ထွက်ပြေးတိမ်းရှောင်ခဲ့လေသည်။ ထိုနေရာတွင်ပင် သူ၏ဇနီးသည် ကာလရှည်ကြာစွာ ခံစားနေခဲ့ရသော အဆုတ် ဝေဒနာဖြင့် ကွယ်လွန်သွားခဲ့လေသည်။ သူတို့တွင် သားထောက် သမီးခံ မရှိခဲ့။ ထို့နောက် မွန်ဆီယာ မာရီယယ်လ် ဘာဆက်ဖြစ်သွားခဲ့ပါသနည်း။ ပြင်သစ်ရှိ ခေတ်ဟောင်းကမ္ဘာကြီး ပြိုလဲသွားခြင်း၊ သူ၏ကိုယ်ပိုင်မိသားစု ပျက်သုဉ်းသွားခြင်း၊ ရပ်ဝေးမှနေ၍ တုန်လှုပ်ခြောက်ခြားဖွယ် စောင့်ကြည့်နေရသည့် ပြည်ပြေးများအတွက် ပို၍ပင် ကြောက်မက်ဖွယ်ကောင်းလှသော ၉၃ ခုနှစ်၏ အဖြစ်ဆိုးကြီး (လူဝီ ၁၆ နှင့် မာရီအွန်တွာနက် အသတ်ခံရမှု) စသည့် အကြောင်းတရားတို့က သူ၏စိတ်ထဲတွင် လောကီအာရုံများကို စွန့်လွှတ်ကာ အထီးကျန်စွာ နေထိုင်လိုစိတ်များကို ဖြစ်ပေါ်စေခဲ့သလော။ သို့မဟုတ်လျှင် အများသူငါ ခံစားခဲ့ရသော ဘဝနှင့် စည်းစိမ်ဥစ္စာများကို ထိခိုက်ပျက်စီးစေသည့် ဘေးအန္တရာယ်များကြား၌ပင်၊ လောကီအာရုံများနှင့် သံယောဇဉ်များကို စံစားရင်း တည်ငြိမ်အေးချမ်းစွာ နေနိုင်သူတစ်ဦးကိုပင် လဲပြိုသွားစေလောက်သော၊ နှလုံးသားကို ပြင်းထန်စွာ လှုပ်ခတ်သွားစေနိုင်သော၊ လျှို့ဝှက်ဆန်းကြယ်ပြီး ဆိုးရွားလှသော ကံကြမ္မာ၏ အလှည့်အပြောင်းတစ်ခုခုကို သူ ရုတ်တရက် ကြုံတွေ့လိုက်ရလေသလော။ မည်သူမျှ တပ်အပ်မပြောနိုင်ခဲ့ပေ။ လူတိုင်း သိထားသည်မှာကား အီတလီမှ ပြန်ရောက်လာချိန်တွင် သူသည် ဘုန်းတော်ကြီးတစ်ပါး ဖြစ်နေခဲ့သည် ဆိုသောအချက်သာ ဖြစ်၏။

၁၈၀၄ ခုနှစ်တွင် မွန်ဆီယာ မာရီယယ်လ်သည် ဘရီညောမြို့၏ သင်းအုပ်ဘုန်းတော်ကြီး ဖြစ်နေခဲ့လေပြီ။ ထိုစဉ်ကပင် သူသည် အသက်အရွယ်ရနေပြီဖြစ်ရကား အလွန်အေးချမ်းတိတ်ဆိတ်စွာ နေထိုင်ခဲ့လေသည်။

ဧကရာဇ်မင်းကြီး နပိုလီယန်၏ ဘိသိက်ခံယူပွဲ ကာလဝန်းကျင်တွင် သူသည် မည်သည့်ကိစ္စမှန်း မည်သူမျှ အတိအကျမမှတ်မိတော့သော သာသနာရေးကိစ္စတစ်ခုအတွက် ပဲရစ်မြို့သို့ သွားရောက်ခဲ့ရလေသည်။ သူ၏ သာသနာ့နယ်သားများအတွက် အကူအညီတောင်းခံခဲ့သည့် ဩဇာလွှမ်းမိုးမှုရှိသူများထဲတွင် နပိုလီယန်၏ ဦးရီးတော် ဖြစ်သော ကာဒီနယ်ရဟန်းအမတ် ဖက်ရှ် လည်းပါဝင်ခဲ့၏။ တစ်နေ့တွင် ထိုရိုသေလေးစားဖွယ် ဆရာတော်သည် ဧည့်ခန်းဆောင်၌ စောင့်ဆိုင်းနေစဉ် ဧကရာဇ်မင်းကြီးသည် သူ၏ဦးလေးတော်စပ်သူထံသို့ အလည်အပတ် ရောက်လာခဲ့လေသည်။ နပိုလီယန်သည် အဆောင်တော်မှ ပြန်အထွက်တွင် ဤအသက်အရွယ်ကြီးရင့်သော လူကြီးက သူ့အား စူးစမ်းချင်စိတ်ဖြင့် ကြည့်နေသည်ကို သတိထားမိသွားသောအခါ လှည့်ကြည့်ပြီး "ငါကိုယ်တော်ကို စိုက်ကြည့်နေတဲ့ ဒီလူသူတော်ကြီးက ဘယ်သူပါလိမ့်" ဟု ရုတ်တရက် မေးလိုက်၏။

"အရှင်မင်းကြီး" ဟု မွန်ဆီယာ မာရီယယ်လ်က ပြန်လည်ဖြေကြားလေသည်။ "အရှင်မင်းကြီးသည် ဤလူသူတော် ကျွန်တော်မျိုးထံ၌ ကောင်းမြတ်ခြင်းကို မြင်တွေ့ရပြီး၊ ကျွန်ုပ်၏ရှေ့မှောက်ရှိ လူထံတွင်မူ ကျွန်ုပ်သည် ကြီးမြတ်ခြင်းကို မြင်တွေ့နေရပါတယ်။ ဤသည်မှာ ကျွန်ုပ်တို့ နှစ်ဦးစလုံးအတွက် မြင့်မြတ်သော အကျိုးကျေးဇူးပါပဲ" ဟု လျှောက်ထားလိုက်လေသည်။

ထိုနေ့ ညနေပိုင်းတွင် ဧကရာဇ်မင်းကြီးသည် ထိုဘုန်းတော်ကြီး၏ အမည်ကို ကာဒီနယ်ထံမှ မေးမြန်းခဲ့ပြီးနောက်၊ အချိန်အနည်းငယ် ကြာသောအခါ မွန်ဆီယာ မာရီယယ်လ်သည် ဒိညမြို့၏ ဂိုဏ်းအုပ်ဘုန်းတော်ကြီးအဖြစ် ခန့်အပ်ခံရကြောင်း သိလိုက်ရသဖြင့် အလွန်အံ့သြသွားခဲ့ရ‌လေသည်။

မည်သို့ပင်ဖြစ်စေ မွန်ဆီယာ မာရီယယ်လ်၏ ငယ်ဘဝဇာတ်ကြောင်းများနှင့် ပတ်သက်၍ ပြောဆိုနေကြသော စကားများတွင် မည်မျှအထိ အမှန်တရား ပါဝင်နေသနည်း ဆိုသည်ကို မည်သူမျှ အတပ် မပြောနိုင်ပေ။ တော်လှန်ရေးမတိုင်မီက မာရီယယ်လ်မိသားစုကို သိကျွမ်းသော မိသားစုမှာ အလွန်နည်းပါးလှသည်။

တွေးတောဆင်ခြင်နိုင်စွမ်း နည်းပါးပြီး ပါးစပ်သရမ်းတတ်သူ ပေါများလှသော မြို့ငယ်လေးတစ်မြို့သို့ ရောက်ရှိလာသူတိုင်း ကြုံတွေ့ရမည့် ကံကြမ္မာကို မွန်ဆီယာ မာရီယယ်လ်သည်လည်း မရှောင်လွှဲနိုင်ခဲ့ပေ။ ဂိုဏ်းအုပ်ဘုန်းတော်ကြီးဖြစ်သော်လည်း ထိုသို့ဖြစ်နေသည့်အတွက်ကြောင့်ပင် ထို အတင်းအဖျင်း ဝေဖန်ချက်များကို ခံစားခဲ့ရသည်ဆိုလျှင် မမှားနိုင်။ သို့ရာတွင် သူနှင့် ပတ်သက်၍ ထွက်ပေါ်နေသော သတင်းများမှာ စင်စစ် ကောလာဟလများ၊ အခြေအမြစ်မရှိသော အတင်းအဖျင်းများ၊ စကားကြွယ်မှုများ၊ အချည်းနှီးစကားလုံးများသာ ဖြစ်ကောင်းဖြစ်နိုင်ပါသည်။ တောင်ပိုင်းဒေသ၏ ကြမ်းတမ်းသော အသုံးအနှုန်းအရပြောရလျှင် စကားလုံးများပင် မဟုတ်ဘဲ အဓိပ္ပာယ်မဲ့ အသံဗလံများသာ ဖြစ်ပေလိမ့်မည်။

မည်သို့ပင်ဖြစ်စေကာမူ မွန်ဆီယာ မာရီယယ်လ်သည် ဒိညမြို့တွင် နေထိုင်ကာ ဂိုဏ်းအုပ်ဘုန်းတော်ကြီးအဖြစ် ၉ နှစ်တိုင်တိုင် တာဝန်ထမ်းဆောင်ခဲ့ပြီးနောက်တွင်မူကား၊ မြို့ငယ်များနှင့် သဘောထားသေးသိမ်သူများအတွက် ပြောစရာအကြောင်းအရာ ဖြစ်စေသော ထိုအတင်းအဖျင်း စကားလုံးများအားလုံးလည်း လုံးဝမေ့ပျောက်ခြင်းသို့ ရောက်ခဲ့ရလေပြီ။ မည်သူကမျှ ထိုအကြောင်းကို ထုတ်ဖော်ပြောဆိုရဲမည် မဟုတ်သလို စိတ်ထဲတွင်ပင် တွေးတောရဲမည် မဟုတ်တော့ပေ။

မွန်ဆီယာ မာရီယယ်လ်သည် ဒိညမြို့သို့ ရောက်ရှိလာချိန်တွင် သူ့ထက် အသက် ၁၀ နှစ်ငယ်သော နှမဖြစ်သူ အပျိုကြီး မဒမ်မွိုင်ဇဲလ် ဘတ္တီစတင်းလည်း အတူပါလာခဲ့၏။

သူတို့၏ တစ်ဦးတည်းသော အိမ်အကူမှာ မဒမ်မွိုင်ဇဲလ် ဘတ္တီစတင်းနှင့် ရွယ်တူဖြစ်သော မဒမ် မဂ်လွားအမည်ရသည့် အမျိုးသမီးဖြစ်၏။ သူသည် ရှေ့ရှေ့က "သင်းအုပ်ဘုန်းတော်ကြီး၏ အစေခံ" ဖြစ်ခဲ့ပြီး၊ ယခုအခါတွင်မူ "မဒမ်မွိုင်ဇဲလ်၏ အစေခံ" နှင့် "ဆရာတော်၏ အိမ်တော်ထိန်း" ဟူသော ရာထူးနှစ်ခုကို ပူးတွဲရရှိခဲ့လေသည်။

မဒမ်မွိုင်ဇဲလ် ဘတ္တီစတင်းသည် အရပ်ရှည်ရှည်၊ အသားဖြူဖျော့ဖျော့နှင့် သေးသွယ်ပြီး သိမ်မွေ့သူဖြစ်သည်။ ကြည်ညိုလေးစားဖွယ်ကောင်းသော အမျိုးသမီးတို့တွင် မိခင်စိတ်ဓာတ်ရှိရမည်ဟု ထင်မှတ်ကြသည့်အတိုင်း သူသည် "လေးစားဖွယ်ကောင်းသော" ဟူသည့် စကားလုံး၏ ပြီးပြည့်စုံသော ပြယုဂ်ပင်။ သူ့ဘဝတွင်မူ တစ်ခါမျှ မလှပခဲ့ဖူးပေ။ ကောင်းမှုကုသိုလ်များကိုသာ အစဥ်တစိုက် ပြုလုပ်လာခဲ့သော သူ၏ ဘဝတစ်သက်တာက သူ့အား တောက်ပသော အကြည်ဓါတ်တစ်မျိုးကို ပေးအပ်ခဲ့သဖြင့် အသက်အရွယ်ရလာသည်နှင့်အမျှ "ကောင်းမြတ်ခြင်း၏ အလှတရား" ဟု ခေါ်ဆိုနိုင်သော တင့်တယ်မှုမျိုးကို သူ ရရှိခဲ့လေသည်။ သူ၏ ငယ်ရွယ်စဉ်က ပိန်ပါးသောခန္ဓာကိုယ်သည် အသက်အရွယ်ရင့်ကျက်လာချိန်တွင် ကြည်လင်မှုအဖြစ်သို့ ပြောင်းလဲသွားပြီး၊ ထိုသို့ ပြောင်းလဲခြင်းက သူ့အား ကောင်းကင်တမန်တစ်ပါးကဲ့သို့သော သွင်ပြင်ကို ပေါ်လွင်စေလေသည်။ သူသည် သာမန်အပျိုစင် အမျိုးသမီးတစ်ဦးထက်၊ သန့်စင်သော ဖြစ်တည်မှု တစ်ခုနှင့် ပိုတူပေသည်။ ရုပ်သွင်ပြင်အရ ကြည့်လျှင် သူ့တွင် လိင်ပိုင်းဆိုင်ရာအရ နှစ်လိုဖွယ်ရာရှိသည့် ခန္ဓာကိုယ်မျိုးမရှိဘဲ အရိပ်ဖြင့်သာ ဖန်တီးထားသကဲ့သို့ ရှိ၏။ အလင်းရောင် အနည်းငယ်သာ ပါဝင်သော သေးငယ်သည့် ဒြပ်ဝတ္ထုလေးတစ်ခုပမာရှိသည့် သူ၏ မျက်လုံးဝိုင်းကြီးများသည် အမြဲတမ်း အောက်သို့သာ စိုက်ကြည့်နေတတ်ပြီး ဝိညာဉ်တစ်ခု ကမ္ဘာမြေပေါ်တွင် ဆက်လက်တည်ရှိနေရန်အတွက် အကြောင်းပြချက်လေးတစ်ခုမျှသာ ဖြစ်ပုံရလေသည်။

မဒမ် မဂ်လွားမှာမူ အမြဲတမ်း အလုပ်ရှုပ်နေတတ်သည့် ခပ်ဝဝ၊ ဆံပင်ဖြူဖြူနှင့် အရပ်ပုပု အဘွားအိုတစ်ဦးဖြစ်ပြီး အလုပ်များခြင်းကြောင့် တစ်ကြောင်း၊ ပန်းနာရင်ကြပ်ရောဂါကြောင့် တစ်ကြောင်း အမြဲတမ်း အမောဆို့နေတတ်၏။

မွန်ဆီယာ မာရီယယ်လ် ရောက်ရှိလာချိန်တွင် ဧကရာဇ်မင်း၏ အမိန့်အရ ဂိုဏ်းအုပ် ဘုန်းတော်ကြီးတစ်ပါးသည် တပ်မဟာမှူးတစ်ဦး၏ အောက်တစ်ဆင့်တွင် ရှိရမည်ဟူသော ဂုဏ်ပြုသတ်မှတ်ချက်များနှင့်အညီ သူ့အား ဂိုဏ်းအုပ်ဆရာတော်၏ စံအိမ်တော်တွင် နေရာချထားပေးခဲ့လေသည်။ မြို့တော်ဝန်နှင့် ဒေသန္တရ တရားသူကြီးချုပ်တို့က သူ့ထံသို့ ဦးစွာ လာရောက်နှုတ်ဆက်ကြပြီး သူကလည်း ဗိုလ်ချုပ်နှင့် ရဲမှူးကြီးထံသို့ အလှည့်ကျ ပြန်လည်နှုတ်ဆက်ရန် သွားရောက်ခဲ့၏။

သူ၏ နေရာထိုင်ခင်း ကိစ္စများ ပြီးစီးသွားသောအခါ ဂိုဏ်းအုပ်ဘုန်းတော်ကြီး ဘာဆက်လုပ်မည်နည်းဆိုသည်ကို တစ်မြို့လုံးက စောင့်ကြည့်နေခဲ့ကြလေသည်။

ဆက်ရန် 

အပတ်စဥ် ကြာဿပတေးနေ့တိုင်း 


Comments

Popular posts from this blog

ဘာသာရေးနှင့် သိပ္ပံပညာ စာအုပ် စတင် ဖြန့်ချိပါပြီ

ဒေါ်အောင်ဆန်းစုကြည် အကြိုက်ဆုံး တော်လှန်ရေး ဝတ္ထုတစ်ပုဒ်

သြဒစ္ဆေ မော်ကွန်း စကားပြေ ၁