မရဏတံခါးစီမံကိန်း - ၁

The Secret of Secrets by Dan Brown 

မရဏတံခါးစီမံကိန်း 

သက်ပိုင်

အခန်း ၁

ကုတင်ဘေး စားပွဲပေါ်ရှိ ဖုန်း၏ နှိုးစက်မှ ထွက်ပေါ်လာသော ဂန္ထဝင် ဂီတသံစဉ် ငြိမ့်ငြိမ့်လေးကြောင့် ရောဘတ် လန်ဒန် တစ်ယောက် နှစ်ခြိုက်စွာ အိပ်ပျော်နေရာမှ နိုးထလာခဲ့သည်။ စန္ဒယား ပညာရှင် ဂရက်၏ ‘မနက်ခင်း ခံစားချက်’ သီချင်းသည် သာမန် သီချင်းတစ်ပုဒ်ဟု ထင်ရသော်လည်း တစ်နေ့တာကို စတင်ရန်အတွက် အကောင်းဆုံးသော ၄ မိနစ်စာ ဂီတသံစဉ် ဖြစ်သည်ဟု လန်ဒန် အမြဲ ယူဆခဲ့၏။ သစ်သား လေမှုတ်တူရိယာသံများ အရှိန်မြင့်တက်လာသည်နှင့်အမျှ လန်ဒန်သည် သူ မည်သည့်နေရာသို့ ရောက်ရှိနေကြောင်း ရုတ်တရက် အမှတ်မရနိုင်သေးသည့် မရေရာမှုလေးကို အရသာခံနေမိလေသည်။

ဪ ဟုတ်သားပဲ” ။ သူ ပြန်သတိရသွားပြီး တစ်ယောက်တည်း ပြုံးလိုက်သည်။ “မျှော်စင်တစ်ရာ မြို့တော်ကိုး”  

မှိန်ဖျဖျ အလင်းရောင်အောက်တွင် လန်ဒန်သည် အခန်း၏ ကြီးမားသော လိပ်ခုံးပုံ ပြတင်းပေါက်ကြီးနှင့် ယင်း၏ ဘေးတစ်ဖက်တစ်ချက်ရှိ ရှေးဟောင်း အက်ဒွပ်ဘုရင်ခေတ် ပုံစံ အဝတ်ဘီရိုနှင့် ကျောက်ဖြူမီးအိမ်တို့ကို လှမ်းကြည့်လိုက်သည်။ ဇိမ်ကျလှသော လက်ရက် ကော်ဇောကြီးပေါ်တွင် ယမန်နေ့ညက ဟိုတယ်ဝန်ထမ်းများ ခင်းကျင်းပေးခဲ့သည့် နှင်းဆီပွင့်ဖတ်များ ပြန့်ကျဲနေဆဲ ဖြစ်၏။

လန်ဒန်သည် ပရာ့ဂ်မြို့သို့ လွန်ခဲ့သော ၃ ရက်က ရောက်ရှိခဲ့ပြီး၊ ယခင် အခေါက်များကဲ့သို့ပင် ‘လေးရာသီ’ ဟိုတယ်၌ပင် တည်းခိုခဲ့လေသည်။ ဟိုတယ်မန်နေဂျာက လန်ဒန်၏ အခန်းကို အိပ်ခန်း ၃ ခန်းပါသော တော်ဝင်အဆင့် အထူးခန်းသို့ အတင်းအကျပ် အဆင့်မြှင့်ပေးခဲ့သောအခါ၊ ၎င်းမှာ သူ၏ သစ္စာရှိမှုကြောင့်လော သို့တည်းမဟုတ် သူနှင့်အတူ ခရီးထွက်လာသည့် အမျိုးသမီး၏ ကျော်ကြားမှုကြောင့်လောဟု သူ တွေးမိခဲ့၏။

ကျွန်တော်တို့ရဲ့ အကျော်ကြားဆုံး ဧည့်သည်တော်တွေဟာ ကျွန်တော်တို့ဆီက အကောင်းဆုံး အခန်းတွေနဲ့ ထိုက်တန်ပါတယ်” ဟု မန်နေဂျာက အခိုင်အမာ ပြော၏။

ထိုအခန်းကြီးတွင် ရေချိုးခန်းတွဲလျက် ပါရှိသော အိပ်ခန်း ၃ ခန်း၊ ဧည့်ခန်းတစ်ခန်း၊ ထမင်းစားခန်း၊ စန္ဒရားကြီးတစ်လုံးနှင့် အမေရိကန် သံရုံးမှ လက်ဆောင်အဖြစ် ပေးပို့ထားသော ဖြူနီပြာ ၃ ရောင်ခြယ် ကျူးလစ်ပန်းစည်းကြီး တင်ထားသော ပင်မပြတင်းပေါက်ကြီးတစ်ခုလည်း ပါလေသည်။ လန်ဒန်၏ သီးသန့် အဝတ်လဲခန်းတွင် ‘RL’ (အာရ် အယ်လ်)ဟူသော အတိုကောက်စာလုံးများ ထိုးထားသည့် သိုးမွှေးဖိနပ်တစ်ရန်ကိုလည်း စီစဉ်ပေးထား၏။ “ဒါ ရက်ဖ်လောရန် တံဆိပ်တော့ မဟုတ်လောက်ဘူး” ဟု ဟိုတည်ဘက်မှ အလိုက်တသိဖြင့် အထူးဂရုစိုက်မှုကို သဘောကျရင်း သူ တွေးလိုက်မိသည်။

ယခုအခါ ကုတင်ပေါ်တွင် ဇိမ်ယူရင်း နှိုးစက်မှ ဂီတသံကို နားထောင်နေစဉ် နူးညံ့သော လက်တစ်ဖက်က သူ၏ ပခုံးအား လာထိသည်ကို ခံစားလိုက်ရ၏။

ရောဘတ်...ဟု နူးညံ့သော အသံလေးတစ်ခုက တိုးတိုးလေး ခေါ်လိုက်သည်။

လန်ဒန်သည် တစ်ဖက်သို့ လှည့်လိုက်ရင်း သူ၏ ရင်ခုန်သံများ မြန်ဆန်လာသည်ကို ခံစားလိုက်ရ၏။ အမျိုးသမီးသည် သူ့အား ပြုံးပြရင်း အနားတွင် ရှိနေသည်။ မီးခိုးရောင်သန်းနေသော အမျိုးသမီး၏ မျက်လုံးများသည် အိပ်ချင်မူးတူး ဖြစ်နေဆဲဖြစ်ပြီး၊ ရှည်လျားနက်မှောင်သော ဆံနွယ်များသည်လည်း ပခုံးထက်တွင် ဝဲကျနေလေသည်။

မောနင်းပါ အလှပဂေးရေ” ဟု သူက ပြန်နှုတ်ဆက်လိုက်သည်။

အမျိုးသမီးက လှမ်း၍ လန်ဒန်၏ ပါးပြင်ကို ပွတ်သပ်လိုက်ရာ အမျိုးသမီး၏ လက်ကောက်ဝတ်၌ ကျန်ရှိနေဆဲ ဖြစ်သော ‘ဘားလာ့ဒ် ဆူဗာ့ဂျ်’ ရေမွှေးနံ့သင်းသင်းလေးကို လန်ဒန် ရှုရှိုက်မိလိုက်၏။

လန်ဒန်သည် အမျိုးသမီး၏ တင့်တယ်လှပသော အသွင်အပြင်များကို ငေးမောနေမိသည်။ လန်ဒန်ထက် အသက် ၄ နှစ် ပိုကြီးသော်လည်း အမျိုးသမီးသည် တစ်ခေါက်တွေ့လိုက်တိုင်း ပို၍ ပို၍ပင် လှပလာသည်ဟု ခံစားရသည်။ ပိုထင်ရှားလာသော ပါးချိုင့်အရေးအကြောင်းလေးများ၊ နက်မှောင်သော ဆံနွယ်ကြားမှ ဖြူစပြုနေသော ဆံစလေးများ၊ ဆော့ကစားတတ်သော မျက်လုံးအကြည့်များနှင့် ညှို့ယူဖမ်းစားနိုင်သော သူ၏ ဉာဏ်ပညာတို့က လန်ဒန့်အား ဆွဲဆောင်နိုင်ခဲ့၏။

လန်ဒန်သည် ဤထူးခြားသော အမျိုးသမီးကို သူ ပရင်စတန်တက္ကသိုလ်တွင် တက်ရောက်စဉ်ကတည်းက သိကျွမ်းခဲ့ခြင်း ဖြစ်သည်။ ထိုစဉ်က အမျိုးသမီးသည် လက်ထောက် ပါမောက္ခအသစ် ဖြစ်ပြီး သူသည်ကား ဘွဲ့ကြိုကျောင်းသား တစ်ဦး အဖြစ်သာ ရှိသေး၏။ လန်ဒန် ကျောင်းသားဘဝက ထိုအမျိုးသမီးအပေါ်ထားရှိခဲ့သော တိတ်တခိုး မေတ္တာကို သူမသိခဲ့သလို၊ သိခဲ့လျှင်လည်း တုံ့ပြန်မှု မရှိခဲ့ပါ။ သို့သော် ထိုအချိန်မှစ၍ သူတို့နှစ်ဦးသည် ခင်မင်ရင်းနှီးသော မိတ်ဆွေများအဖြစ် ရှိနေခဲ့ကြလေသည်။ အမျိုးသမီး၏ အသက်မွေးလုပ်ငန်းသည် မိုးထိအောင် အောင်မြင်ခဲ့ပြီး၊ လန်ဒန်ကိုယ်တိုင်လည်း ကမ္ဘာကျော် ပါမောက္ခတစ်ယောက် ဖြစ်လာသည့်တိုင်အောင် သူတို့နှစ်ဦးသည် အဆက်အသွယ် မပြတ် ရှိနေခဲ့ကြ၏။

အချိန်အခါကောင်းဆိုတာ သိပ်အရေးကြီးတယ်” ဟု လန်ဒန် ယခု နားလည်လိုက်ပြီ ဖြစ်သည်။ ဤရုတ်တရက် ဖြစ်ပေါ်လာသော ခရီးစဉ်အတွင်း သူတို့နှစ်ဦး မည်မျှလျင်မြန်စွာ ချစ်ကျွမ်းဝင်သွားခဲ့ကြသည်ကို တွေးပြီး အံ့သြနေမိဆဲပင်။

‘မနက်ခင်း ခံစားချက်’ သီချင်းသံသည် သံစုံတီးဝိုင်း အပြည့်ဖြင့် တီးခတ်သော နေရာသို့ ရောက်ရှိလာချိန်တွင် လန်ဒန်က သူ့ကို ရင်ခွင်ထဲသို့ ဆွဲသွင်းလိုက်ရာ သူကလည်း လန်ဒန်၏ ရင်ဘတ်ထဲသို့ တိုးဝင်လာလေသည်။ “ကောင်းကောင်း အိပ်ပျော်ရဲ့လားဟု လန်ဒန်က တိုးတိုးလေး မေးလိုက်သည်။ “အိပ်မက်ဆိုးတွေ မမက်တော့ဘူး မဟုတ်လား

အမျိုးသမီးက ခေါင်းခါရင်း သက်ပြင်းချလိုက်သည်။ “ရှက်စရာကြီးကွာ။ တော်တော်ဆိုးတဲ့ အိပ်မက်ပဲ”

ညဉ့်နက်ပိုင်းလောက်က အမျိုးသမီးသည် အလွန်တရာ ရှင်းလင်းပြတ်သားသော အိပ်မက်ဆိုးတစ်ခုကြောင့် ထိတ်လန့်တကြား လန့်နိုးလာခဲ့ရာ သူ ပြန်လည် အိပ်ပျော်နိုင်ရန်အတွက် လန်ဒန်သည် တစ်နာရီနီးပါးခန့်ပင် ချော့မော့ နှစ်သိမ့်ပေးခဲ့ရလေသည်။ ထိုအိပ်မက်၏ ပုံမှန်မဟုတ်သော ပြင်းထန်မှုသည် သူ သောက်ခဲ့သော ဘိုဟီးမီးယား ဒေသထွက် ဆေးအရက်ပြင်းကြောင့် ဖြစ်ကြောင်း လန်ဒန်က ရှင်းပြခဲ့၏။ ထိုအရက်ကို ‘ ပထမ ကမ္ဘာစစ်မတိုင်ခင် ရွှေခေတ်တွင် ထင်ယောင်ထင်မှား ဖြစ်စေသော အာနိသင်ကြောင့် လူကြိုက်များခဲ့သည်’ ဟူသော သတိပေးစာတန်းဖြင့်သာ ရောင်းချသင့်သည်ဟု လန်ဒန်က အမြဲ ယုံကြည်ထားလေသည်။

နောက် ဘယ်တော့မှ မသောက်တော့ဘူး” ဟု အမျိုးသမီးက ကတိပေး၏။

လန်ဒန်လည်း လှမ်း၍ သီချင်းသံကို ပိတ်လိုက်လေသည်။ “မျက်လုံးမှိတ်ထားလိုက်နော်။ မနက်စာ စားချိန်အမီ ကိုယ် ပြန်လာခဲ့မယ်”

ကျွန်မနဲ့ပဲ နေပါလား” ဟု အမျိုးသမီးက သူ့ကို ဖက်ထားရင်း စနောက်လိုက်သည်။ “ရှင် ဒီနေ့တစ်ရက်လောက်တော့ ရေမကူးဘဲ နေလို့ရမှာပါ”

ကိုယ့်ကို ကျစ်လျစ်သန်မာတဲ့ လူငယ်လေးအဖြစ် မင်း ဆက်မြင်ချင်တယ်ဆိုရင်တော့ မဖြစ်ဘူးလေ”။ လန်ဒန်က နှုတ်ခမ်းကို ခပ်တွန့်တွန့် ပြုံးရင်း ထထိုင်လိုက်သည်။ လန်ဒန်သည် မနက်တိုင်း ရေကူးရန်အတွက် စထရာဟော့ဗ် ရေကူးကန်အထိ ၃ ကီလိုမီတာခန့် ဂျော့ဂင်း ပြေးလေ့ရှိ၏။

အပြင်မှာ မှောင်နေသေးတယ်” ဟု အမျိုးသမီးက ဇွတ်ပြောသည်။ “ဒီမှာပဲ ကူးလို့ မရဘူးလားလို့

ဟိုတယ်က ရေကူးကန်မှာလား

အင်းလေ၊ ရေချင်း အတူတူပဲဟာ”

အဲဒါက သေးသေးလေးလေ။ နှစ်ချက်လောက် ယက်လိုက်ရင်ကို တစ်ဖက်ကမ်း ရောက်နေပြီ”

အဲဒီ စကားက တွေးစရာကြီးနော် ရောဘတ်... ဒါပေမဲ့ ကျွန်မက သဘောကောင်းတဲ့သူဆိုတော့ ဒီတစ်ခါတော့ သက်ညှာပေးလိုက်ပါမယ်”

လန်ဒန် ပြုံးလိုက်သည်။ “တော်တော်နောက်တဲ့ ကောင်မလေး။ ပြန်အိပ်လိုက်အုံး၊ မနက်စာစားချိန်မှ ပြန်တွေ့မယ်နော်”

အမျိုးသမီးသည် နှုတ်ခမ်းဆူရင်း သူ့ကို ခေါင်းအုံးနှင့် ပစ်ပေါက်ကာ တစ်ဖက်သို့ လှည့်သွားလေတော့သည်။

လန်ဒန်သည် သူ၏ ဟားဗတ်တက္ကသိုလ်ထုတ် အားကစား ဝတ်စုံကို ဝတ်ဆင်လိုက်ပြီး တံခါးပေါက်ဆီသို့ ဦးတည်လိုက်၏။ အခန်းတွင်းရှိ ကျဉ်းမြောင်းသော သီးသန့် ဓာတ်လှေကားကို မသုံးတော့ဘဲ လှေကားအတိုင်း ဆင်းရန် ဆုံးဖြတ်လိုက်လေသည်။

အောက်ထပ်သို့ ရောက်သောအခါ ဟိုတယ်၏ ဘာရော့ခ်ခေတ်ဟန် မြစ်ကမ်းနား အဆောင်နှင့် အဆောက်အအုံ၏ ဧည့်ခန်းမဆောင်တို့ကို ဆက်သွယ်ထားသော လှပခမ်းနားသည့် စင်္ကြံလမ်းအတိုင်း လျှောက်လာခဲ့၏။ လမ်းတွင် ‘ပရာ့ဂ်မြို့  အစီအစဥ်များ’ ဟု အမည်တပ်ထားသော ဆိုင်းဘုတ်တစ်ခုကို ဖြတ်ကျော်လာခဲ့ရာ ယခုအပတ်အတွက် ဂီတပွဲများ၊ ခရီးသွားအစီအစဉ်များနှင့် ဟောပြောပွဲများကို ကြေညာထားသည့် ဘောင်ခတ်ထားသော ပိုစတာများကို တွေ့လိုက်ရလေသည်။

အလယ်တည့်တည့်ရှိ တောက်ပြောင်နေသော ပိုစတာကြောင့် သူ ပြုံးမိသွား၏။

ချားလ်စ် တက္ကသိုလ် ဟောပြောပွဲ အစီအစဉ်

ပရာ့ဂ်ရဲတိုက်ကြီးမှ ကြိုဆိုပါ၏

နိုင်ငံတကာ အသိအမှတ်ပြု

စိတ်စွမ်းအင်ဆိုင်ရာ သိပ္ပံပညာရှင်

ဒေါက်တာ ကက်သရင်း ‌ဆော်လမွန်

သူ အပေါ်ထပ်တွင် နမ်းခဲ့သော အမျိုးသမီး၏ ဓာတ်ပုံကို ငေးကြည့်ရင်း မောနင်းပါ အလှပဂေးရေ” ဟု ရေရွတ်လိုက်သည်။

ယမန်နေ့ညက ကက်သရင်း၏ ဟောပြောပွဲတွင် လူများ ပြည့်ကျပ်နေခဲ့၏။ ပရာ့ဂ် ရဲတိုက်ကြီး၏ ဂန္ထဝင်မြောက်သော ဗလာဒီဆလပ်ဗ် ခန်းမကြီးတွင် ဟောပြောခဲ့ခြင်း ဖြစ်သဖြင့် ၎င်းမှာ သာမန်ကိစ္စတော့ မဟုတ်ပေ။ ထိုခန်းမသည် အင်မတန် ကျယ်ဝန်းပြီး လိပ်ခုံးပုံ အမိုးများ ရှိကာ ရီနေဆွန်းခေတ်ကာလများ၌ သူရဲကောင်းများသည် မြင်းများနှင့်အတူ ချပ်ဝတ်တန်ဆာပြည့် ဝတ်ဆင်ပြီး တိုက်ခိုက်ရေး ပြိုင်ပွဲများ ကျင်းပခဲ့သည့် နေရာဖြစ်သည်။

ဤ ဟောပြောပွဲ အစီအစဉ်သည် ဥရောပ၏ လေးစားအခံရဆုံး ကြီးကျယ်ခမ်းနားသည့် ပွဲတစ်ခုဖြစ်ပြီး ကမ္ဘာတစ်ဝှမ်းမှ ထင်ရှားသော ဟောပြောသူများနှင့် စိတ်အားထက်သန်နေသော ပရိသတ်များကို အမြဲ ဆွဲဆောင်နိုင်ခဲ့လေသည်။ ယမန်နေ့ညသည်လည်း ထူးမခြားနားပင် ဖြစ်ပြီး ကက်သရင်းကို မိတ်ဆက်ပေးလိုက်ချိန်တွင် ခန်းမတစ်ခုလုံး လက်ခုပ်သံများဖြင့် ပဲ့တင်ထပ်သွား၏။

အားလုံးပဲ ကျေးဇူးတင်ပါတယ်ရှင်” ဟု ကက်သရင်းက ယုံကြည်မှုအပြည့် တည်တည်ငြိမ်ငြိမ်ဖြင့် စင်မြင့်ပေါ်တွင် နေရာယူကာ ပြောလိုက်သည်။ သူသည် အဖြူရောင် ကက်ရှ်မီးယား ဆွယ်တာအင်္ကျီနှင့် သူနှင့် အလွန်လိုက်ဖက်သော ဒီဇိုင်နာချုပ် ဘောင်းဘီရှည်ကို ဝတ်ဆင်ထားလေသည်။ “ကျွန်မကို နေ့တိုင်းနီးပါး အမေးခံရတဲ့ မေးခွန်းတစ်ခုကို ဖြေရင်းနဲ့ ဒီညလေးကို စတင်ချင်ပါတယ်” ။ သူက ပြုံးရင်း မိုက်ခရိုဖုန်းကို စင်ပေါ်မှ ဖြုတ်ယူလိုက်သည်။ “စိတ်စွမ်းအင်ဆိုင်ရာ သိပ္ပံပညာရှင်ဆိုတာ ဘာကြီးတုံး ဆိုတဲ့ မေးခွန်းပေါ့ရှင်

ရယ်မောသံတို့က လှိုင်းကြီးတစ်ခုအသွင်ဖြင့် ခန်းမထဲသို့ လှုပ်ရှားလူးလွန့်ကာ ဖြတ်သန်းသွားသည်။ ပရိသတ်များကလည်း ပွဲခင်းအတွင်း သက်တောင့်သက်သာ နေရာယူထားကြလေသည်။

ရှင်းရှင်း ပြောရရင်တော့” ဟု ကက်သရင်းက စတင်လိုက်၏။ “စိတ်စွမ်းအင်ဆိုင်ရာ သိပ္ပံပညာဆိုတာ လူသားတွေရဲ့ သိစိတ်ကို လေ့လာတဲ့ ပညာရပ်ပါပဲ။ လူအများ ယုံကြည်ထားတာနဲ့ ဆန့်ကျင်ဘက် ဖြစ်နေတာကတော့ သိစိတ်ဆိုင်ရာ သုတေသနဆိုတာ သိပ္ပံပညာရပ် အသစ်အဆန်း တစ်ခု မဟုတ်ပါဘူး... တကယ်တော့ ဒါဟာ ကမ္ဘာမြေပေါ်မှာ ရှေးအကျဆုံး သိပ္ပံပညာရပ် ဖြစ်ပါတယ်။ သမိုင်းဦးကာလကတည်းက ကျွန်မတို့ဟာ လူ့စိတ်ရဲ့ တည်မြဲနေတဲ့ လျှို့ဝှက်ဆန်းကြယ်မှုတွေ၊ သိစိတ်နဲ့ ဝိညာဉ်တို့ရဲ့ သဘောသဘာဝ အဖြေတွေကို ရှာဖွေခဲ့ကြပါတယ်။ ပြီးတော့ ရာစုနှစ်ပေါင်းများစွာ ကြာအောင် ကျွန်မတို့ဟာ ဒီမေးခွန်းတွေကို ဘာသာတရား ဆိုတဲ့ ရှုထောင့်ကနေ အဓိကထား လေ့လာခဲ့ကြပါတယ်”

ကက်သရင်းသည် စင်မြင့်ပေါ်မှ ဆင်းလာပြီး ရှေ့ဆုံးတန်းမှ ပရိသတ်များဆီသို့ လျှောက်လာခဲ့၏။ “ဘာသာတရားအကြောင်း ပြောမယ်ဆိုရင်...လူကြီးမင်းတို့ရှင်၊ ဒီည ပရိသတ်တွေထဲမှာ ကျွန်မတို့နဲ့အတူ ကမ္ဘာကျော် ဘာသာရေး သင်္ကေတဗေဒ ပညာရှင် ပါမောက္ခ ရောဘတ် လန်ဒန်လဲ ရှိနေတာကို သတိမပြုမိဘဲ မနေနိုင်ပါဘူး”

လူအုပ်ကြီးထဲမှ စိတ်လှုပ်ရှားသည့် အသံများကို လန်ဒန် ကြားလိုက်ရသည်။ "သူ ဘာတွေလုပ်နေတာပါလိမ့်"

ပါမောက္ခကြီးရှင်” ဟု ကတ်သရင်းက ပြုံးလျက် သူ၏ ရှေ့တည့်တည့်သို့ ရောက်လာပြီး ပြောလိုက်သည်။ “ရှင်ရဲ့ ကျွမ်းကျင်မှုကို ခဏလောက် အသုံးပြုခွင့် ရမလားလို့ တွေးမိလို့ပါ။ ကျေးဇူးပြုပြီး မတ်တပ်ရပ်ပေးလို့ ရမလားရှင်

လန်ဒန်လည်း ယဉ်ကျေးစွာဖြင့် မတ်တပ်ရပ်လိုက်ပြီး ‘တွေ့ကြသေးတာပေါ့’ ဟူသော အပြုံးမျိုးဖြင့် သူ့အား တိတ်တဆိတ် ပြုံးပြလိုက်၏။

ကျွန်မ သိချင်လို့ပါ ပါမောက္ခကြီးရှင့်... ကမ္ဘာပေါ်မှာ အတွေ့ရအများဆုံး ဘာသာရေး သင်္ကေတက ဘာများဖြစ်မလဲရှင်

အဖြေက ရိုးရိုးပင် ဖြစ်ပါသည်။ ကက်သရင်းသည် ဤခေါင်းစဉ်နှင့် ပတ်သက်ပြီး လန်ဒန် ရေးသားထားသော ဆောင်းပါးကို ဖတ်ဖူးပြီး ဘယ်လိုအဖြေမျိုးလာမည်ဆိုသည်ကို ကြိုသိနေတာ ဖြစ်နိုင်သလို၊ သိပ်မကြာခင်မှာ သူ စိတ်ပျက်သွားတာလည်း ဖြစ်နိုင်ပါသည်။

လန်ဒန်သည် မိုက်ခရိုဖုန်းကို ယူလိုက်ပြီး ရှေးဟောင်း သံကြိုးများဖြင့် ဆွဲထားသော မီးဆိုင်းကြီးများ၏ မှုန်ပြပြ လင်းနေသည့် အလင်းရောင်အောက်တွင် စိတ်အားထက်သန်နေပုံရသော မျက်နှာများဘက်သို့ လှည့်လိုက်သည်။ “အားလုံးပဲ မင်္ဂလာညချမ်းပါ ခင်ဗျာ” ဟူသော သူ၏ နက်ရှိုင်းသည့် အသံဩဇာကြီးသည် အသံချဲ့စက်များမှတဆင့် ဟိန်းထွက်သွား၏။ “ပြီးတော့ ဘာအချက်ပြမှုမှ မပေးဘဲ ကျွန်တော့်ကို အခုလို အကြပ်ရိုက်အောင် လုပ်တဲ့အတွက် ဒေါက်တာ ‌ဆော်လမွန်ကိုလဲ ကျေးဇူးတင်ပါတယ်”

ပရိသတ်များက လက်ခုပ်တီးကြသည်။

ကဲ ဒါဆိုရင်” ဟု သူက ပြောလိုက်၏။ “ကမ္ဘာမှာ အတွေ့ရအများဆုံး ဘာသာရေး သင်္ကေတတဲ့လား... ဘယ်သူ ခန့်မှန်းကြည့်ချင်လဲ ခင်ဗျာ

လက်ပေါင်း တစ်ဒါဇင်ခန့် ထောင်လာကြ၏။

ကောင်းပါပြီ” ဟု လန်ဒန်က ပြောသည်။ “လက်ဝါးကပ်တိုင် မဟုတ်တဲ့ အခြားအဖြေ ခန့်မှန်းချင်သူများ ရှိသလားခင်ဗျာ

ထောင်ထားသော လက်များ အားလုံး ပြန်ကျသွားလေသည်။

လန်ဒန်က ရယ်မောလိုက်သည်။ “လက်ဝါးကပ်တိုင်က အလွန်တရာ အတွေ့ရများတယ် ဆိုတာ မှန်ပါတယ်။ ဒါပေမဲ့ အဲဒါက ခရစ်ယာန်ဘာသာ တစ်ခုတည်းမှာပဲ သုံးတဲ့ သင်္ကေတပါ။ တကယ်တော့ သမိုင်းတစ်လျှောက် ဘာသာတရားတိုင်းရဲ့ အနုပညာလက်ရာတွေမှာ အမြဲပါဝင်တတ်တဲ့ သင်္ကေတ တစ်ခု ရှိပါတယ်”

ပရိသတ်များသည် နားမလည်နိုင်သော အကြည့်များဖြင့် အချင်းချင်း ကြည့်လိုက်ကြလေသည်။

ခင်ဗျားတို့ အားလုံးလဲ အဲဒါကို အကြိမ်ပေါင်းများစွာ မြင်ဖူးကြမှာပါ” ။ လန်ဒန်က စကားလမ်းကြောင်းပေးလိုက်သည်။ “အီဂျစ်က ဟော်ရက်တီ ကျောက်စာတိုင်မှာများ တွေ့ဖူးကြသလား

သူ ခေတ္တ ရပ်လိုက်သည်။

ဗုဒ္ဓဘာသာက ကာနီရှကာ ဓာတ်တော်ကြုတ် ဒါမှမဟုတ် နာမည်ကျော် ‘အရာအားလုံးကို အုပ်ချုပ်တော်မူသော ခရစ်တော်’ ပန်းချီကားမှာရော

တိတ်ဆိတ်ငြိမ်သက်ဆဲဖြစ်၏။ အားလုံးက သူ့အား စိုက်ကြည့်နေလေသည်။

သွားပြီဟေ့” ဟု လန်ဒန် တွေးလိုက်သည်။ “တစ်ခန်းလုံး သိပ္ပံသမားတွေချည်းပဲဟ”

ဒါ့အပြင် နာမည်အကြီးဆုံး ရီနေဆွန်း ပန်းချီကား ရာပေါင်းများစွာမှာလဲ အဲဒီ သင်္ကေတ ပါဝင်နေပါတယ်။ လီယိုနာဒို ဒါဗင်ချီရဲ့ ဒုတိယမြောက် ‘ကျောက်ဆောင်ပေါ်က အပျိုစင်’ ၊ ဖရာ အိန်ဂျယ်လီကိုရဲ့ ‘ခရစ်တော် သန္ဓေတည်ခြင်း ကြေညာချက်’ ၊ ဂျီယိုတိုရဲ့ ‘ဝမ်းနည်းပူဆွေးခြင်း’ ၊ တိုက်တန်ရဲ့ ‘ခရစ်တော်အား ဖျားယောင်းခြင်း’ နဲ့ မယ်တော်မာရိနဲ့ ခရစ်တော်ပုံ အများအပြားမှာ‌ရော...

ဘာသံမှ ထွက်မလာသေးပေ။

ကျွန်တော် ရည်ညွှန်းနေတဲ့ သင်္ကေတကတော့” ဟု သူက ပြောလိုက်သည်။ “ရောင်ခြည်စက်ဝန်းပဲ ဖြစ်ပါတယ်”

ကက်သရင်းက ပြုံးလိုက်သည်။ ဒါက လန်ဒန်၏ အဖြေဖြစ်မည်ကို သူ သိထားပုံရ၏။

ရောင်ခြည်စက်ဝန်း ဆိုတာ” ဟု လန်ဒန်က ဆက်ပြောလေသည်။ “ဉာဏ်အလင်းရသူ တစ်ဦးရဲ့ ဦးခေါင်းထက်မှာ ပေါ်လာလေ့ရှိတဲ့ အလင်းရောင် စက်ဝိုင်းပြား ဖြစ်ပါတယ်။ ခရစ်ယာန်ဘာသာမှာ ယေရှု၊ မယ်တော်မာရိနဲ့ သူတော်စင်တွေရဲ့ အပေါ်မှာ ရောင်ခြည်စက်ဝန်းတွေ ဝဲပျံနေပါတယ်။ နောက်ပြန်ကြည့်မယ်ဆိုရင် ရှေးခေတ် အီဂျစ်ဘုရား ‘ရာ’ ရဲ့ အပေါ်မှာ နေမင်းစက်ဝန်း ရှိနေသလို၊ အရှေ့တိုင်း ဘာသာတရားတွေမှာဆိုရင်လဲ ဗုဒ္ဓဘုရားရှင်နဲ့ ဟိန္ဒူ ဘုရားတွေရဲ့ အပေါ်မှာ ရောင်ခြည်စက်ဝန်းတွေ ပါရှိပါတယ်”

အရမ်းကောင်းပါတယ်၊ ကျေးဇူးတင်ပါတယ် ပါမောက္ခကြီးရှင့်” ဟု ကက်သရင်းက မိုက်ခရိုဖုန်းကို လှမ်းယူရင်း ပြောလိုက်သော်လည်း လန်ဒန်သည် သူ့အား လစ်လျူရှုပြီးလျှင် နောက်ပြောင်သည့် သဘောဖြင့် ကိုယ်ကို လှည့်လိုက်၏။ "သမိုင်းပညာရှင် တစ်ယောက်ကို မေးခွန်းမေးပြီးရင် အဖြေအပြည့်အစုံ မရမချင်း စကားဖြတ်ဖို့ မကြိုးစားရဘူးဗျ"

ကျွန်တော် ဖြည့်စွက် ပြောချင်တာကတော့...” ။ ပရိသတ်များ သဘောကျပြီး ရယ်မောနေစဉ် လန်ဒန်က ပြောလိုက်ပြန်သည်။ “ရောင်ခြည်စက်ဝန်းတွေဟာ ပုံသဏ္ဌာန်၊ အရွယ်အစားနဲ့ အနုပညာ သရုပ်ဖော်မှု ပုံစံမျိုးစုံ ရှိတတ်ပါတယ်။ တချို့က ရွှေရောင် အပြားလိုက်၊ တချို့က အကြည်ရောင်၊ တချို့ဆို လေးထောင့်ပုံစံတောင် ရှိတတ်ပါတယ်။ ရှေးဟောင်း ဂျူးကျမ်းစာတွေမှာ မောရှေရဲ့ ဦးခေါင်းကို 'ဟီလာ' နဲ့ ဝန်းရံထားတယ်လို့ ဖော်ပြထားပါတယ်။ ဟီဘရူး ဘာသာစကားအရ '‌‌ရောင်ခြည်စက်ဝန်း' သို့မဟုတ် 'အလင်းရောင် ထုတ်လွှတ်ခြင်း' လို့ အဓိပ္ပာယ်ရပါတယ်။ တချို့သော ထူးခြားတဲ့ ရောင်ခြည်စက်ဝန်း ပုံစံတွေမှာဆိုရင် အလင်းတန်းတွေတောင် ဖြာထွက်နေတတ်တယ်... အရပ်မျက်နှာ အားလုံးဆီကို ဖြာထွက်နေတဲ့ တောက်ပသော ဆူးချွန်များ ပုံစံမျိုးနဲ့ပေါ့”

လန်ဒန်သည် ကက်သရင်းဘက်သို့ လှည့်ပြီး မခို့တရို့ အပြုံးဖြင့် ကြည့်လိုက်၏။ “ဒီလို ရောင်ခြည်စက်ဝန်း အမျိုးအစားကို ဘယ်လိုခေါ်လဲဆိုတာ ဒေါက်တာ ‌ဆော်လမွန် သိများ သိမလား ခင်ဗျာဟုဆိုပြီးလျှင် လန်ဒန်သည် သူ့ဘက်သို့ မိုက်ခရိုဖုန်း ထိုးပေးလိုက်ပါတော့သည်။

ရောင်ခြည်စက်ဝန်း သရဖူ မဟုတ်လားရှင့်ဟု သူက ချက်ချင်း ပြန်ဖြေလိုက်သည်။

စာတော့ ကြိုဖတ်လာသားပဲ” ဟု တွေးရင် လန်ဒန်က မိုက်ခရိုဖုန်းကို နှုတ်ခမ်းနား ပြန်တေ့လိုက်၏။ “ဟုတ်ပါတယ်၊ ရောင်ခြည်စက်ဝန်း သရဖူ ဆိုတာ အထူးအရေးပါတဲ့ သင်္ကေတ တစ်ခုပါ။ သမိုင်းတစ်လျှောက်မှာ ဟိုးရပ်စ်၊ ဟီလီယို့စ်၊ တော်လမီ၊ ဆီဇာနဲ့ ... ရုဒ်ကျွန်းက ဧရာမ ရုပ်တုကြီးရဲ့ ဦးခေါင်းတွေမှာပါ ဆင်မြန်းထားတာ တွေ့ရပါတယ်”

လန်ဒန်သည် ပရိသတ်ကို လျှို့ဝှက်ချက် တစ်ခုပြောပြတော့မည့် အပြုံးဖြင့် ကြည့်လိုက်လေသည်။ “လူသိနည်းတဲ့ အချက်ကတော့... နယူးယောက်မြို့ကြီးက ဓာတ်ပုံအရိုက်ခံရဆုံး အရာဝတ္ထုကြီးဟာလဲပဲ... ရောင်ခြည်စက်ဝန်း သရဖူ ဖြစ်နေတယ်ဆိုတာပါပဲ”

ကက်သရင်း အပါအဝင် ပရိတ်သတ်အားလုံး နားမလည်နိုင် ဖြစ်သွားကြ၏။

ခန့်မှန်းချင်သူများ ရှိပါသလားဟု သူက မေးသည်။ “နယူးယောက် ဆိပ်ကမ်းရဲ့ ပေ ၃၀၀ အမြင့်မှာ ပျံဝဲနေတဲ့ ရောင်ခြည်စက်ဝန်း သရဖူကို ခင်ဗျားတို့ထဲက ဘယ်သူမှ ဓာတ်ပုံမရိုက်ဖူးကြဘူးလား ။ ပရိသတ်ထဲမှ သဘောပေါက်သွားသူများ၏ တီးတိုးရေရွတ်သံများ ထွက်ပေါ်လာသည်ကို လန်ဒန် စောင့်နေလိုက်သည်။

လွတ်လပ်ရေး ရုပ်တုကြီးဟု တစ်စုံတစ်ယောက်က လှမ်းအော်ပြောလိုက်၏။

အတိအကျပါပဲဗျာ” ။ လန်ဒန်က ပြောသည်။ “လွတ်လပ်ရေး ရုပ်တုကြီးဟာ ရောင်ခြည်စက်ဝန်း သရဖူကို ဆောင်းထားပါတယ်... ဒါဟာ ရှေးဟောင်း ရောင်ခြည်စက်ဝန်းပုံစံ တစ်မျိုးပါပဲ။ ဘုရားပေးတဲ့ ဉာဏ်အလင်းရသူတွေ ဒါမှမဟုတ် အဆင့်မြင့်မားတဲ့ သိစိတ်ပိုင်ဆိုင်သူတွေလို့ ကျွန်တော်တို့ ယုံကြည်ရတဲ့ ပုဂ္ဂိုလ်ထူးတွေကို ခွဲခြားသတ်မှတ်ဖို့ သမိုင်းတစ်လျှောက် ကျွန်တော်တို့ အသုံးပြုခဲ့တဲ့ သင်္ကေတပဲ ဖြစ်ပါတယ်”

လန်ဒန်က ကက်သရင်းအား မိုက်ခရိုဖုန်း ပြန်ပေးလိုက်သောအခါ ကတ်သရင်းမှာ ပြုံးနေလေသည်။ လက်ခုပ်သံများကြားတွင် သူ ထိုင်ခုံသို့ ပြန်သွားစဉ် ကတ်သရင်းက "ကျေးဇူး‌‌နော်" ဟု လှမ်း၍ နှုတ်ခမ်းလှုပ်ရုံ ပြောလိုက်၏။

ကက်သရင်း စင်ပေါ်သို့ ပြန်လျှောက်သွားလေသည်။ “ပါမောက္ခ လန်ဒန် အခုလေးတင် ရှင်းရှင်းလင်းလင်း ပြောပြသွားသလိုပါပဲ၊ လူသားတွေဟာ သိစိတ်ဆိုတဲ့ အရာကို စဉ်းစားလာခဲ့ကြတာ ကြာပါပြီ။ ဒါပေမဲ့ အခုလို ခေတ်မီ သိပ္ပံပညာတွေ တိုးတက်လာတဲ့ အချိန်မှာတောင် ကျွန်မတို့ဟာ ဒါကို အဓိပ္ပာယ်ဖွင့်ဆိုဖို့ ခက်ခဲနေတုန်းပါပဲ။ တကယ်တော့ သိပ္ပံပညာရှင် အတော်များများက သိစိတ် အကြောင်း ဆွေးနွေးဖို့တောင် ကြောက်ရွံ့နေကြပါတယ်”။ ကက်သရင်းသည် ဘေးဘီကို ဝေ့ကြည့်လိုက်ပြီး လေသံတိုးတိုးဖြင့် ပြောလိုက်၏။ “သူတို့က အဲဒါကို ကြောက်လွန်းလို့ ‘စီ-စကားလုံး’ လို့ပဲ ခေါ်ကြတယ်”

ခန်းမထဲတွင် ရယ်သံများ ထပ်မံ ထွက်ပေါ်လာသည်။

ကက်သရင်းက ရှေ့ဆုံးတန်းမှ မျက်မှန်တပ်ထားသော အမျိုးသမီးတစ်ဦးကို ခေါင်းညိတ်ပြလိုက်သည်။ “မဒမ်... ရှင်ကရော သိစိတ်ကို ဘယ်လို အဓိပ္ပာယ် ဖွင့်ဆိုချင်ပါသလဲရှင်

ထိုအမျိုးသမီးက ခဏမျှ စဉ်းစားလိုက်သည်။ “ကျွန်မ ထင်တာကတော့... ကျွန်မရဲ့ ကိုယ်ပိုင် ဖြစ်တည်မှုကို သတိပြုမိခြင်းပေါ့

သေချာတာပေါ့ရှင်” ဟု ကက်သရင်းက ပြော၏။ “အဲဒီ သတိပြုမိခြင်း ဆိုတာက ဘယ်က လာတာများလဲရှင်

ကျွန်မရဲ့ ဦးနှောက်က ထင်ပါတယ်” ဟု အမျိုးသမီးက ပြောလေသည်။ “ကျွန်မရဲ့ အတွေးတွေ၊ အကြံဉာဏ်တွေ၊ စိတ်ကူးစိတ်သန်းတွေ... ကျွန်မကို ကျွန်မရယ်လို့ ဖြစ်လာစေတဲ့ ဦးနှောက်ရဲ့ လုပ်ဆောင်ချက်တွေပေါ့”

အရမ်း ကောင်းပါတယ်ရှင်၊ ကျေးဇူးတင်ပါတယ်” ။ ကက်သရင်းသည် ပရိသတ်ဘက်သို့ ပြန်လှည့်လိုက်၏။ “ဒါဆိုရင် အားလုံးပဲ အခြေခံအချက်ကို သဘောတူလို့ ရမလား။ သိစိတ် ဆိုတာ ရှင်တို့ရဲ့ ဦးနှောက်... ဦးခေါင်းခွံထဲမှာရှိတဲ့ နျူရွန်ကလာပ်စည်းပေါင်း ၈၆ ဘီလီယံ ပါဝင်ပြီး ၃ ပေါင်လေးတဲ့ ဦးနှောက်အထုပ်ကြီးကနေ ဖန်တီးပေးတာ ဖြစ်တယ်။ ဒါကြောင့် သိစိတ် ဆိုတာ ကျွန်မတို့ရဲ့ ခေါင်းထဲမှာပဲ ရှိတယ်ပေါ့”

အားလုံးက ခေါင်းညိတ်လိုက်ကြသည်။

ကောင်းပါပြီ” ဟု ကက်သရင်းက ဆက်ပြောလေသည်။ “လက်ရှိ လက်ခံထားကြတဲ့ လူသားရဲ့ သိစိတ်ဆိုင်ရာ ပုံစံကို ကျွန်မတို့အားလုံး သဘောတူလိုက်ကြပါပြီ” ။ ခဏမျှ ရပ်တန့်ပြီးနောက် သူက သက်ပြင်းချလိုက်၏။ “ပြဿနာကတော့ရှင်... လက်ရှိ လက်ခံထားကြတဲ့ ပုံစံက လုံးဝ အမှားကြီး ဖြစ်နေတာပါပဲ။ ရှင်တို့ရဲ့ သိစိတ်ဟာ ရှင်တို့ရဲ့ ဦးနှောက်ကနေ ဖန်တီးပေးတာ မဟုတ်ပါဘူး။ ပြီးတော့ တကယ်တမ်းမှာ ရှင်တို့ရဲ့ သိစိတ်ဟာ ရှင်တို့ခေါင်းထဲမှာတောင် ရှိမနေပါဘူးတဲ့ရှင်”

အံ့သြမှင်သက်သွားသော တိတ်ဆိတ်မှုကြီးက လွှမ်းမိုးသွားလေသည်။

ရှေ့ဆုံးတန်းမှ မျက်မှန်နှင့် အမျိုးသမီးက “ဒါပေမဲ့... တကယ်လို့ ကျွန်မရဲ့ သိစိတ်က ခေါင်းထဲမှာ မရှိဘူးဆိုရင်... ဘယ်မှာ ရှိနေတာလဲ ဟု မေးလိုက်၏။

ရှင် အဲဒီလို မေးလိုက်လို့ ကျွန်မ အရမ်းဝမ်းသာသွားပြီ” ။ ကက်သရင်းသည် စုဝေးနေသော လူအုပ်ကြီးကို ပြုံးပြရင်း ပြောလိုက်၏။ “ကဲ... အားလုံးပဲ အသင့်ပြင်ထားကြပါ။ ဒီညအတွက် စိတ်လှုပ်ရှားစရာ ကောင်းတာတွေ လာပါတော့မယ်”

တကယ့် ရော့ခ်စတားပဲဟေ့။ ကက်သရင်းအား ချီးကျူးဂုဏ်ပြုရန်အတွက် မတ်တပ်ရပ်ကာ တီးခတ်လိုက်ကြသော လက်ခုပ်တီးသံများ၏ ပဲ့တင်သံကို ကြားယောင်ရင်း၊ ဟိုတယ် ဧည့်ခန်းမဆောင်ဆီသို့ လျှောက်လာကာ လန်ဒန် တွေးလိုက်မိသည်။ သူ၏ တင်ဆက်မှုသည် ပရိသတ်ကို အံ့အားသင့်စေပြီး နောက်ထပ် သိချင်စိတ်များ တဖွားဖွား ဖြစ်ပေါ်စေခဲ့သည့် ပြောင်မြောက်သော စွမ်းဆောင်ရည် တစ်ခုပင် ဖြစ်လေသည်။ သူ၏ လက်ရှိ အလုပ်အကြောင်း ပရိတ်သတ်တစ်ဦးက မေးမြန်းသောအခါ လက်ရှိတွင် ‘သိစိတ်ဆိုင်ရာ စံနမူနာ’ကို ပြန်လည် အဓိပ္ပာယ်ဖွင့်ဆိုနိုင်လိမ့်မည်ဟု သူ မျှော်လင့်ထားသော စာအုပ်တစ်အုပ်ကို အချောသတ် ရေးသားနေပြီ ဖြစ်ကြောင်း ကက်သရင်းက ထုတ်ဖော် ပြောကြားခဲ့၏။

ကက်သရင်း စာအုပ်ထုတ်ဝေခွင့် ရရှိအောင် လန်ဒန်ကိုယ်တိုင် ကူညီပေးခဲ့သော်လည်း သူကိုယ်တိုင်ပင် ကတ်သရင်း၏ လက်ရေးမူကို မဖတ်ရသေးပါ။ လန်ဒန်အား စိတ်ဝင်စားပြီး ဖတ်ချင်စိတ်ဖြစ်လာအောင် အကြောင်းအရာ အတော်များများကို ကတ်သရင်းက ပြောပြထားသော်လည်း ထိတ်လန့်စရာ အကောင်းဆုံးသော ဖွင့်ဟချက်များကိုတော့ ကတ်သရင်း သိမ်းဆည်းထားကြောင်း သူ အာရုံခံမိလေသည်။ “ကက်သရင်း ‌ဆော်လမွန်ဆိုတာ အံ့သြစရာတွေနဲ့ချည်းပဲ ပြည့်နှက်နေတဲ့သူ မဟုတ်လား”

ယခု ဟိုတယ် ဧည့်ခန်းမဆောင်သို့ နီးကပ်လာချိန်တွင် ယနေ့မနက် ၈ နာရီ၌ ဒေါက်တာ ဘရီဂီတာ  ဂက်စ်နာနှင့် တွေ့ဆုံရန် ကက်သရင်း စီစဉ်ထားကြောင်း လန်ဒန် ရုတ်တရက် သတိရလိုက်သည်။ သူသည် ကက်သရင်းအား ဟောပြောပွဲ လာရောက်ပါရန် ကိုယ်တိုင် ဖိတ်ကြားခဲ့သော နာမည်ကျော် ချက်ခ်လူမျိုး အာရုံကြော သိပ္ပံပညာရှင် ဖြစ်၏။ ဂက်စ်နာ၏ ဖိတ်ကြားမှုသည် ကျေးဇူးတင်စရာကောင်းသော ကမ်းလှမ်းမှုဖြစ်သော်လည်း ယမန်နေ့ည ပွဲအပြီးတွင် ထိုအမျိုးသမီးနှင့် တွေ့ဆုံပြီးနောက် သူသည် သည်းခံဖို့အတော်ခက်ခဲသော လူစားမျိုး ဖြစ်ကြောင်း တွေ့ရှိခဲ့ရလေသည်။ ထို့ကြောင့် ကက်သရင်း အိပ်ရာထ နောက်ကျပြီး ဂက်စ်နာနှင့် မတွေ့ဘဲ သူနှင့်သာ မနက်စာ အတူစားလျှင် ကောင်းမည်ဟု လန်ဒန် တိတ်တဆိတ် မျှော်လင့်နေမိသည်မှာ အမှန်ပင်။

ထိုအတွေးကို ခေါင်းထဲမှ ထုတ်လိုက်ပြီး ပင်မ ဝင်ပေါက်တွင် အမြဲ အလှဆင်ထားလေ့ရှိသော နှင်းဆီပန်းစည်းကြီးများ၏ ရနံ့ကို ရှူရှိုက်ရင်း ဧည့်ခန်းမဆောင်ထဲသို့ သူ ဝင်ရောက်လာခဲ့သည်။ သို့သော် ဧည့်ခန်းမဆောင်ထဲတွင် သူ့ကို ဆီးကြိုနေသော မြင်ကွင်းမှာမူ ကျက်သရေမရှိလှပေ။

အနက်ရောင် ဝတ်စုံဝတ် ရဲအရာရှိ နှစ်ဦးသည် ခန်းမထဲတွင် ဂျာမန် သိုးထိန်းခွေးနှစ်ကောင်နှင့်အတူ အလုပ်ရှုပ်နေကြ၏။ ခွေးနှစ်ကောင်စလုံးသည် 'ရဲသား' ဟု ရေးသားထားသော ကျည်ကာအင်္ကျီများကို ဝတ်ဆင်ထားပြီး တစ်စုံတစ်ခုကို ရှာဖွေနေသကဲ့သို့ ဟိုဟိုသည်သည် အနံ့ခံနေကြလေသည်။

“ကြည့်ရတာ အခြေအနေ သိပ်မဟန်ဘူး” ဟု တွေးရင်း လန်ဒန်သည် ကောင်တာသို့ သွားလိုက်၏။ “အားလုံး အဆင်ပြေရဲ့လား

ဪ... ပြေပါတယ် မစ္စတာ လန်ဒန်” ဟု သပ်ရပ်စွာ ဝတ်ဆင်ထားသော မန်နေဂျာက လန်ဒန်ကို ခရီးဦးကြိုပြုရန် ကပျာကသီ ပြေးထွက်လာလေသည်။ “အားလုံး အိုကေပါတယ် ဆရာ။ မနေ့ညက ကိစ္စလေး နည်းနည်း ဖြစ်သွားပေမဲ့ ဒီအတိုင်း အချက်မှားပေးမိတာပါ” ဟု သူက ကိစ္စမရှိသလို ခေါင်းခါရင်း အာမခံလိုက်သည်။ “ကြိုတင်ကာကွယ်မှု ယူရုံ သက်သက်ပါ။ ဆရာ သိတဲ့အတိုင်းပဲ ‘လေးရာသီ ပရာ့ဂ်’ ဟိုတယ်မှာ လုံခြုံရေးက ထိပ်တန်း ဦးစားပေး မဟုတ်လား”

လန်ဒန်က ရဲများကို လှမ်းကြည့်လိုက်သည်။ “ကိစ္စသေးသေးလေးတဲ့လား။ ဒီလူတွေ ပုံစံကြည့်ရတာ ကိစ္စက သေးမဲ့ပုံတော့ မပေါက်ဘူး”

ရေကူးကလပ်ကို သွားမလို့လား ခင်ဗျာဟု မန်နေဂျာက မေးလိုက်သည်။ “ကား ခေါ်ပေးရမလား

ရပါတယ်။ မလိုပါဘူး” ။ တံခါးပေါက်ဆီသို့ ဦးတည်ကာ လျှောက်သွားရင်း လန်ဒန်က ပြန်ဖြေလိုက်သည်။ “ကျွန်တော် ဂျော့ဂင်းပြေးမလို့လေ။ လေကောင်းလေသန့်လဲ ရှူချင်လို့ပါ”

ဒါပေမဲ့ နှင်းတွေ ကျနေတယ်လေ ဆရာ”

နယူးအင်္ဂလန် ဒေသသားဖြစ်သူ လန်ဒန်က အပြင်ဘက် လေထုထဲတွင် နှင်းပွင့်လေးများ ဝဲပျံနေသည်ကို လှမ်းကြည့်ရင်း မန်နေဂျာကို ပြုံးပြလိုက်သည်။ “နောက်တစ်နာရီကြာလို့ ကျွန်တော် ပြန်မရောက်လာရင် ကျွန်တော့်ကို တူးထုတ်ဖို့ အဲဒီခွေးတွေထဲက တစ်ကောင်သာ လွှတ်လိုက်တော့ဗျို့”




 

Comments

Popular posts from this blog

ဘာသာရေးနှင့် သိပ္ပံပညာ စာအုပ် စတင် ဖြန့်ချိပါပြီ

ဒေါ်အောင်ဆန်းစုကြည် အကြိုက်ဆုံး တော်လှန်ရေး ဝတ္ထုတစ်ပုဒ်

သြဒစ္ဆေ မော်ကွန်း စကားပြေ ၁