မရဏတံခါးစီမံကိန်း - ၂
အခန်း ၂
ဂိုလမ်သည်
သူ၏ အနက်ရောင် ဝတ်ရုံရှည်၏ အစွန်းများကို ကပရိုဗာ လမ်းမပေါ်ရှိ ညစ်ပတ်နေသော
နှင်းများပေါ်တွင် တရွတ်တိုက်ဆွဲလျက် နှင်းထုကြားထဲတွင် တရွေ့ရွေ့ လျှောက်လှမ်းလာ၏။
ဝတ်ရုံအောက်တွင် ဖုံးကွယ်ထားသော သူ၏ ဧရာမ ဖိနပ်ကြီးများမှာ အလွန်လေးလံသဖြင့်
ခြေထောက်ကို မနည်း ကြိုးစား၍ မ,နေရသည်။
သူ၏ မျက်နှာနှင့် ဦးခေါင်းခွံပေါ်ရှိ ထူထဲသော ရွှံ့စေးလွှာသည် အေးစက်သောလေကြောင့်
တင်းကျပ်လာသည်။
“ငါ
အိမ်ပြန်ရောက်မှ ဖြစ်မယ်”
“အီသာစွမ်းအင်တွေ
စုဝေးလာနေပြီ”
အီသာ
စွမ်းအင်များ သူ၏အပေါ် လွှမ်းမိုးသွားမည်ကို စိုးရိမ်သဖြင့် ဂိုလမ်သည်
အိတ်ကပ်ထဲသို့ နှိုက်၍ သူ အချိန်တိုင်း ဆောင်ထားလေ့ရှိသော သတ္တုချောင်းလေးကို
ဆုပ်ကိုင်လိုက်သည်။ ထိုအရာဝတ္ထုကို ဦးခေါင်းဆီသို့ မြှောက်လိုက်ပြီး
ခြောက်သွေ့နေသော ရွှံ့စေးပြင်ပေါ်တွင် ဖိကပ်ကာ စက်ဝိုင်းငယ်လေးများသဖွယ်
ပွတ်သပ်လိုက်၏။
“အခု
မဟုတ်သေးဘူး” ။ သူသည်
မျက်လုံးများကို မှိတ်ကာ စိတ်ထဲမှ ရေရွတ်လိုက်သည်။
အီသာ
စွမ်းအင်များ ကွဲပြားလွင့်စင်သွားသည်။ အနည်းဆုံးတော့ ယခုအချိန်အတွက် အဆင်ပြေသွား၏။
သတ္တုချောင်းကို အိတ်ကပ်ထဲ ပြန်ထည့်ပြီး သူ ဆက်လက် ထွက်ခွာလာခဲ့လေသည်။
“နောက်ထပ်
ဘလောက် နည်းနည်းလောက် ထပ်သွားရအုံးမယ်... ပြီးရင်တော့ ငါ လွှတ်ချလိုက်လို့ ရပါပြီ”
ပရာ့ဂ်မြို့တွင်
စတာရိုမက်ဟု လူသိများသော မြို့ဟောင်း ရင်ပြင်သည် ယခုကဲ့သို့ မှောင်မိုက်သော
မနက်ခင်းအချိန်၌ လူသူကင်းမဲ့နေ၏။ နာမည်ကျော် အလယ်ခေတ် နာရီစင်ကြီးကို
မော့ကြည့်ရင်း မီးကင်ထားသော သကြားကပ်မုန့်များကို ကိုင်ထားသည့် ခရီးသွား
ဇနီးမောင်နှံ နှစ်ဦးမှလွဲ၍ ဘယ်သူမှ ရှိမနေပေ။ နာရီတိုင်းတွင် ထိုရှေးဟောင်း
နာရီကြီးသည် “တမန်တော်များ၏ လမ်းလျှောက်ခြင်း” ဟု ခေါ်ဆိုသော သူတော်စင် အရုပ်များက
နာရီမျက်နှာပြင်ရှိ ပြတင်းပေါက်ငယ် နှစ်ခုမှ တလှည့်စီ ထွက်လိုက်ဝင်လိုက်
ပြုလုပ်သည့် လှည့်ပတ်မှုကို ပြသလေ့ရှိသည်။
“၁၅
ရာစုနှစ် ကတည်းက ရည်ရွယ်ချက်မဲ့စွာနဲ့ လှည့်ပတ်နေခဲ့ရတာ” ဂိုလမ်က တွေးလိုက်သည်။ “အဲဒါကို ကြည့်ဖို့
လူတွေကလဲ လာနေကြတုန်းပဲ”
ဂိုလမ်သည်
ထိုစုံတွဲအနားမှ ဖြတ်သွားစဉ် သူတို့သည် ဂိုလမ်အား လှမ်းကြည့်လိုက်ပြီး
အံ့သြထိတ်လန့်စွာဖြင့် အသက်ရှူမှားသွားကာ နောက်သို့ ဆုတ်သွားကြလေသည်။
သူစိမ်းများထံမှ ဤကဲ့သို့ တုံ့ပြန်မှုမျိုးကို သူ ယဉ်ပါးနေပြီ ဖြစ်၏။ သူ အမှန်တကယ်
ဘာကောင်လဲ ဆိုသည်ကို သူတို့ မမြင်နိုင်သော်လည်း သူ့တွင် ရုပ်ခန္ဓာ ပုံသဏ္ဌာန်
ရှိနေသေးကြောင်း ယင်းတုံ့ပြန်မှုက သတိပေးနေလေသည်။
“ငါက
ဂိုလမ်။
ငါက
မင်းတို့ကမ္ဘာက မဟုတ်ဘူး”
တစ်ခါတစ်ရံတွင်
ဂိုလမ်သည် လွင့်ထွက်သွားတော့မည့်အတိုင်း ဘာမှ ချည်နှောင်ထားခြင်း မရှိသလို
ခံစားရတတ်ပြီး သူ၏ သေမျိုးဖြစ်သော ခန္ဓာကိုယ်ကို လေးလံသော ဝတ်ရုံကြီးများဖြင့်
ဖုံးအုပ်ထားရခြင်းကို နှစ်သက်တတ်သည်။ ဝတ်ရုံနှင့် ဖိနပ်ကြီးများ၏ အလေးချိန်က
ကမ္ဘာမြေဆွဲအားကို ပိုမို သိသာစေပြီး၊ သူ့ကို ကမ္ဘာမြေကြီးနှင့် တွဲကပ်ထားပေးသည်။
သူ၏ ရွှံ့စေးလိမ်းကျံထားသော ဦးခေါင်းနှင့် ခေါင်းစွပ်ပါ ဝတ်ရုံရှည်တို့သည်
ညဘက်တွင် ထူးထူးဆန်းဆန်း ဝတ်စုံများ ဝတ်ဆင်လေ့ရှိသော ပရာ့ဂ်မြို့မှာတောင်မှ သူ့ကို
ကြောက်စရာကောင်းသော ထူးဆန်းသည့် လူတစ်ယောက် ဖြစ်စေခဲ့သည်မှာ အမှန်ပင်။
သို့သော်
ဂိုလမ်ကို အမှန်တကယ် အကြည့်မလွှဲနိုင်အောင် ဖြစ်စေသည့်အရာမှာကား သူ၏
နဖူးပြင်ပေါ်တွင် ထင်ရှားစွာ ရေးသားထားသော ရှေးဟောင်း အက္ခရာ သုံးလုံးကြောင့်ပင်။
၎င်းသည် ရွှံ့စေးပေါ်တွင် ပန်းချီဆွဲရာတွင် ဆေးစပ်သည့်ဓါးဖြင့် ထွင်းထုထားခြင်း
ဖြစ်လေသည်။
אמת
ဟီဘရူး
အက္ခရာ သုံးလုံးဖြစ်သည့် ဧလဖ်၊ မမ်နှင့် တာ့ဗ်တို့ကို ညာဘက်မှ ဘယ်ဘက်သို့
ပေါင်းလိုက်လျှင် ‘အဲမက်’ ဟု
အသံထွက်သည်။
အမှန်တရားဟု
အဓိပ္ပါယ်ရလေသည်။
အမှန်တရားသည်
ဂိုလမ်ကို ပရာ့ဂ်မြို့သို့ ခေါ်ဆောင်လာခဲ့၏။ ထို့ပြင် အမှန်တရား ဆိုသည်မှာ ယခုည အစောပိုင်းက
ဒေါက်တာ ဂက်စ်နာ သူ့အား ထုတ်ဖော် ပြောကြားခဲ့သော အရာပင်။ ပရာ့ဂ်မြို့အောက်
နက်ရှိုင်းသော နေရာတွင် ဒေါက်တာ ဂက်စ်နာနှင့် သူ၏ ပါတနာများ ကျူးလွန်ခဲ့ကြသည့်
ရက်စက်ကြမ်းကြုတ်မှုများအကြောင်း အသေးစိတ် ဝန်ခံချက်များ ဖြစ်လေသည်။ သူတို့၏
ပြစ်မှုများသည် စက်ဆုပ်ရွံရှာဖွယ် ကောင်းလှသော်လည်း မကြာမီ အနာဂတ်အတွက်
စီစဉ်ထားသည့် အရာများနှင့် ယှဉ်လျှင် ဘာမှမဟုတ်တော့ပေ။
“ငါ
အဲဒါတွေ အကုန်လုံးကို ဖျက်ဆီးပစ်ရမယ်” ဟု သူ့ကိုယ်သူ ပြောလိုက်သည်။ “အပျက်အစီးပုံကြီး
ဖြစ်သွားအောင် လုပ်ရမယ်”
သူတို့၏ စက်ဆုပ်ဖွယ်
ဖန်တီးမှုကို အပြီးတိုင် ချေမှုန်းဖျက်ဆီးပြီး မြေကြီးထဲတွင်
မီးခိုးတလူလူထွက်နေသော ကျင်းကြီးတစ်ခု ဖြစ်သွားအောင် ပြုလုပ်မည်ဟု ဂိုလမ် စိတ်ကူးကြည့်လိုက်သည်။
ခက်ခဲသော တာဝန်တစ်ခု ဖြစ်သော်လည်း သူ ပြီးမြောက်အောင် လုပ်ဆောင်နိုင်မည်ဟု
ယုံကြည်မှု ရှိ၏။ ဒေါက်တာ ဂက်စ်နာသည် သူသိလိုသမျှ အားလုံးကို ထုတ်ဖော်
ပြောကြားခဲ့ပြီးပြီ ဖြစ်လေသည်။
“ငါ အမြန်
လှုပ်ရှားမှ ဖြစ်မယ်။ အခွင့်အရေး ရနိုင်မဲ့ အချိန်က တိုတောင်းလွန်းတယ်” ဟု တွေးကာ သူ၏ စိတ်ထဲတွင်လည်း
အစီအစဉ်များ ချမှတ်ပြီး ဖြစ်၏။
ဂိုလမ်သည်
ရင်ပြင်မှ ခွာ၍ အရှေ့တောင်ဘက်သို့ လှည့်လိုက်ပြီး သူ၏ တိုက်ခန်းဆီသို့ ဦးတည်နေသော
လမ်းကြားလေးကို ရှာဖွေလိုက်သည်။ မြို့ဟောင်း ရပ်ကွက်သည် လမ်းကြားလေးများ
ရှုပ်ထွေးနေသော ဝင်္ကပါသဖွယ် ဖြစ်ပြီး စည်ကားလှုပ်ရှားနေသော ညဥ့်အစီအစဥ်များနှင့်
ထူးခြားသော ဘားဆိုင်များ ကြောင့် လူသိများသည်။ စာရေးဆရာများနှင့် ပညာရှင်များအတွက်
တင်စကာ စာပေကဖီး၊ ဟက်ကာများနှင့် လျှို့ဝှက်သည်းဖို ရှာဖွေသူများအတွက် အမည်မဲ့ဘား၊ ခေတ်မီဆန်းပြားသူများနှင့် ကော့တေး
ကြိုက်နှစ်သက်သူများအတွက် ဟဲမင်းဝေးဘား စသဖြင့် အမျိုးမျိုး ရှိကြသည်။ လိင်ပိုင်းဆိုင်ရာ
စက်ပစ္စည်း ပြတိုက် ဆိုလျှင် ညဥ့်နက်သည်အထိ ဖွင့်လှစ်ထားပြီး မျက်စိအစာကျွေးလိုသူ
လူအုပ်ကြီးကို ဆွဲဆောင်ထားတတ်၏။
ဂိုလမ်သည်
လမ်းကြား ဝင်္ကပါများအတွင်း မြွေတစ်ကောင်ကဲ့သို့ သွားလာနေရင်း ဒေါက်တာ ဘရီဂီတာ ဂက်စ်နာအပေါ် သူ ကျူးလွန်ခဲ့သော
ကြောက်မက်ဖွယ်ရာများ အကြောင်းကိုသော်လည်းကောင်း၊ သူ အစ်အောက် ရယူခဲ့သော
ထိတ်လန့်ဖွယ်ရာ သတင်းအချက်အလက်များ အကြောင်းကိုသော်လည်းကောင်း တွေးတောနေမိခြင်း
မရှိဘဲ... အမျိုးသမီးတစ်ယောက်၏ အကြောင်းကိုသာ တွေးနေမိလေသည်။
သူသည်
အမြဲတမ်း ထိုအမျိုးသမီး အကြောင်းကိုသာ တွေးနေမိ၏။
“ငါက သူ့ရဲ့
ကာကွယ်သူပဲ”
“သူနဲ့
ငါက ထာဝရ ရစ်ပတ်ချည်နှောင်ထားတဲ့ အမှုန် ၂ ခုပဲ”
ဤကမ္ဘာမြေပေါ်တွင်
ဂိုလမ်၏ တစ်ခုတည်းသော ရည်ရွယ်ချက်မှာ သူ့ကို အကာအကွယ် ပေးရန်ဖြစ်သည်။ သို့သော် သူက
ဂိုလမ်ရှိနေမှန်းပင် မသိခဲ့ပါ။ သို့တိုင်အောင် သူ့အတွက် အလုပ်အကျွေး ပြုခဲ့ရသည့်
အချိန်များသည် ဂိုလမ်အတွက် အမြဲဂုဏ်ယူစရာ ဖြစ်ခဲ့၏။ အခြားသူ တစ်ယောက်၏
ဝန်ထုပ်ဝန်ပိုးကို ထမ်းရွက်ပေးခြင်းသည် အမြင့်မြတ်ဆုံးသော ဆောင်ရွက်ချက်တစ်ခု
ဖြစ်သည်။ သို့သော် ဘယ်သူဘယ်ဝါမှန်း မသိအောင် အမည်မဖော်လိုခြင်း၊ မည်သည့်
အသိအမှတ်ပြုမှုကိုမျှ မခံယူခြင်း ဆိုသည်မှာကား တကယ့်ကို ကိုယ်ကျိုးစွန့်သော
မေတ္တာတရား စစ်စစ်ပင် ဖြစ်လေသည်။
“ကိုယ်စောင့်နတ်ဆိုတာ
ပုံသဏ္ဌာန် အမျိုးမျိုးနဲ့ ရှိတတ်ကြတယ်”
ထိုအမျိုးသမီးသည်
မှောင်မိုက်သော သိပ္ပံပညာ လောကထဲတွင် မသိနားမလည်ဘဲ ပိတ်မိနေသည့် ယုံကြည်လွယ်သူ
တစ်ဦးသာ ဖြစ်သည်။ သူ့အား အမဲဖျက်ကြမည့် ငါးမန်းများ ဝိုင်းနေသည်ကို သူ မမြင်နိုင်ခဲ့ပါ။
ဂိုလမ်သည် သည်ညတွင် ထိုငါးမန်းများထဲမှ တစ်ကောင်ကို သတ်ပစ်လိုက်ပြီ ဖြစ်သော်လည်း၊
ယခုအခါ ရေထဲတွင် သွေးညှီနံ့များ ပျံ့နှံ့ကုန်ပြီ ဖြစ်၏။ သူတို့၏ ဖန်တီးမှုကို လျှို့ဝှက်ထားနိုင်ရန်အတွက်
အင်အားကြီးသော အဖွဲ့အစည်းများက ဘာတွေ ဖြစ်ပျက်ခဲ့သည်ကို စုံစမ်းရန် ရေနက်ထဲမှ
မကြာမီ ပေါ်ထွက်လာကြတော့မည် ဖြစ်သည်။
“မင်းတို့
နောက်ကျသွားပြီ” ဟု
ဂိုလမ်က တွေးလိုက်သည်။ သူတို့၏ မြေအောက် ငရဲခန်းကြီးသည် မကြာမီ သူတို့၏
အပြစ်များကြောင့် ပြိုကျပျက်စီးတော့မည်။ သူတို့၏ ထက်မြက်မှုကြောင့် သူတို့ကိုယ်တိုင်
သားကောင် ဖြစ်ရတော့မည်။
နှင်းဖုံးနေသော
လမ်းများအတိုင်း ဆက်လက် တိုးဝင်သွားစဉ် ဂိုလမ်သည် အီသာ စွမ်းအင်များ
ပြန်ရောက်လာပြီး သူ့ပတ်ဝန်းကျင်တွင် ထူထဲလာသည်ကို ခံစားလိုက်ရ၏။ သူသည်
သတ္တုချောင်းလေးဖြင့် သူ့ခေါင်းကို ထပ်မံ ပွတ်သပ်လိုက်ပြန်သည်။
“မကြာခင်
ခံယူပါ့မယ်” ဟု သူ
ကတိပေးလိုက်ပါတော့သည်။
#####
လန်ဒန်မြို့တွင်
မစ္စတာ ဖင့်ချ်အမည်ရှိ အမေရိကန် လူမျိုးတစ်ဦးသည် ကာတီယေး ပန်သာ တံဆိပ် မျက်မှန်တစ်လက်ကို ပွတ်တိုက်ကာ
သန့်ရှင်းရေး လုပ်ရင်း သူ၏ ခမ်းနားထည်ဝါသော ရုံးခန်းထဲတွင် ခေါက်တုံ့ခေါက်ပြန်
လျှောက်နေသည်။ သူ၏ ဆွဲမဆန့်နိုင်သော စိတ်တို့သည် ယခုအခါ ပြင်းထန်သော
စိုးရိမ်ပူပန်မှုအဖြစ် ပြောင်းလဲသွားပြီ ဖြစ်၏။
“ဂက်စ်နာ
ဘယ်ရောက်နေတာလဲ။ ဘာလို့ သူ့ကို ဆက်သွယ်မရတာလဲ”
ချက်ခ်လူမျိုး
အာရုံကြော သိပ္ပံပညာရှင် ဖြစ်သူ ဂက်စ်နာသည် ယမန်နေ့ညက ပရာ့ဂ် ရဲတိုက်တွင်
ကျင်းပသော ကက်သရင်း ဆော်လမွန်၏ ဟောပြောပွဲသို့ တက်ရောက်ခဲ့ကြောင်း သူ သိသည်။
ထို့နောက် မကြာမီ ထုတ်ဝေတော့မည့် ဆော်လမွန်၏ စာအုပ်နှင့် ပတ်သက်ပြီး ထိတ်လန့်စရာ
သတင်းစကား တစ်ခုကို ဂက်စ်နာက ဖင့်ချ်ထံ ပေးပို့ခဲ့၏။ ယင်းမှာ သတင်းကောင်း တစ်ခုတော့
မဟုတ်ပေ။ အခြေအနေကို အချိန်နှင့် တပြေးညီ သတင်းပို့ရန် ဖင့်ချ်ထံ
ဖုန်းခေါ်ဆိုမည်ဟု ဂက်စ်နာက ကတိပေးထားခဲ့လေသည်။
ယခုအချိန်အထိ
ဖင့်ချ်ထံသို့ ဘာသတင်းမှ မရောက်လာသေးဘဲ မိုးပင် လင်းလုနီးပါး ဖြစ်နေလေပြီ။
ဂက်စ်နာအား
အကြိမ်ကြိမ် မက်ဆေ့ချ်ပို့ပြီး ဖုန်းခေါ်ခဲ့သော်လည်း တုံ့ပြန်ခြင်း အလျဥ်းမရှိ။
“၆
နာရီတောင်ကြာသွားပြီ... ဂက်စ်နာက စေ့စပ်သေချာတဲ့သူပါ... ဒါက သူ့စရိုက်နဲ့ လုံးဝ
မတူဘူး”
ကိုယ်ပိုင်
ဆုံးဖြတ်ချက်ကို လိုက်နာခြင်းအားဖြင့် လုပ်ငန်းခွင်၌ ရာထူးအမြင့်ဆုံးနေရာသို့
ရောက်ရှိလာခဲ့သူ မစ္စတာ ဖင့်ချ်သည် သူ၏ အာရုံခံစားမှုကို နားထောင်တတ်ရန်
သင်ယူထားခဲ့ပြီး ဖြစ်လေသည်။ ကံဆိုးသည်မှာ ယခုအခါ သူ၏ ပင်ကို အာရုံခံစားမှုက
ပရာ့ဂ်မြို့တွင် တစ်စုံတစ်ခု အကြီးအကျယ် လွဲချော်နေပြီ ဖြစ်ကြောင်း သူ့ကို
ပြောပြနေခြင်းပင်။
ဆက်ရန်
အပတ်စဥ် တနင်္ဂနွေနှင့်တနင်္လာ
#မရဏတံခါးစီမံကိန်း #သက်ပိုင် #DanBrown #TheSecretofSecrets

Comments
Post a Comment