အာခီးလိစ်၏ လွမ်းတေးပန်းချီ
The song of Achilles by Madeline Miller အာခီးလိစ်၏ လွမ်းတေးပန်းချီ သက်ပိုင် (မြန်မာပြန်သည်) အခန်း (၁) ကျွန်တော့်ခမည်းတော်ဟာ ဘုရင်တစ်ပါးဖြစ်သလို ဘုရင်မျိုးရိုးက ဆင်းသက်လာသူလည်း ဖြစ်ပါတယ်။ သူဟာ အရပ်ပုပြတ်ပြတ်နဲ့ ကျွန်တော်တို့အများစုလိုပါပဲ။ ဒါပေမဲ့ ကိုယ်လုံးကိုယ်ပေါက်ကတော့ နွားသိုးတစ်ကောင်လို ပခုံးအိုးကြီးတွေနဲ့ တောင့်တင်းခိုင်မာလှတယ်။ မယ်တော် ၁၄ နှစ်သမီးအရွယ်မှာ ခမည်းတော်နဲ့ လက်ထပ်ခဲ့ပါတယ်။ ဘုန်းတော်ကြီးတွေကလည်း မယ်တော်ဟာ သားသမီးထွန်းကားမယ့်သူလို့ ဟောကိန်းထုတ်ခဲ့ကြပါတယ်။ ဒီလက်ထပ်ပွဲက တော်တော်လေး လိုက်ဖက်မှုရှိတယ်လို့ ဆိုရမယ်။ မယ်တော်က တစ်ဦးတည်းသော သမီးဖြစ်ပြီး သူ့ဖခင်ရဲ့ စည်းစိမ်ဥစ္စာတွေအားလုံးက ခင်ပွန်းသည်လက်ထဲကို ရောက်လာမှာကိုး။ လက်ထပ်ပွဲနေ့ရောက်မှပဲ မယ်တော်ဟာ ဉာဏ်ရည်မမီသူမှန်း ခမည်းတော် သိလိုက်ရပါတယ်။ မယ်တော်ရဲ့ ဖခင်က မင်္ဂလာအခမ်းအနားမတိုင်ခင်အထိ သမီးဖြစ်သူကို မျက်နှာဖုံး ပုဝါ စွပ်ထားပြီး သတိကြီးကြီးထားခဲ့တာကို ခမည်းတော်ကလည်း ပြုံးပြုံးရွှင်ရွှင်နဲ့တောင် စနောက်ပြီး လိုက်လျောခဲ့တယ်လေ။ တကယ်လို့ သတို့သမီးက ရုပ်ဆိုးနေရင်လည်း ( အတူတူအိပ်ဖို့) အိမ်စေမိန်းကလေးတွေနဲ့ ကျွန်တွေ ရှိနေတာပဲ ...