မရဏတံခါးစီမံကိန်း - ၃
အခန်း ၃ ဆောင်းလေနုအေးက လတ်ဆတ်ပြီး လန်းဆန်းတက်ကြွစေသည်။ ရောဘတ် လန်ဒန်သည် ခချီဂျိုနီစကာ လမ်းမကြီးအတိုင်း တောင်ဘက်သို့ ပြေးလာခဲ့ရာ သူ၏ ခြေလှမ်းကျဲကြီးများကြောင့် လူသွားလမ်းပလက်ဖောင်းပေါ်ရှိ နှင်းလွှာပါးလေးများပေါ်တွင် ခြေရာများသည် တစ်ကြောင်းတည်း ကျန်ရစ်နေခဲ့လေသည်။ ပရာ့ဂ်မြို့သည် သူ့အတွက် အမြဲတမ်း ညှို့ဓာတ်ပြင်းသော မြို့တစ်မြို့ ဖြစ်ခဲ့၏။ အချိန်ကာလ တစ်ခုတွင် ရပ်တန့်ခံထားရသည့်နှယ်။ ဒုတိယကမ္ဘာစစ်အတွင်း အခြားသော ဥရောပမြို့ကြီးများလောက် ပျက်စီးထိခိုက်မှု မရှိခဲ့သဖြင့် ဘိုဟီးမီးယား ဒေသ၏ သမိုင်းဝင် မြို့တော်ကြီးသည် မူလဗိသုကာ လက်ရာများ အားလုံးနှင့်အတူ တောက်ပသော မိုးကုပ်စက်ဝိုင်းကြီးကို ပိုင်ဆိုင်ထားဆဲ ဖြစ်၏။ ရိုမန်းနက်စ်၊ ဂေါ့သစ်၊ ဘာရော့ခ်၊ အာ့နူးဗို နှင့် နီယို-ကလပ်စစ်ကယ် ခေတ်တို့၏ ဒီဇိုင်းပုံစံများ စုံလင်လှကာ ထူးခြားပြီး အပျက်အစီးမရှိသော မြို့ပြကြီး ဖြစ်လေသည်။ မြို့၏ အမည်ပြောင်ဖြစ်သော ‘စတိုဗယ်စာတာ’ ဆိုသည်မှာ ‘မျှော်စင်ပေါင်း တစ်ရာရှိသော မြို့’ ဟု တိုက်ရိုက် အဓိပ္ပာယ်ရသော်လည်း လက်တွေ့တွင်မူ ပရာ့ဂ်မြို့ရှိ မျှော်စင်နှင့် ဘုရားကျောင်းထိပ်ချွန် အရေအတွက်မှာ ၇၀၀ ခန့်ပင် ရှိသည်။ နွေရာသီတ...