မရဏတံခါးစီမံကိန်း - ၃

 

အခန်း ၃

ဆောင်းလေနုအေးက လတ်ဆတ်ပြီး လန်းဆန်းတက်ကြွစေသည်။ ရောဘတ် လန်ဒန်သည် ခချီဂျိုနီစကာ လမ်းမကြီးအတိုင်း တောင်ဘက်သို့ ပြေးလာခဲ့ရာ သူ၏ ခြေလှမ်းကျဲကြီးများကြောင့် လူသွားလမ်းပလက်ဖောင်းပေါ်ရှိ နှင်းလွှာပါးလေးများပေါ်တွင် ခြေရာများသည် တစ်ကြောင်းတည်း ကျန်ရစ်နေခဲ့လေသည်။

ပရာ့ဂ်မြို့သည် သူ့အတွက် အမြဲတမ်း ညှို့ဓာတ်ပြင်းသော မြို့တစ်မြို့ ဖြစ်ခဲ့၏။ အချိန်ကာလ တစ်ခုတွင် ရပ်တန့်ခံထားရသည့်နှယ်။ ဒုတိယကမ္ဘာစစ်အတွင်း အခြားသော ဥရောပမြို့ကြီးများလောက် ပျက်စီးထိခိုက်မှု မရှိခဲ့သဖြင့် ဘိုဟီးမီးယား ဒေသ၏ သမိုင်းဝင် မြို့တော်ကြီးသည် မူလဗိသုကာ လက်ရာများ အားလုံးနှင့်အတူ တောက်ပသော မိုးကုပ်စက်ဝိုင်းကြီးကို ပိုင်ဆိုင်ထားဆဲ ဖြစ်၏။ ရိုမန်းနက်စ်၊ ဂေါ့သစ်၊ ဘာရော့ခ်၊ အာ့နူးဗို နှင့် နီယို-ကလပ်စစ်ကယ် ခေတ်တို့၏ ဒီဇိုင်းပုံစံများ စုံလင်လှကာ ထူးခြားပြီး အပျက်အစီးမရှိသော မြို့ပြကြီး ဖြစ်လေသည်။

မြို့၏ အမည်ပြောင်ဖြစ်သော ‘စတိုဗယ်စာတာ’ ဆိုသည်မှာ ‘မျှော်စင်ပေါင်း တစ်ရာရှိသော မြို့’ ဟု တိုက်ရိုက် အဓိပ္ပာယ်ရသော်လည်း လက်တွေ့တွင်မူ ပရာ့ဂ်မြို့ရှိ မျှော်စင်နှင့် ဘုရားကျောင်းထိပ်ချွန် အရေအတွက်မှာ ၇၀၀ ခန့်ပင် ရှိသည်။ နွေရာသီတွင် တစ်ခါတစ်ရံ မြို့တော်ကို အစိမ်းရောင် မီးမောင်းများဖြင့် ထိုးပြီး အလှဆင်လေ့ရှိပြီး ထိုအံ့သြဖွယ် ကောင်းလှသော မြင်ကွင်းသည် ‘အော့ဇ်မြို့မှ မှော်ဆရာ’ ဟူသော ဟောလိဝုဒ် ရုပ်ရှင်ထဲမှ ‘မြစိမ်းရောင် မြို့တော်’ ကို ပုံဖော်ရာတွင် လွှမ်းမိုးမှု ရှိခဲ့သည်ဟု ဆိုကြ၏။ ပရာ့ဂ်မြို့ကဲ့သို့ပင် ထိုမြို့တော်ကိုလည်း မှော်ဆန်သော ဖြစ်ရပ်များနှင့် ပြည့်နှက်နေသည့် ဆန်းကြယ်သော နေရာတစ်ခုဟု ယုံကြည်ကြလေသည်။

လန်ဒန်သည် ‘ပလတ်နာစကာ’ လမ်းမကို ဖြတ်ကျော်၍ ဂျော့ဂင်း ပြေးလာစဉ် သမိုင်းစာအုပ်တစ်အုပ်၏ စာမျက်နှာများကြားထဲတွင် ပြေးလွှားနေရသကဲ့သို့ ခံစားလိုက်ရ၏။ ပရာ့ဂ်မြို့၏ ကလပ်မန်တီနမ် အဆောက်အအုံကြီး၏ ဧရာမ မျက်နှာစာကြီးသည် သူ၏ ဘယ်ဘက်တွင် မို့မောက်လျက် ပေါ်လာလေသည်။ ဟက်တာ ၂၀ ကျယ်ဝန်းသော ထိုအဆောက်အအုံဝင်းကြီးထဲတွင် နက္ခတ္တပညာရှင်များ ဖြစ်ကြသော တိုင်ကို ဘရာဟီနှင့် ယိုဟန်နက် ကက်ပလာတို့ အသုံးပြုခဲ့သည့် ကြည့်ရှုရေး မျှော်စင် ပါဝင်သလို၊ ရှေးဟောင်း ဘာသာရေး စာပေကျမ်းဂန်ပေါင်း ၂၀,၀၀၀ ကျော်ကို ထိန်းသိမ်းထားသည့် လက်ရာမြောက်လှသော ဘာရော့ခ်ခေတ်စတိုင် စာကြည့်တိုက်ကြီးလည်း တည်ရှိသည်။ ဤစာကြည့်တိုက်သည် ပရာ့ဂ်မြို့တွင်သာမက ဥရောပတိုက် တစ်ခုလုံးတွင် လန်ဒန် အနှစ်သက်ဆုံး အခန်းလည်း ဖြစ်၏။ သူနှင့် ကက်သရင်းတို့သည် ယမန်နေ့ကမှ ၎င်း၏ နောက်ဆုံးပေါ် ပြပွဲကို သွားရောက် လည်ပတ်ခဲ့ကြသေးသည်။

ယခုတွင် သူသည် အာဆက်စီမြို့သား စိန့်ဖရန်စစ်၏ ဘုရားကျောင်းနားမှ ညာဘက်သို့ ကွေ့လိုက်ရာ မြို့၏ အထင်ကရ အဖြစ်ဆုံး အထိမ်းအမှတ် နေရာများထဲမှ တစ်ခုဖြစ်သည့် တံတားကြီး၏ အရှေ့ဘက် ဝင်ပေါက်ကို ရှေ့တည့်တည့်တွင် လှမ်းမြင်လိုက်ရသည်။ ၎င်းသည် ပရာ့ဂ်မြို့၏ ရှားပါးလှသော ဂက်စ်မီးတိုင်များမှ ထွက်ပေါ်နေသည့် ပယင်းရောင် အလင်းရောင်များအောက်တွင် တောက်ပနေလေသည်။ ကမ္ဘာပေါ်တွင် အချစ်စိတ်ကို အနိုးကြားစေဆုံး တံတားဟု လူအများက တင်စားကြသော ‘ကာလုဖ်မို့စ်’ ခေါ် ချားလ်စ် တံတားကြီးကို ဘိုဟီးမီးယား သဲကျောက်များဖြင့် တည်ဆောက်ထားပြီး တံတား၏ ဘေးတစ်ဖက်တစ်ချက်တွင် ခရစ်ယာန် သူတော်စင် ရုပ်တု ၃၀ ကို စီတန်းထား၏။ ငြိမ်သက်နေသောဗဲလ်တာဗာမြစ်ကို ဖြတ်သန်းလျက် ကီလိုမီတာဝက်ကျော် ရှည်လျားသော ထိုတံတားကြီးကို ထိပ်နှစ်ဖက်စလုံး၌ ကြီးမားသော ကင်းမျှော်စင်ကြီးများဖြင့် ကာကွယ်ထားပြီး တစ်ချိန်က အရှေ့ဥရောပနှင့် အနောက်ဥရောပကြား အရေးပါသော ကုန်သွယ်ရေး လမ်းကြောင်းတစ်ခု အဖြစ် အသုံးပြုခဲ့ဖူးသည်။

လန်ဒန်သည် အရှေ့ဘက် မျှော်စင်၏ ဝင်ပေါက်မုခ်ဦး အောက်မှ ဖြတ်ပြေးလာခဲ့ပြီး သူ၏ ရှေ့၌ ဖြူဖွေးသန့်စင်နေသော နှင်းထုကြီးသည် စောင်ကြီးသဖွယ် ဖြန့်ကျက်ထားသည်ကို တွေ့လိုက်ရသည်။ ဤတံတားသည် လမ်းလျှောက်သူများ အတွက်သာ သီးသန့် ဖြစ်သော်လည်း ယခုအချိန်တွင် ခြေရာ တစ်ခုတလေမျှ မရှိသေးပေ။

ငါ ချားလ်စ် တံတားကြီးပေါ်မှာ တစ်ယောက်တည်းဖြစ်နေပါလား” ဟု လန်ဒန် တွေးလိုက်မိသည်။ “ဘဝရဲ့ အမှတ်တရ အခိုက်အတန့်လေး တစ်ခုပဲ” ။ သူသည် လုဗာရ် ပြတိုက်ထဲတွင် မိုနာလီဇာ ပန်းချီကားနှင့် အတူရှိစဉ်ကလည်း ဤကဲ့သို့ တစ်ယောက်တည်း ဖြစ်ခဲ့ဖူးသော်ငြား ထိုစဉ်က အခြေအနေသည် ယခုလောက် ကြည်နူးစရာ မကောင်းခဲ့သည်မှာ အမှန်ပင်။

လန်ဒန်သည် ပြေးရင်း ပုံမှန် အရှိန်ရလာသည်နှင့်အမျှ ခြေလှမ်းများကို ကျဲနိုင်သမျှကျဲကာ ပြေးလာခဲ့သည့်အတွက် မြစ်တစ်ဖက်ကမ်းသို့ ရောက်ရှိချိန်တွင် သက်သောင့်သက်သာပင် ပြေးလွှားနိုင်နေပြီ ဖြစ်လေသည်။ သူ၏ ညာဘက်တွင် မှောင်မိုက်နေသော ကောင်းကင်ယံကို နောက်ခံပြုလျက် မြို့၏ အချစ်မြတ်နိုးခံရဆုံး ကျောက်မျက်ရတနာကြီး တောက်ပနေသည်။

ပရာ့ဂ် ရဲတိုက်ကြီးပင် ဖြစ်၏။

၎င်းသည် ကမ္ဘာပေါ်တွင် အကြီးဆုံး ရဲတိုက်ဝင်းကြီး ဖြစ်ပြီး အနောက်ဘက် ဂိတ်တံခါးမှ အရှေ့ဘက် အစွန်းအထိ ကီလိုမီတာဝက်ကျော် ရှည်လျားကာ ဧရိယာ စတုရန်းပေ ၅ သန်းနီးပါး ကျယ်ဝန်းသည်။ ပြင်ပ တံတိုင်းကြီးများအတွင်းတွင် ဥယျာဉ် ၆ ခု၊ နန်းတော် ၄ ခုနှင့် ခရစ်ယာန် ဘုရားကျောင်း ၄ ခု ပါဝင်ပြီး ထိုအထဲတွင် ဘိုဟီးမီးယား နန်းစဉ်ရတနာများကို ထိန်းသိမ်းထားရှိရာ ခမ်းနားထည်ဝါလှသည့် စိန့်ဗစ်တပ်စ်ဘုရားကျောင်းကြီးလည်း ပါဝင်လေသည်။ ထိုနေရာတွင် နာမည်ကျော် ခရစ်စမတ် ဓမ္မတေးများတွင် ဂုဏ်ပြုသီဆိုလေ့ရှိသော ဘုရင်စိန့်၀င်ဆပ်စလပ်၏ သရဖူကိုလည်း သိမ်းဆည်းထားသည်။

ချားလ်စ် တံတား၏ အနောက်ဘက် မျှော်စင်အောက်မှ ဖြတ်သန်းလာစဉ် လွန်ခဲ့သော ညက ပရာ့ဂ် ရဲတိုက်ကြီး၌ ကျင်းပခဲ့သော ပွဲအကြောင်းကို စဉ်းစားမိပြီး လန်ဒန် တစ်ယောက်တည်း ရယ်မောလိုက်မိသည်။

“ကက်သရင်းက သိပ်ဇွဲကောင်းတဲ့သူပဲ”

ကျွန်မရဲ့ ဟောပြောပွဲကို လာခဲ့ပါ ရောဘတ်” ပရာ့ဂ်မြို့သို့ လာရောက်ရန် လွန်ခဲ့သော နှစ်ပတ်က လန်ဒန်အား ဖုန်းဆက်ကာ ချော့မော့စဉ်က သူ ပြောခဲ့၏။ “အချိန်ကိုက်ပါပဲ... ရှင်လဲ ဆောင်းရာသီ ကျောင်းပိတ်ရက် ရနေတာနဲ့လေ။ ခရီးစရိတ်ကို ကျွန်မ တာဝန်ယူမှာပါ”

လန်ဒန်သည် သူ၏ ကမ်းလှမ်းချက်အား ကနဦးတွင် နောက်ပြောင်နေသည်ဟု ထင်မှတ်မိခဲ့လေသည်။ သူတို့နှစ်ဦးသည် အပြန်အလှန် လေးစားမှု ရှိသလို၊ မိတ်ဆွေ သူငယ်ချင်းအဖြစ်နှင့်လည်း ရင်းရင်းနှီးနှီး စနောက်လေ့ရှိကြသည်။ ထို့ကြောင့် ထွေထွေထူးထူး မစဥ်းစားတော့ဘဲ လန်ဒန်သည် သူ၏ ရုတ်တရက် အဆိုပြုချက်ကို လက်ခံလိုက်ရန် ဆုံးဖြတ်ခဲ့လေသည်။

ကိုယ်လဲ စိတ်ဝင်စားပါတယ် ကက်သရင်း။ ပရာ့ဂ်မြို့က မှော်ဆန်တယ် ဆိုပေမဲ့... တကယ်တော့လေ”

ကျွန်မ တဲ့တိုးပဲ ပြောလိုက်တော့မယ်” ကတ်သရင်းက ဖြတ်ပြောလိုက်သည်။ “ကျွန်မ အဖော် တစ်ယောက် လိုနေလို့ပါ၊ ဟုတ်ပြီလား။ ကဲ... ရှင်းရှင်းပဲ ဖွင့်ပြောလိုက်တော့မယ်။ ကျွန်မ ကိုယ်တိုင် ဟောပြောရမဲ့ ပွဲအတွက် တွဲသွားမယ့်သူတစ်ယောက် လိုနေတာ သိပြီလား”

လန်ဒန် အော်ရယ်လိုက်သည်။ “အဲဒါကြောင့် မင်းက ဖုန်းဆက်တာပေါ့လေ။ ကမ္ဘာကျော် သိပ္ပံပညာရှင် တစ်ယောက်က အဖော် လိုနေတယ်ပေါ့

ဘေးကနေ ဟန်ပါပါ လိုက်ပေးမယ့်သူလောက်ပါပဲ ရောဘတ်ရယ်။ အဲဒီညမှာ ဝတ်စုံပြည့် တက်ရောက်ရမဲ့ စပွန်ဆာ ညစာစားပွဲ ရှိတယ်။ ပြီးရင် ကျွန်မက နာမည်ကြီး ခန်းမတစ်ခုမှာ စကားပြောရဦးမယ်... ဗလာဒ်... ဘာဆိုလားပဲ”

ဗလာဒီဆလပ်ဗ် ခန်းမလား... ပရာ့ဂ် ရဲတိုက်ကြီးထဲမှာလား

အင်း ဟုတ်တယ်။ အဲဒါပဲ”

လန်ဒန် အထင်ကြီးသွားမိသည်မှာ အမှန်ပင်။ ၃လတစ်ကြိမ် ကျင်းပသော ချားလ်စ် တက္ကသိုလ် ဟောပြောပွဲ အစီအစဉ်သည် ဥရောပ၏ ဂုဏ်အရှိဆုံး စုဝေးပွဲများထဲမှ တစ်ခုဖြစ်သော်လည်း ထိုပွဲသည် သူ ထင်ထားသည်ထက် ပို၍ အဆင့်မြင့်မည့်ပုံ ပေါက်နေ၏။

အဲဒီလို တရားဝင် ညစာစားပွဲမှာ သင်္ကေတဗေဒ ပညာရှင်တစ်ယောက်ကို မင်းလက်မောင်းမှာ ချိတ်ပြီး ခေါ်သွားချင်တာ သေချာရဲ့လား

ကျွန်မ ဂျော့ချ် ကလူးနီကိုတော့ မေးကြည့်သား၊ ဒါပေမဲ့ သူ့ ပွဲတက်ဝတ်စုံက အဝတ်လျှော်ဆိုင် ရောက်နေလို့တဲ့”

လန်ဒန် ညည်းတွားလိုက်သည်။ “စိတ်စွမ်းအင် သိပ္ပံပညာရှင်တွေ အားလုံးက အဲဒီလောက်တောင် ဇွဲကောင်းကြတာလား

တော်တဲ့သူတွေပဲ အဲဒီလို ဇွဲကောင်းတာရှင်” သူက ပြန်ဖြေသည်။ “ဒါဆိုရင် ရှင် လက်ခံတယ်လို့ ကျွန်မ ယူဆလိုက်ပြီနော်”

နှစ်ပတ်အတွင်းမှာ ဘယ်လောက်တောင် ပြောင်းလဲသွားလိုက်သလဲ” ဟု ချားလ်စ် တံတား၏ တစ်ဖက်ကမ်းသို့ ရောက်ရှိလာချိန်တွင် လန်ဒန် ပြုံးရင်း တွေးနေမိသည်။ ပရာ့ဂ်မြို့သည် မှော်ဆန်သော မြို့တော်၊ ရှေးဟောင်း စွမ်းအင်များနှင့်ပြည့်နှက်နေသော ကြားခံနယ်မြေ တစ်ခုဟူသော ဂုဏ်သတင်းနှင့် အညီ အမှန်တကယ်ပင် ဖြစ်နေလေသည်။ “ဒီနေရာမှာ တစ်ခုခုတော့ ဖြစ်ပြီးခဲ့လေပြီ”

ဤဆန်းကြယ်သော နေရာ၌ ကက်သရင်းနှင့် အတူဖြတ်သန်းခဲ့ရသော ပထမဆုံးနေ့ကို လန်ဒန် ဘယ်တော့မှ မေ့နိုင်မည် မဟုတ်။ ကျောက်ခင်းလမ်းကြား ဝင်္ကပါများထဲတွင် သူတို့နှစ်ဦး လမ်းပျောက်ခဲ့ကြပုံ၊ မြူမှုန်များနှင့် ရောနှောနေသော မိုးဖွဲဖွဲအောက်တွင် လက်ချင်းချိတ်၍ ပြေးလွှားခဲ့ကြပုံ၊ မြို့ဟောင်း ရင်ပြင်ရှိ ကင်စကီးနန်းတော်၏ မုခ်ဦး အောက်တွင် မိုးခိုခဲ့ကြပုံ၊ ထိုနေရာတွင် မောဟိုက်နေရင်း နာရီမျှော်စင်ကြီး၏ အရိပ်အောက်တွင် ဆယ်စုနှစ်များစွာကြာ ခင်မင်ခဲ့ပြီးနောက် အံ့သြစရာကောင်းလောက်အောင် သဘာဝကျစွာ ဖြစ်ပေါ်လာခဲ့သည့် သူတို့၏ ပထမဆုံး အနမ်း...။

ပရာ့ဂ်မြို့ကြောင့်လော၊ အချိန်ကိုက် ဖြစ်သွားမှုကြောင့်လော၊ သို့မဟုတ် မမြင်ရသော လက်တစ်စုံ၏ လမ်းပြမှုကြောင့်လော လန်ဒန် မသိပါ။ သို့သော် ထိုအရာက သူတို့နှစ်ဦးကြားတွင် မမျှော်လင့်ထားသော ဓာတ်သဘော တစ်ခုကို မီးကူးစေခဲ့ပြီး ရက်များ ကုန်ဆုံးလာသည်နှင့်အမျှ ပိုမို ခိုင်မာ အားကောင်းလာခဲ့သည်မှာ အမှန်ပင် ဖြစ်လေသည်။

###

မြို့၏ တစ်ဖက်ခြမ်းတွင် ဂိုလမ်သည် နောက်ဆုံး လမ်းထောင့်ကို ကွေ့လိုက်ပြီး သူ၏ အဆောက်အအုံသို့ မောပန်းနွမ်းနယ်စွာ ရောက်ရှိလာခဲ့သည်။ အပြင်ဘက် တံခါးကို ဖွင့်လိုက်ပြီး သူနေထိုင်ရာ အဆောက်အအုံ၏ ကျဉ်းမြောင်းသော ဝင်ပေါက်ခန်းမ အတွင်းသို့ ဝင်လိုက်၏။

ဝင်ပေါက်လမ်းသည် မှောင်မိုက်နေသော်လည်း သူသည် မီးမဖွင့်ရန် ဆုံးဖြတ်လိုက်၏။ ထိုအစား ကျဉ်းမြောင်းသော လျှောက်လမ်းတစ်ခုမှတဆင့် လျှို့ဝှက် လှေကားတစ်ခုဆီသို့ တိုးဝင်သွားပြီး အမှောင်ထုထဲတွင် လက်ရန်းကို စမ်းသပ် ကိုင်တွယ်ကာ အပေါ်သို့ တက်လာခဲ့လေသည်။ လှေကားထစ်များကို တက်လိုက်တိုင်း သူ၏ ခြေထောက်များက နာကျင်ကိုက်ခဲစွာဖြင့် တုံ့ဆိုင်းနေလေရာ သူ၏ တိုက်ခန်းတံခါးဝသို့ ရောက်ရှိသွားသောအခါ ကျေးဇူးတင်မိမတတ် ဖြစ်သွားရသည်။ ဖိနပ်တွင် ကပ်နေသော နှင်းများကို သေချာစွာ သုတ်ဖယ်ပြီးနောက် ဂိုလမ်သည် တံခါးကို ဖွင့်ကာ အထဲသို့ ဝင်လိုက်သည်။

သူ၏ တိုက်ခန်းအား အမှောင်ထုက အပြည့်အဝ လွှမ်းခြုံထားလေသည်။

“ငါ ဖန်တီးထားခဲ့တဲ့ အတိုင်းပါပဲ”

အတွင်းပိုင်း နံရံများနှင့် မျက်နှာကြက်များကို အနက်ရောင် သုတ်ထားပြီး ပြတင်းပေါက်များကို လေးလံသော လိုက်ကာကြီးများဖြင့် ဖုံးအုပ်ထားသည်။ အရောင်တင်ထားသော ကြမ်းခင်းများသည် အရောင်မှိန်ကာ ညစ်ထေးနေပြီး မည်သည့် အလင်းရောင်ကိုမျှ ပြန်လည် မဟပ်နိုင်ပေ။ ပရိဘောဂ ဆို၍လည်း မရှိသလောက်ပင်။

ဂိုလမ်သည် ပင်မ မီးခလုတ်တစ်ခုကို ဖွင့်လိုက်ရာ တိုက်ခန်းတစ်နေရာလုံးတွင် ခရမ်းလွန်ရောင်ခြည်မီးများ တစ်ဒါဇင်ခန့် လင်းလက်လာပြီး အရောင်ဖျော့သော အရာဝတ္ထုများပေါ်တွင် ခရမ်းရောင်သန်းသော အလင်းရောင်များ ဖြာကျလာလေသည်။ သူ၏ နေအိမ်သည် တမလွန် ကမ္ဘာတစ်ခု ကဲ့သို့ပင်။ ခဏတွင်းချင်း လင်းလက်လာသော ထိုရှုခင်းက သူ့ကို ချက်ချင်းပင် စိတ်အပန်းပြေသွားစေသည်။ ဤနေရာထဲတွင် လှုပ်ရှားသွားလာရသည်မှာ နက်ရှိုင်းသော လေဟာနယ်ကြီး တစ်ခုထဲ၌ လွင့်မျောနေရသလို... တောက်ပနေသော အရာဝတ္ထု တစ်ခုမှ အခြားတစ်ခုဆီသို့ ကူးလူးနေရသလို ခံစားချက်မျိုးကို ဂိုလမ်အား ပေးစွမ်းနိုင်ပေသည်။

အရောင်စုံ ပါဝင်လော အလင်းရောင်များ မရှိခြင်းက ‘အချိန်၏ သက်ရောက်မှု ကင်းစင်သော ပတ်ဝန်းကျင်’ တစ်ခုကို သူ့အား ဖန်တီးပေးလေသည်။ နေ့ည အချိန်ကာလ အကန့်အသတ် မရှိသော ထိုကမ္ဘာထဲတွင် သူ၏ ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်သည် ဇီဝနာရီ၏ အချက်ပြမှုများကို လက်ခံရရှိခြင်း မရှိတော့ပေ။ ဂိုလမ် တစ်ဦး၏ တာဝန်များအရ အတည်တကျ မရှိသော အလုပ်ချိန်များ လိုအပ်ပြီး အလင်းရောင် ကင်းမဲ့ခြင်းသည် သူ၏ ဇီဝကမ္မ ဖြစ်စဥ်များအား သမားရိုးကျ အချိန်ကာလ၏ လွှမ်းမိုးမှုများမှ လွတ်ကင်းစေလေသည်။ ခန့်မှန်းရလွယ်သော အချိန်ဇယားများ ဆိုသည်မှာကား ရိုးရှင်းသော ဝိညာဉ်များ၊ ဝန်ထုပ်ဝန်ပိုး မရှိသော ဝိညာဉ်များသာ ခံစားရရှိနိုင်သည့် ဇိမ်ခံပစ္စည်း တစ်မျိုးသာ ဖြစ်၏။

သူက ငါ့ရဲ့ ဝန်ဆောင်မှုတွေကို မမျှော်လင့်ထားတဲ့ အချိန်တွေမှာ လိုအပ်တတ်တယ်... နေ့ရော ညရောပေါ့”

ဂိုလမ်သည် ကြောက်ရွံ့ဖွယ် အမှောင်ထုထဲမှတဆင့် သူ၏ အဝတ်လဲခန်းထဲသို့ ဝင်ရောက်သွားပြီး ဝတ်ရုံနှင့် ဖိနပ်များကို ချွတ်လိုက်သည်။ ယခုအခါ လည်ပင်းအောက်ပိုင်းတွင် ဗလာကျင်းနေလေပြီ။ သူ၏ အသားအရေသည် ခရမ်းလွန်ရောင်ခြည်မီး၏ အလင်းရောင်အောက်တွင် ဖြူဖျော့ဖျော့ လင်းနေသော်လည်း သူက ကြည့်ရှုခြင်း မပြုဘဲ ရှောင်ဖယ်လိုက်၏။ သူ၏ မျက်နှာပေါ်တွင် ရွှံ့စေးလိမ်းရာ၌ အသုံးပြုသော လက်ကိုင်မှန် အသေးလေးမှလွဲ၍ သူ၏ သီးသန့် ဘုရားကျောင်းဆောင်တွင် မှန်များ တမင် တပ်ဆင်မထားပေ။

သူ၏ ရုပ်ခန္ဓာ အခွံကို မြင်တွေ့ရခြင်းသည် ဂိုလမ်အား အမြဲတမ်း စိတ်မသက်မသာ ဖြစ်စေသည်မှာ အမှန်ပင်။

“ဒီခန္ဓာကိုယ်က ငါ့ဟာ မဟုတ်ဘူး။

ငါက အဲဒီထဲမှာ ဝင်ရောက် ဖြစ်တည်နေတာ သက်သက်ပဲ”

ဂိုလမ်သည် ခြေဗလာဖြင့် ရေချိုးခန်းထဲသို့ ဝင်သွားပြီး ရေပန်းကို ဖွင့်ကာ ရေချိုးလိုက်သည်။ ရွှံ့စေးများ ကပ်နေသော ခေါင်းစွပ်ကို ခွာချလိုက်ပြီးနောက် မျက်လုံးများကို မှိတ်လျက် နွေးထွေးသော ရေစီးကြောင်းအောက်တွင် မျက်နှာကို မော့ထားလိုက်၏။ ခြောက်သွေ့နေသော ရွှံ့စေးများ ရေတွင် ပျော်ဝင်ကာ အနက်ရောင် ရေစီးကြောင်းလေးများ အဖြစ် သူ၏ ခန္ဓာကိုယ်ပေါ်မှ စီးကျပြီး ရေထွက်ပေါက်ထဲသို့ တဝဲလည်လည်နှင့် စီးဝင်သွားသဖြင့် သန့်စင်ကြည်လင်သွားသကဲ့သို့ ခံစားရလေသည်။

ယမန်နေ့ညက သူ၏ လှုပ်ရှားမှု သဲလွန်စ အားလုံးကို ဖယ်ရှားသန့်စင်ပြီးပြီဟု ယုံကြည်စိတ်ချရသောအခါ ဂိုလမ်သည် ရေပန်းအောက်မှ ထွက်ခွာပြီး ကိုယ်ကို ခြောက်သွေ့အောင် သုတ်လိုက်သည်။

အီသာ စွမ်းအင်များသည် ယခုလျှင် သူ့အား ပိုမို ပြင်းထန်စွာ ဆွဲငင်နေသော်လည်း သူ၏ သတ္တုချောင်းကိုကား လှမ်းမယူတော့ပေ။

“အချိန်တန်ပြီ”

ကိုယ်ဗလာကျင်းလျက်ပင် ဂိုလမ်သည် အမှောင်ထုကို ဖြတ်သန်း၍ သူ၏ ‘စဗာတင်း’ ခန်းဆီသို့ သွားလိုက်၏။ ဤလက်ဆောင်ကို လက်ခံယူရန်အတွက် သူကိုယ်တိုင် အထူးဖန်တီးထားသော အခန်းဖြစ်လေသည်။

သူသည် လုံးဝ မှောင်မိုက်နေသော အခန်း၏ ကြမ်းပြင်အလယ်၌ ခင်းထားသော လျှော်ပင်မွေ့ရာ ဆီသို့ လျှောက်သွားလိုက်၏။ ထို့နောက် ရိုသေလေးစားသော အမူအရာဖြင့် သူသည် မွေ့ရာ၏ အလယ်ဗဟို တည့်တည့်တွင် ပက်လက် အနေအထားဖြင့် လှဲချလိုက်လေသည်။ ပြီးလျှင် ချန်ဘိုဘေဘီ တံဆိပ် အပေါက်ပါသော ဆီလီကွန် ဘောလုံးကို ပါးစပ်ထဲတွင် သေချာစွာ တပ်ဆင်လိုက်ကာ လွတ်မြောက်ခြင်းကို ခံယူလိုက်ပါတော့သည်။

ဆက်ရန် 

အပတ်စဥ် တနင်္ဂနွေနှင့် တနင်္လာ



Comments

Popular posts from this blog

ဘာသာရေးနှင့် သိပ္ပံပညာ စာအုပ် စတင် ဖြန့်ချိပါပြီ

ဒေါ်အောင်ဆန်းစုကြည် အကြိုက်ဆုံး တော်လှန်ရေး ဝတ္ထုတစ်ပုဒ်

သြဒစ္ဆေ မော်ကွန်း စကားပြေ ၁