ဩဒစ္ဆေ မော်ကွန်း စကားပြေ စာအုပ်ထွက်ရှိပါတော့မယ်

Image
  ကမ္ဘာ့ ဂန္ထဝင် စာအုပ်များ စာရင်းမှာ အမြဲလိုလို ၁ ချိတ်နေတဲ့ စာအုပ်တစ်အုပ်ဖြစ်တဲ့ ဟုမ္မာရဲ့ ဩဒစ္ဆေ စာအုပ် ထွက်ရှိပါတော့မယ်။ ဒီစာအုပ်ဟာ အနောက်တိုင်း စာပေရဲ့ အခြေခံအုတ်မြစ်တစ်ခုလည်း ဖြစ်တာမို့ ဖြည်းဖြည်းချင်း ဖတ်ပြီး တစိမ့်စိမ့် တွေးရမဲ့ စာအုပ်ကောင်းမျိုးဖြစ်ပါတယ်။ အိုဒစ်စီးယပ်စ်ရဲ့ စွန့်စားခန်းတွေ၊ လူသားဆန်မှုတွေနဲ့ ကောင်းမှု၊ဆိုးမှု အားပြိုင်မှုတွေ၊ ထူးခြားဆန်းပြားတဲ့ မိစ္ဆာရန်စွယ်တွေအကြောင်းကို မူရင်းအတိုင်း ဘာသာပြန်ဆိုထားပြီး လိုအပ်တဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက်တွေနဲ့ စာညွှန်းတွေကိုပါ ထည့်သွင်းပေးထားပါတယ်။ နတ်ဘုရားတွေအကြောင်းနဲ့ စွန့်စားခန်းတွေကို ပုံပြင်တွေ၊ ရုပ်ရှင်တွေနဲ့ ကာတွန်းတွေဖတ်ပြီး စိတ်ကူးယဥ်ခဲ့ရတဲ့ သက်ပိုင်ဆိုတဲ့ ဘာသာပြန်သူတစ်ယောက်အတွက် မှတ်တိုင်တစ်ခုဆိုလည်း မမှားပါဘူး။ ခန့်ချုပ်ဖြစ်တဲ့အတွက် စာအုပ်အဖုံးကောင်းကောင်းနဲ့ လှလှပပ သိမ်းဆည်းလို့ရမဲ့ စာအုပ်တစ်အုပ်လည်း ဖြစ်ပါတယ်။ ကံ့ကော်ဝတ်ရည် စာအုပ်တိုက်မှ မှာယူနိုင်ပါပြီခင်ဗျာ။ #Homer #Odyssey #ဩဒစ္ဆေမော်ကွန်းစကားပြေ #သက်ပိုင် ကံ့ကော်ချစ်သူ… သင့်အိမ်က စာအုပ်စင်ရဲ့ ဂုဏ်ကျက်သရေကို မြှင့်တင်ပေးမယ့် ရတနာတစ်ပါး လာပါတော့မယ်။ Homer ...

အာခီးလိစ်၏ လွမ်းတေးပန်းချီ

The song of Achilles by Madeline Miller

အာခီးလိစ်၏ လွမ်းတေးပန်းချီ



သက်ပိုင် (မြန်မာပြန်သည်)

အခန်း (၁)

ကျွန်တော့်ခမည်းတော်ဟာ ဘုရင်တစ်ပါးဖြစ်သလို ဘုရင်မျိုးရိုးက ဆင်းသက်လာသူလည်း ဖြစ်ပါတယ်။ သူဟာ အရပ်ပုပြတ်ပြတ်နဲ့ ကျွန်တော်တို့အများစုလိုပါပဲ။ ဒါပေမဲ့ ကိုယ်လုံးကိုယ်ပေါက်ကတော့ နွားသိုးတစ်ကောင်လို ပခုံးအိုးကြီးတွေနဲ့ တောင့်တင်းခိုင်မာလှတယ်။ မယ်တော် ၁၄ နှစ်သမီးအရွယ်မှာ ခမည်းတော်နဲ့ လက်ထပ်ခဲ့ပါတယ်။ ဘုန်းတော်ကြီးတွေကလည်း မယ်တော်ဟာ သားသမီးထွန်းကားမယ့်သူလို့ ဟောကိန်းထုတ်ခဲ့ကြပါတယ်။ ဒီလက်ထပ်ပွဲက တော်တော်လေး လိုက်ဖက်မှုရှိတယ်လို့ ဆိုရမယ်။ မယ်တော်က တစ်ဦးတည်းသော သမီးဖြစ်ပြီး သူ့ဖခင်ရဲ့ စည်းစိမ်ဥစ္စာတွေအားလုံးက ခင်ပွန်းသည်လက်ထဲကို ရောက်လာမှာကိုး။

လက်ထပ်ပွဲနေ့ရောက်မှပဲ မယ်တော်ဟာ  ဉာဏ်ရည်မမီသူမှန်း ခမည်းတော် သိလိုက်ရပါတယ်။ မယ်တော်ရဲ့ ဖခင်က မင်္ဂလာအခမ်းအနားမတိုင်ခင်အထိ သမီးဖြစ်သူကို မျက်နှာဖုံး ပုဝါ စွပ်ထားပြီး သတိကြီးကြီးထားခဲ့တာကို ခမည်းတော်ကလည်း ပြုံးပြုံးရွှင်ရွှင်နဲ့တောင် စနောက်ပြီး လိုက်လျောခဲ့တယ်လေ။ တကယ်လို့ သတို့သမီးက ရုပ်ဆိုးနေရင်လည်း (အတူတူအိပ်ဖို့) အိမ်စေမိန်းကလေးတွေနဲ့ ကျွန်တွေ ရှိနေတာပဲ မဟုတ်ပါလား။ ဒါပေမဲ့ နောက်ဆုံး သူ့မျက်နှာဖုံးပုဝါကို ဖယ်လိုက်တဲ့အချိန်မှာ မယ်တော်က ပြုံးနေတယ်လို့ သူတို့ပြောကြပါတယ်။ အဲဒီအချက်ကို ကြည့်ပြီး သတို့သမီးဟာ တော်တော်လေး ဉာဏ်ထိုင်းမှန်း သူတို့ သိသွားကြတယ်။ သတို့သမီးဆိုတာ မပြုံးရဘူးတဲ့လေ။

ကျွန်တော့်ကို မွေးဖွားသန့်စင်ပြီးချိန်မှာတော့ သားယောက်ျားလေးဆိုပြီး ခမည်းတော်က မယ်တော့်လက်ထဲကနေ ဆွဲယူပြီး အထိန်းတော်လက်ထဲ ထည့်ပေးလိုက်တယ်။ ဝမ်းဆွဲသည်က သနားတာနဲ့ ကျွန်တော့်အစား ခေါင်းအုံးတစ်လုံးကို မယ်တော့်လက်ထဲ ထည့်ပေးရှာတယ်။ မယ်တော်က အဲဒီခေါင်းအုံးကို ပွေ့ဖက်ထားလေရဲ့။ ကလေးနဲ့ ခေါင်းအုံး အပြောင်းအလဲလုပ်လိုက်တာကိုတောင် သူ သတိထားမိပုံ မရခဲ့ပါဘူး။

သိပ်မကြာခင်မှာပဲ ကျွန်တော်က စိတ်ပျက်စရာကောင်းတဲ့သူ ဖြစ်လာခဲ့ပါတော့တယ်။ သေးကွေးတယ်၊ ပိန်လှီတယ်၊ ကျွန်တော်က လျှင်လည်းမမြန်သလို သန်လည်းမမာလှပါတဲ့အပြင် သီချင်းတောင် ဖြောင့်ဖြောင့် ဆိုတတ်တဲ့သူ မဟုတ်ဘူးလေ။ ကျွန်တော့်အကြောင်း အကောင်းဆိုလို့ ပြောနိုင်တာတစ်ခုကတော့ ကျွန်တော်ဟာ ဖျားနာလေ့မရှိတာပါပဲ။ ရွယ်တူကလေးတွေ ဖျားနာပြီး ‘အတက်ရောဂါ’ ထနေတဲ့အချိန်မှာ ကျွန်တော်က ဘာမှမဖြစ်ဘဲ ကျန်နေခဲ့တယ်လေ။ ဒီအချက်ကပဲ ခမည်းတော်ကို ပိုပြီး သံသယဝင်စေခဲ့တယ်။ ကျွန်တော်က လူသားမဟုတ်ဘဲ တခြားသတ္တဝါများ ဖြစ်နေမလားပေါ့။ သူက ကျွန်တော့်ကို စိုက်ကြည့်ပြီး မျက်မှောင်ကြုတ်လေ့ရှိတယ်။ သူ့အကြည့်တွေအောက်မှာ ကျွန်တော့်လက်တွေ တုန်ယင်လာတတ်တယ်။ မယ်တော်ကတော့ ဝိုင်အရက်တွေ ကိုယ်ပေါ်ကို ဖိတ်စင်ကျပြီး ရီဝေဝေနဲ့ ဘေးနားမှာ ရှိနေတတ်တယ်။

ကျွန်တော့်အသက် ၅ နှစ်အရွယ်မှာ ခမည်းတော်ဟာ အားကစားပြိုင်ပွဲတွေကို အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့ရပါတယ်။ သစ္ဆလီ နဲ့ စပါတာ လို အဝေးကြီးက လူတွေပါ ရောက်လာကြတာမို့ ကျွန်တော်တို့ရဲ့ ဘဏ္ဍာတိုက်တွေလည်း သူတို့ဆီက ရွှေတွေနဲ့ ပြည့်လျှံလို့ပေါ့။ ပြေးလမ်းမကြီးကို ပြုပြင်ဖို့နဲ့ ကျောက်ခဲတွေရှင်းဖို့ ကျွန်အယောက်တစ်ရာလောက်က ရက်ပေါင်း ၂၀ ကြာအောင် လုပ်အားပေးကြရတယ်။ ခမည်းတော်က သူ့လက်ထက်မှာ အခမ်းနားဆုံးသော ပွဲတော်ကြီးဖြစ်ဖို့ ဆုံးဖြတ်ထားပုံရပါတယ်။

အပြေးသမားတွေကို ကျွန်တော် မှတ်မိပါသေးတယ်။ ဆီတွေလိမ်းထားလို့ ပြောင်လက်နေတဲ့ သစ်ကြားသီးရောင် ခန္ဓာကိုယ်တွေနဲ့ နေရောင်အောက်က ပြေးလမ်းပေါ်မှာ အကြောလျှော့နေကြတာလေ။ ပခုံးကျယ်ကျယ်နဲ့ အိမ်ထောင်သည်ယောက်ျားတွေ၊ မုတ်ဆိတ်မပေါက်သေးတဲ့ လူငယ်တွေနဲ့ ကလေးတွေ အားလုံး ရောနှောနေကြတယ်။ သူတို့ရဲ့ ခြေသလုံးကြွက်သားတွေကလည်း ထွင်းထုထားသလို ပေါ်လွင်နေကြပါတယ်။

နွားသိုးတစ်ကောင်ကို ယဇ်ပူဇော်ပြီးပါပြီ။ သူ့ရဲ့ သွေးစက်တွေအားလုံးက ဖုန်မှုန့်တွေနဲ့ ကြေးညိုရောင်ခွက်တွေထဲကို စီးကျသွားတယ်။ နွားသိုးက ငြိမ်ငြိမ်သက်သက်ပဲ အသေခံသွားတာမို့ လာမယ့်ပွဲတော်အတွက် နိမိတ်ကောင်းလို့ ယူဆရပါမယ်။

အပြေးသမားတွေက ခမည်းတော်နဲ့ ကျွန်တော် ထိုင်နေတဲ့ မဏ္ဍပ်ရှေ့မှာ စုရုံးရောက်ရှိနေကြပါပြီ။ ကျွန်တော်တို့ဘေးမှာတော့ အနိုင်ရသူတွေကို ပေးမယ့် ဆုလက်ဆောင်တွေ ဝန်းရံထားတယ်။ ရွှေနဲ့လုပ်ထားတဲ့ ဝိုင်စပ်တဲ့ခွက်တွေ၊ ထုလုပ်ထားတဲ့ ကြေးညိုရောင် သုံးချောင်းထောက်ဖိုခုံတွေ၊ သံချွန်တပ်ထားတဲ့ လှံတံတွေ ပါတယ်။ ဒါပေမဲ့ တကယ့်ဆုမွန်က ကျွန်တော့်လက်ထဲမှာပါ။ ဖုန်မှုန့်တွေတင်နေတဲ့ အစိမ်းရောင် သစ်ရွက်သရဖူလေးပေါ့။ အဲဒီသစ်ရွက်တွေကို အခုလေးတင် ခူးထားပြီး ကျွန်တော့်လက်မနဲ့ ပွတ်ထားလို့ ပြောင်လက်နေပါတယ်။ ခမည်းတော်က ဒီဆု ကျွန်တော် ကိုင်ထားတာတောင် စိတ်သိပ်ကြည်တဲ့ပုံ မပေါ်ပါဘူး။ ကျွန်တော်လုပ်ရမှာက ဒါကို ကိုင်ထားဖို့သက်သက်ပါပဲလို့ သူ စိတ်ဖြေထားပုံရတယ်။

အသက်အငယ်ဆုံး ကောင်လေးတွေ အရင်ပြေးကြရပါမယ်။ သူတို့က ယဇ်ပုရောဟိတ်ဆီက အချက်ပြတာကို စောင့်ရင်း သဲပြင်ပေါ်မှာ ခြေထောက်ကို ပွတ်ဆွဲနေကြလေရဲ့။ သူတို့တွေဟာ ကြီးထွားစအရွယ်မို့ အရေပြားအောက်မှာ အရိုးတွေက ထိုးထွက်ပြီး ပိန်လိန်နေကြပါတယ်။ ရှုပ်ပွနေတဲ့ မည်းနက်နက် ခေါင်းတွေကြားထဲမှာ တောက်ပနေတဲ့ ဦးခေါင်းတစ်ခုကို ကျွန်တော့်မျက်လုံးက ဖြတ်ခနဲ မြင်လိုက်တာမို့ ကျွန်တော် ရှေ့ကို ကိုင်းပြီး ကြည့်လိုက်မိတယ်။ နေရောင်အောက်မှာ ပျားရည်ရောင် ဝင်းလက်နေတဲ့ ဆံနွယ်တွေ၊ အဲဒီအထဲမှာမှ ရွှေရောင်အလင်းတန်းလေးတွေနဲ့မို့ ဒါဟာ မင်းသားတစ်ပါးရဲ့ သရဖူအမှတ်အသား ရွှေရောင်ပန်းဦးရစ်ပဲ ဖြစ်ရပါမယ်။

သူက တခြားကလေးတွေထက် အရပ်ပုပါတယ်။ ပြီးတော့ တခြားသူတွေနဲ့မတူဘဲ ကလေးဆန်ဆန်နဲ့ ဝဝ ဖိုင့်ဖိုင့်လေး ရှိနေသေးတယ်။ သူ့ဆံပင်ရှည်တွေကို သားရေကြိုးနဲ့ စည်းနှောင်ထားတာမို့ နေလောင်ထားတဲ့ ကျောပြင်မည်းမည်းပေါ်မှာ ထင်းနေတယ်။ သူလှည့်ကြည့်လိုက်တဲ့အခါမှာတော့ သူ့မျက်နှာထားက လူကြီးတစ်ယောက်လို တည်ငြိမ်လှပါတယ်လေ။

ယဇ်ပုရောဟိတ်က မြေကြီးကို ရိုက်ပုတ်ပြီး အချက်ပေးလိုက်တာနဲ့ အသက်ပိုကြီးတဲ့ ကလေးတွေရဲ့ ခန္ဓာကိုယ်တွေကြားကနေ သူ လွယ်လွယ်ကူကူပဲ လျှိုထွက်သွားလိုက်တာ၊ ခြေဖနောင့်လေးတွေက ပန်းရောင်လျှာလေးတွေ သပ်သွားသလိုပဲ တစ်ဖျပ်ဖျပ် လက်နေတယ်။ သူ နိုင်သွားပါတယ်။

ခမည်းတော်က ကျွန်တော့်ပေါင်ပေါ်က ပန်းကုံးကို ယူပြီး သူ့ကို ဆောင်းပေးလိုက်တာကို ကျွန်တော် ငေးကြည့်နေမိတယ်။ သူ့ဆံပင်အရောင် တောက်ပလွန်းလို့ သစ်ရွက်တွေတောင် မည်းသွားသလိုပဲ။ သူ့ရဲ့ ခမည်းတော် ပဲလီယပ်စ် က ဂုဏ်ယူဝင့်ကြွားစွာ ပြုံးရင်း သူ့သားကို လာခေါ်တယ်။ ပဲလီယပ်စ်ရဲ့ တိုင်းပြည်က ကျွန်တော်တို့ထက် ငယ်ပေမဲ့ သူ့ကြင်ယာတော်က နတ်ဘုရားမတစ်ပါးဖြစ်တယ်ဆိုတဲ့ ကောလာဟလတွေ ရှိသလို သူ့ပြည်သူတွေကလည်း သူ့ကို ချစ်ကြပါတယ်။ ကျွန်တော့်ခမည်းတော်ကတော့ မနာလိုတဲ့မျက်လုံးတွေနဲ့ ကြည့်နေလေရဲ့။ သူ့မိန်းမက ဉာဏ်ထိုင်းပြီး သူ့သားကတော့ အငယ်ဆုံးအုပ်စုမှာတောင် ဝင်မပြေးနိုင်လောက်အောင် လေးကန်လှတာကိုး။ သူ ကျွန်တော့်ဘက်ကို လှည့်ကြည့်လိုက်ပါတယ်။

"သားယောက်ျားလေးဆိုတာ အဲဒီလို ဖြစ်ရမှာကွ” တဲ့လေ။

ပန်းကုံး သရဖူမရှိတော့တဲ့ ကျွန်တော့်လက်တွေက ဟာတာတာ ဖြစ်သွားပါတယ်။ ဘုရင်ပဲလီယပ်စ်က သူ့သားကို ပွေ့ဖက်လိုက်တာကို ကျွန်တော် ကြည့်နေမိတယ်။ အဲဒီကောင်လေးက ပန်းကုံးကို လေထဲမြှောက်လိုက်၊ ပြန်ဖမ်းလိုက် လုပ်နေလေရဲ့။ သူ ရယ်မောနေတယ်။ သူ့မျက်နှာလေးက အနိုင်ရခဲ့တဲ့ ဂုဏ်ကြောင့် ဝင်းပနေတယ်။

ဒီအဖြစ်အပျက်ကလွဲရင် အဲဒီတုန်းက ဘဝအကြောင်း ကျွန်တော် သိပ်မမှတ်မိတော့ပါဘူး။ ရာဇပလ္လင်ပေါ်မှာ မျက်မှောင်ကြုတ်နေတဲ့ ခမည်းတော်ရယ်၊ ကျွန်တော် သိပ်ကြိုက်တဲ့ သစ်သားမြင်းရုပ်လေးရယ်၊ အီဂျီယန်ပင်လယ်ပြင်ဘက်ကို ငေးနေတတ်တဲ့ ကမ်းခြေက မယ်တော်ရယ်၊ ဒါတွေပဲ မှတ်မိတော့တယ်။ နောက်ဆုံးမှတ်မိသလောက်ကတော့ ကျွန်တော်က မယ်တော့်အတွက် ရေပြင်ကို ရှပ်ပြီး ကျောက်ခဲလေးတွေ ပစ်ပြနေတာပါပဲ။ ပလွတ်၊ ပလွတ်၊ ပလွတ် နဲ့ ကျောက်ခဲလေးတွေက ရေမျက်နှာပြင်ပေါ် ခုန်သွားတာပေါ့။ ရေလှိုင်းလေးတွေ ဖြစ်သွားပြီး ဖန်သားပြင်ကြီးတစ်ခုလို ရေပြန်ငြိမ်သွားတာကို မယ်တော်က သဘောကျပုံရတယ်။ ဒါမှမဟုတ် ပင်လယ်ကြီးကိုပဲ သူ သဘောကျနေတာလား မသိတော့ပါဘူး။ သူ့ရဲ့ နားထင်နားမှာတော့ အရိုးလို ဖြူဖွေးနေတဲ့ အမာရွတ်တစ်ခု ရှိတယ်။ အဲဒါက တစ်ခါတုန်းက သူ့ဖခင်က ဓားရိုးနဲ့ ရိုက်လိုက်လို့ ရလာတဲ့ ဒဏ်ရာရယ်ပါ။ သဲသောင်ပြင်ထဲ နှစ်ထားတဲ့ သူ့ ခြေချောင်းလေးတွေ ထောင်နေတာကို သတိထားကာ ရှောင်ပြီး ကျွန်တော် ကျောက်ခဲလေးတွေကို ရှာလိုက်ပါတယ်။ ပြီးတော့ ကျွန်တော် ကျောက်ခဲတစ်လုံးကောက်ပြီး ပစ်လိုက်တယ်။ ဒီကိစ္စလေးတစ်ခုတော့ ကျွန်တော် ကောင်းကောင်းလုပ်နိုင်လို့ ဝမ်းသာမိတယ်။ ဒါက မယ်တော်နဲ့ပတ်သက်ပြီး ကျွန်တော့်မှာရှိတဲ့ တစ်ခုတည်းသော မှတ်ဉာဏ်ပါပဲ။ ဘယ်လောက်တောင် လှပသလဲဆိုရင် ကျွန်တော် စိတ်ကူးနဲ့ ဖန်တီးထားတာများလားလို့တောင် သံသယဖြစ်မိတယ်။ တကယ်တော့ ခမည်းတော်က သူ့ရဲ့ ဉာဏ်မမီတဲ့သားနဲ့ ပိုပြီးဉာဏ်မမီတဲ့ မိန်းမကို ဒီလိုမျိုး နှစ်ယောက်တည်း လွှတ်ထားဖို့ဆိုတာ မဖြစ်နိုင်ဘူးလေ။ ပြီးတော့ ကျွန်တော်တို့ ဘယ်ရောက်နေတာပါလိမ့်။ ဒီကမ်းခြေကိုရော၊ ပင်လယ်ကမ်းစပ် ရှုခင်းကိုရော ကျွန်တော် မမှတ်မိပါဘူး။ အချိန်တွေကလည်း အများကြီး ကုန်ဆုံးခဲ့ပြီကိုး။

စာမပြင်ရသေးသော မူကြမ်းဖြစ်ပါတယ်။ ကျွန်တော့် substack မှာ subscribe ထားပြီးလည်း ဖတ်လို့ရပါတယ်။

https://substack.com/@myanmarwriter/note/p-191458373?r=7wolxi&utm_source=notes-share-action&utm_medium=web




Comments

Popular posts from this blog

ဘာသာရေးနှင့် သိပ္ပံပညာ စာအုပ် စတင် ဖြန့်ချိပါပြီ

သြဒစ္ဆေ မော်ကွန်း စကားပြေ ၁

အစ္ဆရိယရကန် စကားပြေ ၁