အပယ်ခံတို့ နှလုံးသား - ၁၊ ၁၊ ၂
အခန်း ၂ မွန်ဆီယာ မာရီယယ်လ်မှ ဆရာတော် ဘျန်ဗနျု ဖြစ်လာခြင်း
ဒိညမြို့ရှိ ဂိုဏ်းအုပ်ဆရာတော်၏ စံအိမ်တော်သည် ဆေးရုံနှင့်
ကပ်လျက်တွင် တည်ရှိ၏။
စံအိမ်တော်သည် အလွန်ကျယ်ဝန်းပြီး ခမ်းနားလှပသော အဆောက်အအုံကြီးဖြစ်ကာ
၁၇၁၂ ခုနှစ်တွင် ဒိညမြို့၏ ဂိုဏ်းအုပ်ဘုန်းတော်ကြီး ဖြစ်ခဲ့သော ပါရီတက္ကသိုလ်မှ
ဓမ္မဗေဒပါရဂူနှင့် ဆီမိုးမြို့ ကျောင်းထိုင်ဘုန်းကြီးဖြစ်သူ ဆရာတော် ဟင်နရီ
ပူဂျက်က ပြီးခဲ့သည့် ရာစုနှစ်အစပိုင်းတွင် ကျောက်တုံးများဖြင့်
တည်ဆောက်ခဲ့ခြင်းဖြစ်၏။ ဤစံအိမ်တော်သည် အထက်တန်းလွှာတို့၏ ခမ်းနားသော
အိမ်တော်ကြီးတစ်ခုနှင့် တူလှပေသည်။ ဘုန်းတော်ကြီး၏ အခန်းများ၊ ဧည့်ခန်းများ၊
အိပ်ခန်းများ၊ ရှေးဟောင်း ဖလောရင့်စ် လက်ရာ လိပ်ခုံးပေါင်းကူး စင်္ကြံလမ်းများနှင့်
အမိုးပါ လူသွားလမ်းများ ဝန်းရံလျက်ရှိသော အလွန်တရာ ကျယ်ဝန်းလှသည့် ဂုဏ်ထူးဆောင်
ရင်ပြင်ကျယ်နှင့် လှပခမ်းနားသော သစ်ပင်ကြီးများ စိုက်ပျိုးထားသည့် ဥယျာဉ်များ
စသည်ဖြင့် အရာအားလုံးသည် ကြီးကျယ်ခမ်းနားလှသည်။ ဥယျာဉ်ဘက်သို့ မျက်နှာမူထားသော
မြေညီထပ်ရှိ ရှည်လျားလှပသည့် ခမ်းနားသော ဆွမ်းစား ခန်းမဆောင်ကြီးထဲတွင် ဆရာတော် ဟင်နရီ
ပူဂျက်သည် ၁၇၁၄ ခုနှစ်၊ ဇူလိုင်လ ၂၉ ရက်နေ့တွင် ဂုဏ်သရေရှိ ဘုန်းတော်ကြီးများကို
ပင့်ဖိတ်ကာ ခမ်းနားသော ဂုဏ်ပြုညစာစားပွဲကြီး ကျင်းပခဲ့ဖူးလေသည်။ ၎င်းတို့မှာ -
၁) အမ်ဘရွန်မြို့မှ နယ်စားဂိုဏ်းချုပ်ဘုန်းတော်ကြီး ဆရာတော် ချားလ်စ်
ဘရူးလတ် ဒီဂျန်လစ်
၂) ဂရာ့စ်မြို့မှ ဂိုဏ်းအုပ်ဘုန်းတော်ကြီး ကာပူချင်ဂိုဏ်းဝင် ဆရာတော် အန်တွာ
ဒီ မက်ဂရီညီ
၃) စိန့်-အိုနိုရေး ဒီလေရင် ကျောင်းတိုက်မှ ကျောင်းထိုင်နှင့် ပြင်သစ်၏
ဂိုဏ်းအုပ်ကြီး ဆရာတော် ဖိလစ် ဒီဗန်ဒုမ်း
၄) ဗင့်စ်မြို့စားဂိုဏ်းအုပ်ဘုန်းတော်ကြီး ဆရာတော် ဖရန်ဆွာ ဒီဘာတွန်
ဒီခရီယွန်
၅) ဂလန်ဒဲဗ် ရွာစားဂိုဏ်းအုပ်ဘုန်းတော်ကြီး ဆရာတော် ဆီဇာ ဒီဆာဘရန် ဒီ
ဖော်ကယ်ကီရေ
၆) ဧကရာဇ်မင်းကြီး၏ အမြဲတမ်း ဓမ္မဆရာ၊ အိုရာတိုရီယန် ဂိုဏ်းဝင်နှင့်
ဆီနက်ဇ်မှ ရွာစားဂိုဏ်းအုပ်ဘုန်းတော်ကြီး ယန်း ဆိုနန် တို့ ဖြစ်၏။ ကျောင်းထိုင်ဆရာတော်အပါအဝင်
ဤရိုသေလေးစားဖွယ်ကောင်းသော ပုဂ္ဂိုလ်ကြီး ၇ ဦး၏ ပုံတူပန်းချီကားများကို
ထိုအခန်းတွင် ချိတ်ဆွဲအလှဆင်ထားပြီး အမှတ်ရဖွယ်ကောင်းသော ထို ၁၇၁၄ ခုနှစ်၊
ဇူလိုင်လ ၂၉ ရက်နေ့ အချိန်ကိုလည်း စကျင်ကျောက်ဖြူ စားပွဲတစ်လုံးပေါ်တွင်
ရွှေရောင်စာလုံးများဖြင့် ထွင်းထုကာ မှတ်တမ်းတင်ထားလေသည်။
ဆေးရုံမှာမူ တစ်ထပ်တည်းရှိသော ခပ်နိမ့်နိမ့်နှင့် ကျဉ်းမြောင်းလှသည့်
အဆောက်အအုံလေးဖြစ်ပြီး ဥယျာဉ်ငယ်လေး တစ်ခုသာရှိ၏။
သူရောက်ရှိလာပြီး သုံးရက်အကြာတွင် ဆရာတော် ဘျန်ဗနျုသည် ဆေးရုံသို့
သွားရောက်ကြည့်ရှုခဲ့၏။ ထိုသို့ ကြည့်ရှုပြီးသည့်နောက် ဆေးရုံအုပ်ကြီးအား
သူ့ထံသို့ လာရောက်တွေ့ဆုံရန် ဖိတ်ကြားချက်ကို ချန်ထားခဲ့လေသည်။
"ဆေးရုံအုပ်ကြီး... အခု လောလောဆယ် လူနာဘယ်နှယောက်
ရှိသတုံး" ဟု ဆရာတော်က မေး၏။
"၂၆ ယောက်ပါ ဆရာတော်"
"အင်း ကျုပ်ရေတွက်မိတဲ့ အရေအတွက်အတိုင်းပါပဲ"
ဟု ဘုန်းတော်ကြီးက ပြောသည်။
"ကုတင်တွေက တစ်လုံးနဲ့တစ်လုံး အရမ်းကပ်နေပါတယ်
ဘုရား" ဟု ဆေးရုံအုပ်က ထပ်ဖြည့်ပြောလေသည်။
"ဒါလဲ ကျုပ် သတိထားမိပါတယ်"
"လူနာဆောင်တွေက အိပ်ခန်းငယ်လေးတွေလောက်ပဲ ကျယ်ပြီး
လေဝင်လေထွက်ကောင်းအောင် လုပ်ဖို့ ခက်ခဲပါတယ်"
"ကျုပ်လဲ ဒီလိုပဲ တွေးမိပါတယ်"
"ပြီးတော့ နေရောင်ခြည်ရတဲ့အချိန်ဆိုရင်လဲ နာလန်ထစ
လူနာတွေ နားနေဖို့အတွက် ဥယျာဉ်လေးက အရမ်းသေးငယ်လွန်းပါတယ်"
"ကျုပ်လဲ အဲဒီလိုပဲ ကိုယ့်ကိုယ်ကိုယ် ပြောမိနေတာ"
"ကပ်ရောဂါတစ်ခုခုများ ဖြစ်လာခဲ့ရင်... ဒီနှစ်ဆို
တိုက်ဖိုက်ရောဂါ ဖြစ်တယ်၊ လွန်ခဲ့တဲ့ နှစ်နှစ်ကဆို အဖျားရောဂါ ဖြစ်ခဲ့ပါတယ်။
တစ်ခါတလေ လူနာအယောက် ၁၀၀ လောက် ရှိလာရင် တပည့်တော်တော့ ဘာလုပ်ရမှန်းကို မသိတော့ဘူး
ဘုရား"
"ဒါလဲ ကျွန်ုပ်ခေါင်းထဲ ဝင်လာတဲ့ အတွေးပါပဲ"
"ညည်းတွားနေလို့လဲ အပိုပါပဲ ဘုရား" ဟု
ဆေးရုံအုပ်က လျှောက်လေသည်။ "လက်ရှိအခြေအနေကိုပဲ တပည့်တော်တို့
လက်ခံရမှာပါ"
ဤစကားတို့ကို မြေညီထပ်ရှိ ပန်းချီကားများချိတ်ဆွဲထားသော ဆွမ်းစားခန်းမဆောင်ကြီးထဲတွင်
ပြောကြားခဲ့ခြင်း ဖြစ်၏။ ဆရာတော်သည် ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် ရုတ်တရက်
ဆေးရုံအုပ်ကြီးဘက်သို့ လှည့်လိုက်သည်။
“ဆရာကြီး" ဟု ဆရာတော်က ပြောလိုက်သည်။
"ဒီအခန်းတစ်ခန်းတည်းမှာတင် ကုတင်ဘယ်နှလုံးလောက် ဆံ့မယ်လို့ ထင်သလဲ"
"ဆရာတော့် ဆွမ်းစားဆောင်ထဲမှာလား ဘုရား"
ဆေးရုံအုပ်ကြီးက အံ့သြတကြီး ရေရွတ်လိုက်သည်။
ဆရာတော်သည် အခန်းတစ်ဝိုက်သို့ အကဲခတ်ကြည့်လိုက်ပြီး အတိုင်းအတာများကို
ခန့်မှန်းကာ တွက်ချက်နေဟန်ရှိ၏။
"ကုတင်နှစ်ဆယ်တော့ အေးဆေးပဲ" ဟု သူက
သူ့ကိုယ်သူ ပြောနေသည့်အလား ဆိုလိုက်သည်။ ထို့နောက် အသံကိုမြှင့်ကာ "ကဲ...ဆေးရုံအုပ်ကြီး၊
သေချာတာတစ်ခုကတော့ ဒီနေရာမှာ တစ်ခုခု မှားယွင်းနေတယ် ဆိုတာပဲ။ ခင်ဗျား ဆေးရုံက
အခန်းငယ် ၅ ခန်း၊ ၆ ခန်းထဲမှာ လူနာ ၂၆ယောက်ကို လောက်အောင် ထားရတယ်။ ကျုပ်မတော့ လူ
၃ယောက်တည်းရှိပေမဲ့ လူ ၆၀ လောက်နေလို့ရတဲ့ နေရာအကျယ်ကြီး ရှိနေတယ်။ တစ်ခုခုတော့
မှားကို မှားနေပါပြီ။ ခင်ဗျားက ကျုပ်နေရမဲ့အိမ်မှာ ရောက်နေပြီး၊ ကျုပ်က ခင်ဗျားနေရမဲ့အိမ်ကို
ရောက်နေတယ်။ ခင်ဗျားအိမ်ကို ခင်ဗျား ပြန်ယူပါ။ ဒီနေရာက ခင်ဗျားတို့နဲ့
သင့်တော်တဲ့နေရာပဲ"
နောက်နေ့တွင် နွမ်းပါးသော လူနာ ၂၆ ဦးသည် ဆရာတော်၏ စံအိမ်တော်သို့
ပြောင်းရွှေ့လာခဲ့ကြပြီး ဆရာတော်ကြီးမှာမူ ဆေးရုံတွင် နေရာယူလိုက်လေတော့သည်။
မွန်ဆီယာ မာရီယယ်လ်သည် ချမ်းသာကြွယ်ဝသူတစ်ဦး မဟုတ်ပေ။ သူ၏မိသားစုသည်
တော်လှန်ရေးကာလအတွင်း စီးပွားပျက်ခဲ့သည်။ နှမဖြစ်သူတွင် တစ်သက်တာခံစားခွင့်အဖြစ်
တစ်နှစ်လျှင် ဖရန့်ငွေ ၅၀၀ ရရှိပြီး၊ ယင်းမှာ သင်းအုပ်ကျောင်းတိုက်ရှိ သူ၏
ကိုယ်ပိုင်အသုံးစရိတ်အတွက်သာ လုံလောက်လေသည်။ ဂိုဏ်းအုပ်ဆရာတော် ရာထူးဖြင့်
မွန်ဆီယာ မာရီယယ်လ်သည် နိုင်ငံတော်ထံမှ လစာငွေ ၁၅,၀၀၀ ဖရန့်ရရှိ၏။ သူသည်
ဆေးရုံအဆောက်အအုံသို့ စတင်ပြောင်းရွှေ့နေထိုင်သည့် နေ့မှာပင် ဤငွေကြေးများကို
မည်သို့အသုံးပြုမည်ဆိုသည်ကို တစ်ခါတည်း အပြီးအပြတ် ဆုံးဖြတ်ချက်ချခဲ့လေသည်။ သူကိုယ်တိုင်
ရေးသားထားသော မှတ်စုတစ်စောင်ကို ဤနေရာတွင် ကျွန်ုပ်တို့ ကူးယူဖော်ပြလိုက်ပါသည်။
အိမ်ထောင်စု အသုံးစရိတ် ကြီးကြပ်ရန် မှတ်စု
|
ဓမ္မကထိက
သင်တန်းကျောင်းအတွက် |
၁,၅၀၀ ဖရန့် |
|
သာသနာပြုအဖွဲ့အတွက်
|
၁၀၀ ဖရန့် |
|
မွန့်ဒီဒီယေးရှိ
လာဇရစ် ဘုန်းတော်ကြီးများအတွက် |
၁၀၀ ဖရန့် |
|
ပါရီမြို့
နိုင်ငံခြားသာသနာပြု သင်တန်းကျောင်းအတွက် |
၂၀၀ ဖရန့် |
|
သန့်ရှင်းသော
ဝိညာဉ်တော်အဖွဲ့အစည်းအတွက် |
၁၅၀ ဖရန့် |
|
သန့်ရှင်းသောမြေရှိ
ဘာသာရေးအဖွဲ့အစည်းများအတွက် |
၁၀၀ ဖရန့် |
|
မိခင်များစောင့်ရှောက်ရေး
ပရဟိတအသင်းများအတွက် |
၃၀၀
ဖရန့် |
|
အာလက်စ်အတွက်
အပိုထောက်ပံ့ငွေ |
၅၀ ဖရန့် |
|
အကျဉ်းထောင်များ
တိုးတက်ကောင်းမွန်ရေး အထောက်အပံ့အတွက် |
၄၀၀ ဖရန့် |
|
အကျဉ်းသားများ
သက်သာချောင်ချိရေးနှင့် လွတ်မြောက်ရေး အထောက်အပံ့အတွက် |
၅၀၀ ဖရန့် |
|
အကြွေးကြောင့်
အကျဉ်းကျနေသော အိမ်ထောင်ဦးစီးများ လွတ်မြောက်ရေးအတွက် |
၁,၀၀၀ ဖရန့် |
|
အကူအညီလိုအပ်နေသော
သာသနာပိုင်နယ်မြေမှ ဆရာများ၏လစာကို ဖြည့်တင်းပေးရန် |
၂,၀၀၀ ဖရန့် |
|
အထက်ပိုင်း
အဲလ်ပ် ဒေသရှိ ပြည်သူ့စပါးကျီအတွက် |
၁၀၀
ဖရန့် |
|
ဒိညမြို့၊
မာနော့စကီနှင့် စစ္စတာရွန်ရှိ အမျိုးသမီးများအဖွဲ့အစည်း၊ ဆင်းရဲနွမ်းပါးသော
မိန်းကလေးငယ်များ အခမဲ့ပညာသင်ကြားရေးအတွက် |
၁,၅၀၀ ဖရန့် |
|
ဆင်းရဲသားများအတွက်
|
၆,၀၀၀ ဖရန့် |
|
ကျွန်ုပ်၏
ကိုယ်ပိုင်အသုံးစရိတ် |
၁,၀၀၀ ဖရန့် |
|
စုစုပေါင်း
|
၁၅,၀၀၀ ဖရန့် |
ဒိညမြို့၏ ဂိုဏ်းအုပ်ဘုန်းတော်ကြီးအဖြစ် တာဝန်ထမ်းဆောင်နေစဉ်
အချိန်ကာလတစ်လျှောက်လုံး မွန်ဆီယာ မာရီယယ်လ်သည် ဤအစီအမံကို မည်သည့်အပြောင်းအလဲမျှ
မပြုလုပ်ခဲ့ပေ။ ကျွန်ုပ်တို့ တွေ့ခဲ့ရသည့်အတိုင်း သူက ၎င်းကို သူ၏ ‘အိမ်ထောင်စုအသုံးစရိတ်
ကြီးကြပ်ခြင်း' ဟု ခေါ်ဆိုခဲ့လေသည်။
ဤအစီအစဉ်ကို မဒမ်မွိုင်ဇဲလ် ဘတ္တီစတင်းကလည်း လုံးဝသဘောတူ လက်ခံခဲ့သည်။
ဤသူတော်စင် အပျိုကြီးအတွက် ဒိညမြို့၏ ဂိုဏ်းအုပ်ဆရာတော်သည် အစ်ကိုလည်းဖြစ်၊
ဘုန်းတော်ကြီးလည်းဖြစ်သဖြင့် သဘာဝအရ နှမတစ်ယောက် အနေဖြင့် ချစ်ခင်ရသူဖြစ်သလို
သာသနာရေးအရလည်း သူ၏အထက်လူကြီး ဖြစ်နေလေသည်။ သူသည် ဆရာတော်ကို ရိုးရှင်းစွာပင်
ချစ်ခင်ကြည်ညိုခဲ့၏။ ဆရာတော်စကားပြောလျှင် နှမဖြစ်သူက ရိုသေစွာ နားထောင်၏။ ဆရာတော်
လုပ်သမျှကိုလည်း သူက ထောက်ခံအားပေး၏။ သို့သော် သူတို့၏ တစ်ဦးတည်းသောအိမ်အကူ မဒမ် မဂ်လွားကမူ
အနည်းငယ် ညည်းညူတတ်၏။ ဆရာတော်သည် သူကိုယ်တိုင်အတွက်မူကား အထက်တွင် သတိထားမိနိုင်သည့်အတိုင်း
ဖရန့်ငွေ ၁,၀၀၀ သာ ဖယ်ချန်ထားခဲ့ပြီး၊ ယင်းကို မဒမ်မွိုင်ဇဲလ် ဘတ္တီစတင်း၏
ဝင်ငွေနှင့် ပေါင်းလိုက်လျှင် တစ်နှစ်အတွက် စုစုပေါင်း ဖရန့်ငွေ ၁၅၀၀ သာ ရှိလေသည်။
အဘွားအိုနှစ်ဦးနှင့် အဘိုးအိုတစ်ဦးတို့သည် ဤဖရန့်ငွေ ၁၅၀၀ ဖြင့်သာ
ရပ်တည်အသက်ရှင်ခဲ့ကြရ၏။
သို့တိုင်အောင် မဒမ် မဂ်လွား၏ ထောင့်စေ့သော ချွေတာတတ်မှုနှင့် မဒမ်မွိုင်ဇဲလ်
ဘတ္တီစတင်း၏ လိမ္မာပါးနပ်စွာ စီမံခန့်ခွဲမှုတို့ကြောင့် ဒိညမြို့သို့ ကျေးလက် ဘုန်းတော်ကြီးတစ်ပါး
လာရောက်လည်ပတ်သည့် အခါတိုင်း ဂိုဏ်းအုပ်ဘုန်းတော်ကြီးအနေဖြင့် သူတို့ကို
ဧည့်ခံကျွေးမွေးနိုင်စွမ်း ရှိနေသေးသည်။
သူ ဒိညမြို့တွင် နေထိုင်သည်မှာ သုံးလခန့်အကြာ တစ်နေ့တွင် ဆရာတော်က
"ဒီလောက်နဲ့တောင်မှ ကျုပ်ဆီမှာ မလောက်ငှသေးဘူး" ဟု ပြောလိုက်လေသည်။
"မလောက်ဘူးလို့ တပည့်တော် ရဲရဲကြီး ပြောရဲပါတယ်
ဘုရား" ဟု မဒမ် မဂ်လွားက အံ့အားသင့်စွာ ပြော၏။ "ဆရာတော့်အနေနဲ့
မြို့ထဲသွားဖို့နဲ့ သာသနာ့နယ်မြေတွေကို လှည့်လည်ကြည့်ရှုဖို့
ရထားလုံးအသုံးစရိတ်အတွက် ခရိုင်အုပ်ချုပ်ရေးအဖွဲ့က ပေးရမဲ့ ထောက်ပံ့ကြေးကိုတောင်
မတောင်းရသေးပါဘူး။ အရင် ဆရာတော်တွေတုန်းက အဲဒီလိုပဲ လုပ်ခဲ့ကြတာ ဘုရား"
"အို...ဟုတ်သားပဲ" ဟု ဘုန်းတော်ကြီးက
ပြောသည်။ "ခင်ဗျားပြောတာ လုံးဝမှန်တယ် မဒမ် မဂ်လွား"
ထို့နောက် ဆရာတော်သည် ထောက်ပံ့ကြေး တောင်းခံခဲ့လေသည်။
အချိန်အတန်ကြာပြီးနောက် အထွေထွေကောင်စီက သူ၏တောင်းဆိုချက်ကို
ထည့်သွင်းစဉ်းစားကာ နှစ်စဉ် ဖရန့်ငွေ ၃၀၀၀ ပေးအပ်ရန် မဲခွဲဆုံးဖြတ်ခဲ့ကြပြီး
၎င်းကို "ရထားလုံးစရိတ်၊ စာပို့ရထားစရိတ်နှင့် သာသနာရေး ခရီးစဉ်များအတွက်
ဂိုဏ်းအုပ်ဘုန်းတော်ကြီးအား ပေးအပ်သော ထောက်ပံ့ကြေး" ဟု မှတ်တမ်းတင်ခဲ့၏။
ဤကိစ္စသည် ဒေသခံ ဓနရှင် ဘူဇွာလူတန်းစားများအကြားတွင် ကြီးမားသော
ကန့်ကွက်သံများကို ထွက်ပေါ်စေခဲ့လေသည်။ ထိုအချိန်က ဘရူမဲယားလ ၁၈ ရက်နေ့ (နပိုလီယန်
အာဏာသိမ်းသည့်နေ့)ကို ထောက်ခံခဲ့ပြီး ဒိညမြို့အနီးတွင် ခမ်းနားသော
အိမ်တော်ကြီးတစ်လုံးကို ချီးမြှင့်ခံထားရသည့် လူ ၅၀၀ ကောင်စီဝင်ဟောင်း အင်ပါယာ
အထက်လွှတ်တော်အမတ်တစ်ဦးက သာသနာရေးရာဝန်ကြီး မွန်ဆီယာ ဘီဂေါ့ ဒီပရေရာမန်နျုထံသို့
ဤကိစ္စနှင့်ပတ်သက်၍ ဒေါသတကြီးဖြင့် စာတစ်စောင်ကို လျှို့ဝှက်ရေးသားပေးပို့ခဲ့လေသည်။
ယင်းစာထဲမှ အောက်ပါစာကြောင်းများကို ကျွန်ုပ်တို့ အတိအကျ ကူးယူဖော်ပြလိုက်ပါသည်။
‘ရထားလုံးစရိတ်တဲ့လား။ လူဦးရေ ၄၀၀၀ တောင် မပြည့်တဲ့မြို့မှာ
ဘာလုပ်ဖို့လဲ။ သာသနာရေး ခရီးစဉ်စရိတ်တဲ့လား။ ပထမဆုံးအနေနဲ့ အဲဒီခရီးစဉ်တွေက
ဘာအကျိုးရှိမှာမို့လို့လဲ။ ပြီးတော့ ဒီလိုတောင်တန်းထူထပ်တဲ့ နေရာတွေမှာ
စာပို့ရထားနဲ့ ဘယ်လိုသွားလို့ရမှာလဲ။ လမ်းတွေမှမရှိတာ။ မြင်းစီးပြီးပဲ
သွားလို့ရမှာလေ။ ရှာတို-အာနော့စ်က ဒူရန့်စ် မြစ်ကူးတံတားဆိုရင် နွားလှည်းတွေတောင်
မနည်းဖြတ်နေရတာ။ ဒီဘုန်းကြီးတွေ အားလုံးက အတူတူချည်းပဲ။ လောဘကြီးပြီး
ကပ်စေးနှဲကြတယ်။ ဒီတစ်ယောက်ကလဲ ပထမစရောက်တုန်းကတော့ တမန်တော် သူတော်ကောင်းကြီးလို
ဟန်ဆောင်နေခဲ့တာ။ အခုတော့လဲ ရှေ့ရှေ့ကအတိုင်း ခြေရာတိုင်းနေပြီ။ ရထားလုံးစီးရမှ၊
မြင်းလှည်းနဲ့ ခရီးသွားရမှတဲ့ဗျို့။ အရင်ခေတ်က ဘုန်းကြီးတွေလို ဇိမ်ခံချင်လှပြီ။
အို၊ ဒီဘုန်းကြီးယုတ်တွေ။ ဧကရာဇ်မင်းကြီးကိုယ်တိုင်ကျွန်တော်မျိုးတို့ကို ဒီဘုန်းကြီးတွေလက်က
ကယ်တင်မှပဲ အရာရာ အဆင်ပြေတော့မှာပါ။ ပုပ်ရဟန်းမင်းကြီး ကျဆုံးပါစေ။ ကျွန်ုပ်အနေနဲ့ကတော့
ဆီဇာ ဘက်ကချည်းပါပဲ’ စသဖြင့် ရေးသားထားလေသည်။ ထိုစဥ်က ရောမနှင့် ဆက်ဆံရေးမှာ
မကောင်းမွန်လှပေ။
မဒမ် မဂ်လွားကမူ အလွန်ဝမ်းသာနေခဲ့၏။ "ကဲ" ဟု သူက မဒမ်မွိုင်ဇဲလ်
ဘတ္တီစတင်းအား ပြောလိုက်သည်။ "ဆရာတော်က တခြားသူတွေကိုပဲ ဦးစားပေးနေခဲ့တာ အခုတော့
သူ့ကိုယ်သူအတွက် ပြန်လှည့်ကြည့်လာပြီ။ သူလှူချင်တာတွေ လှူပြီးသွားပြီပဲ။
ဒီဖရန့်ငွေ ၃,၀၀၀က ကျွန်မတို့အတွက်ပဲ ဖြစ်ရမယ်၊ တော်သေးတာပေါ့ရှင်"
ထိုနေ့ ညနေပိုင်းတွင် ဆရာတော်သည် အောက်ပါအတိုင်း ရေးသားထားသော
မှတ်စုတစ်စောင်ကို သူ၏နှမထံသို့ ကမ်းပေးလိုက်လေသည်။
ရထားလုံးနှင့် သာသနာရေး ခရီးစဉ်များအတွက် ထောက်ပံ့ကြေး
|
ဆေးရုံရှိ
လူနာများအား အသားပြုတ်ရည် တိုက်ကျွေးရန် |
၁,၅၀၀ ဖရန့် |
|
အက်စ်
မြို့ရှိ မိခင်များစောင့်ရှောက်ရေး ပရဟိတအသင်းအတွက် |
၂၅၀ ဖရန့် |
|
ဒရာဂွီညန်
ရှိ မိခင်များစောင့်ရှောက်ရေး ပရဟိတအသင်းအတွက် |
၂၅၀ ဖရန့် |
|
စွန့်ပစ်ခံ
ကလေးငယ်များအတွက် |
၅၀၀ ဖရန့် |
|
မိဘမဲ့
ကလေးငယ်များအတွက် |
၅၀၀ ဖရန့် |
|
စုစုပေါင်း
|
၃,၀၀၀ ဖရန့် |
ဤသည်ကား မွန်ဆီယာ မာရီယယ်လ်၏ အသုံးစရိတ်ပင် ဖြစ်ပေတော့၏။
မင်္ဂလာကြေညာစာတမ်း ဖတ်ကြားခြင်း၊ အထူး ကင်းလွတ်ခွင့်ပြုချက်များ၊
သီးသန့်နှစ်ခြင်းမင်္ဂလာများ၊ တရားဟောခြင်းများ၊ ဘုရားကျောင်းများနှင့်
ဝတ်ပြုကျောင်းငယ်များအတွက် ကောင်းချီးပေးခြင်းများ၊ မင်္ဂလာဆောင်များ စသည်တို့မှ
ရရှိသော ဂိုဏ်းအုပ်ဘုန်းတော်ကြီး၏ ဝင်ငွေများနှင့် ပတ်သက်၍ကား ဆရာတော်သည်
ချမ်းသာသူများထံမှ ပို၍ကြိုးစားပမ်းစား တောင်းခံတတ်လေသည်။ အကြောင်းမှာ
ထိုငွေများကို ဆင်းရဲသားများအား ပြန်လည်ပေးကမ်းရန် ဖြစ်သောကြောင့်တည်း။
အချိန်အတန်ကြာသောအခါ အလှူငွေများ အလုံးအရင်းနှင့် ဝင်ရောက်လာခဲ့လေသည်။
ချမ်းသာသူများနှင့် ဆင်းရဲသားတို့ အားလုံး မွန်ဆီယာ မာရီယယ်လ်၏ တံခါးဝသို့
လာခေါက်ကြကုန်၏။ ဆင်းရဲသားများက ချမ်းသာသူများထံမှတစ်ဆင့် သူ့ထံသို့ ရောက်ရှိလာသော
အလှူငွေများကို လာရောက် တောင်းခံကြခြင်းဖြစ်၏။ တစ်နှစ်မပြည့်မီမှာပင် ဆရာတော်သည်
ပရဟိတအလှူငွေများအားလုံး၏ ဘဏ္ဍာရေးမှူးဖြစ်လာသလို၊ ငွေကြေးကျပ်တည်းမှု
အခက်အခဲများအားလုံးအတွက် ရန်ပုံငွေခွဲဝေပေးသူလည်း ဖြစ်လာခဲ့လေသည်။ ငွေကြေးပမာဏ
အမြောက်အမြားသည် သူ၏လက်ထဲသို့ ဖြတ်သန်းသွားခဲ့သော်လည်း မည်သည့်အရာကမျှ သူ၏
နေထိုင်မှုဘဝပုံစံကို ပြောင်းလဲသွားစေရန် သို့မဟုတ် သူ၏ အခြေခံအကျဆုံး
လိုအပ်ချက်များအတွက် အနည်းငယ်မျှ အပိုဆောင်းသုံးစွဲရန် သွေးဆောင်နိုင်ခြင်း
မရှိခဲ့ပေ။
လုံးဝမပြောင်းလဲခဲ့သည်မှာ အမှန်ပင်။ အထက်တန်းစားများ၏ စာနာမှုများထက်
အောက်ခြေလူတန်းစားများ၏ ဆင်းရဲနွမ်းပါးမှုက အမြဲတမ်း ပိုမိုများပြားနေတတ်သဖြင့်
ရရှိလာသမျှ ငွေကြေးအားလုံးကို မရရှိမီကပင် ကြိုတင်၍
ပေးကမ်းလှူဒါန်းပြီးဖြစ်နေသည်ဟုပင် ဆိုနိုင်သည်။ ခြောက်သွေ့နေသော မြေပြင်ပေါ်သို့
ရေလောင်းချလိုက်သကဲ့သို့ပင် ငွေ မည်မျှပင်ရရှိစေကာမူ သူ့တွင် တစ်ပြားတစ်ချပ်မျှ
ကျန်မနေခဲ့ပေ။ ထို့ကြောင့် သူကိုယ်တိုင်ပင် အတော်လေး ချွေတာသုံးစွဲခဲ့ရရှာ၏။
ဂိုဏ်းအုပ်ဘုန်းတော်ကြီးများအနေဖြင့် သူတို့၏ သာသနာရေး
အမိန့်ပြန်တမ်းများနှင့် သဝဏ်လွှာများ၏ ထိပ်ပိုင်းတွင် သူတို့၏
ခရစ်ယာန်အမည်များကို ရေးသားဖော်ပြရသည့် ထုံးစံရှိရာ ဒေသခံ ဆင်းရဲသားများသည်
ခင်မင်ရင်းနှီးမှုအရ ဘုန်းတော်ကြီး၏ အမည်နာမများထဲမှ သူတို့အတွက် အဓိပ္ပာယ်တစ်စုံတစ်ရာရှိသော
အမည်တစ်ခုကို ရွေးချယ်ခဲ့ကြပြီး သူ့အား ဆရာတော် ဘျန်ဗနျု ‘ကြိုဆိုလက်ခံသော/ကြင်နာသော
ဆရာတော်’ ဟုသာ အမြဲတမ်း ခေါ်ဝေါ်ကြတော့သည်။ ကျွန်ုပ်တို့သည်လည်း သူတို့၏
စံနမူနာကို လိုက်နာပြီး သင့်လျော်သောနေရာများတွင် သူ့ကို ထိုအမည်ဖြင့်ပင်
ရည်ညွှန်းသွားမည်ဖြစ်ပါသည်။ ထို့အပြင် ဤအမည်နာမကို ဆရာတော်ကိုယ်တိုင်ကလည်း သဘောကျ
နှစ်သက်ခဲ့လေသည်။
"ဒီနာမည်ကို ကျုပ်သဘောကျတယ်" ဟု သူက ပြော၏။
" နီးကပ် နွေးထွေးတဲ့ ‘ဘျန်ဗနျု’ ဆိုတဲ့ စကားလုံးက ဝေးကွာ အေးစက်တဲ့ ‘ဘုန်းတော်ကြီး’
ဆိုတဲ့ အခေါ်အဝေါ်ကို အစားထိုးနိုင်တယ်လေ"
ကျွန်ုပ်တို့ ဤနေရာတွင် ပုံဖော်ပြခဲ့သော စရိုက်လက္ခဏာသည် လောက၌
တကယ်ရှိနိုင်ခြေ ရှိပုံမပေါ်ဟု မဆိုလိုပါ။ အပြင်လောကမှ အရှိတရားနှင့်
အလွန်တူညီလှသည်ဟုသာ ဆိုချင်ပါသည်။
ဆက်ရန်
အပတ်စဥ် ကြာဿပတေးနေ့တိုင်း

Comments
Post a Comment