The Odyssey by Homer 

ဩဒစ္ဆေ မော်ကွန်း (စကားပြေ)

သက်ပိုင် (မြန်မာပြန်သည်)



ကဗျာ အတွဲ (၁)

လင်္ကာပိုဒ် (၁) မှ (၂၁)

ဩဒစ္ဆေ လင်္ကာ ဖွင့်တော်မူခန်း

 

အို...မှတ်ဉာဏ်အရာ၌ စံထားရတော်မူသော အသင် နတ်သမီး မျု့စ် (၁) ။ ထရွိုင် (၂) မြို့‌တော် ခံတပ်ကြီးအား စိတ်လိုလက်ရ ဖျက်ဆီးခဲ့ပြီးလျှင် ပင်လယ်ပြင်တခွင် နှံ့စပ်စွာ ခရီးဆန့်ခဲ့သော လက်ရုံးရည်၊ နှလုံးရည်နှင့်ပြည်စုံလှသည့် ထိုယောက်ျားဘသား အကြောင်း ကျွန်ုပ်အား တေးသီလှည့်ပါလော့။ ဌာနေများစွာသို့ ခရီးဆန့်ခဲ့ကာ အဖုံဖုံသော နည်းလမ်းအသွယ်သွယ်ကို လေ့လာလိုက်စားခဲ့သော အကြင်ယောက်ျားသည် သူ၏ မိတ်ဆွေများကို ပင်လယ်ခရီးမှ မွေးရပ်ဌာနီ ပြန်ရောက်နိုင်ရန် ကယ်ဆယ်ဖို့ရာ ကြိုးစားခဲ့၏။ သို့သော် ထိုမိတ်ဆွေတို့မှာကား နေနတ်ဘုရား ဟီလီယို့စ် (၃) ၏ ၀တ္တကမြေမှ နွားလားဥဿဘ တို့အား ဉာဏ်ပညာကင်းမဲ့စွာ ဖမ်းဆီး စားသောက်ခဲ့သောကြောင့် နတ်ဘုရားတို့၏အမျက်သင့်ခံခဲ့ရသည်မှာ အမှန်ပင် ဖြစ်ပေသည်။ နတ်ဘုရားတို့၏ အရှင်သခင် ဇုစ် (၄) နတ်မင်း ၏ သမီးတော်ခင်ဗျား....ကျွန်ုပ်တို့အား သင်၏ ရွှေဉာဏ်တော် စိတ်ဆန္ဒရှိသည့်အတိုင်း မိန့်ကြားတော်မူပါလေ။

 

ထရိုဂျန် စစ်ပွဲဒဏ်မှ အသက်အန္တရာယ် ကင်းလွတ်ခဲ့ကြသော စစ်သည်အပေါင်းတို့သည် ယခုအခါတွင် ပင်လယ်ခရီးနှင့် စစ်၏ရန်ကို ကျော်လွန်ခဲ့ကာ မွေးရပ်မြေသို့ အောင်မြင်စွာ ရွက်လွှင့်၍ ရောက်ရှိနေခဲ့ကြပြီ ဖြစ်သည်။ သို့သော် အကြင် ယောက်ျားဘသား မှာကား အပြောကျယ်လှသော ပင်လယ်ပြင်၌ ကလစ်ပ်ဆို (၅) အမည်ရှိ ကျွန်းစောင့်နတ်သမီး၏ လှိုဏ်ဂူအတွင်းတွင် အကျဉ်းချခံထားရပြီးလျှင် ကြင်ယာတော် နှင့် ဌာနေဆီသို့သာ လွမ်းဆွတ်၍ နေရရှာလေသည်။ ၎င်းအား မွေးရပ်ဌာနေ အစ်သက္က (၆) မြေသို့ ပြန်လည် ရွက်လွှင့်ဖို့ရာ စိတ်ရောက်စေရန် နတ်ဘုရားတို့မှ ရာသီအလီလီပြောင်းလဲစေကာ သတိပေးခဲ့သော်လည်း ထိုယောက်ျားမှာမူကား နတ်သမီး၏ ညို့မာယာကြောင့် သတိမမူနိုင်ခဲ့ပါချေ။ အိုလံပီယာတောင်ထိပ်၌ စံပယ်ကုန်ကြသော နတ်ဘုရားအပေါင်းသည် ထိုယောက်ျားအား သနားတော်မူကြ၏။ သို့သော် ပင်လယ်စောင့်နတ်ဘုရား ပိုဆိုင်ဒန် (၇) မှာကား နတ်ဘုရားတမျှ ဘုန်းတန်ခိုးကြီးမားလှသည့် ထိုယောက်ျား အိုဒစ်စီးယပ်စ်(၈) အား သူ၏ ဌာနေ အစ်သက္ကမြေသို့ မရောက်မချင်း ဒုက္ခဆင်းရဲခြင်းကြီးစွာ ခံစားရစေရန် ဆန္ဒရှိသူဖြစ်လေသည်။

 

လင်္ကာပိုဒ် (၂၂) မှ (၄၃)

ဇုစ် နတ်မင်းမှ အိုလံပီယမ် နတ်ဘုရားများအား မိန့်ကြားတော်မူခန်း

 

ယခုအခါ ပိုဆိုင်ဒန်နတ်ဘုရားသည် နေနတ်ဘုရား ဟီလီယို့စ် စောင့်ကြပ်သည့် နေမင်းကြီး ထွက်ပေါ်တော်မူရာအရပ်နှင့် အိပ်တန်းတက်ရာအရပ်ဖြစ်သည့် အလွန်ဝေးလံခေါင်သီလှသော ဒေသ၌ နေထိုင်ကြကုန်သော အီသီယိုပီယမ် (၉) အနွယ်ဖွားတို့က ပူဇော်ဆက်သသည့် နွားများနှင့် သိုးများကို အပူဇော်ခံရန် ရောက်ရှိနေပေ၏။ သို့သော် အခြားနတ်ဘုရားများကမူ ဇုစ်နတ်မင်းကြီး စံပယ်ရာ အိုလံပီယမ် (၁၀) တောင်ထိပ်ရှိ နတ်နန်း၌ စုံညီစွာ ရောက်ရှိ၍ နေကြလေသည်။ ထိုအခါ နတ်ဘုရားများနှင့် လူသားမျိုးနွယ်၏ အဖ ဖြစ်သော ဇုစ်နတ်မင်းကြီးမှ သူ၏ စိတ်အစဉ်တွင် အာရုံရလျက်ရှိသော အက်ဂါမမ္မနွန်(၁၁) ဘုရင်၏ ဂုဏ်သတင်းကျော်ကြားလှသည့် သားတော် အိုရက်စ်တီးစ် (၁၂) ၏ သတ်ဖြတ်ခြင်းကို ခံခဲ့ရသည့် အီဂျစ်သပ်စ် (၁၃) အကြောင်းကို ဆင်ခြင်လျက် လူသားတို့အကြောင်း စကားဆိုလေသည်။

 

" လူသားများဟာ သူတို့ရဲ့ ဉာဏ်ပညာကင်းမဲ့မှုကြောင့် ဒုက္ခအကျိုးဆက်ကို ခံစားရတိုင်း တို့နတ်ဘုရားတွေကို အပြစ်ဆိုကြတာ တယ်လည်း အံ့ဩစရာကောင်းပေသကိုးကွဲ့။ အေထရီးယပ်စ် (၁၄) ဘုရင်ရဲ့ သားတော်ဖြစ်တဲ့ အက်ဂါမမ္မနွန်ဘုရင် ရဲ့ ကြင်ယာတော်ကို သိမ်းပိုက်ပြီး လင်ယောက်ျား စစ်ပွဲက ပြန်အလာမှာ ကြိုတင်ကြံစည်လို့ သတ်ဖြတ်ခဲ့တဲ့ အီဂျစ်သပ်စ် ကိုပဲကြည့်လေ။ ကျုပ်တို့ကိုယ်တိုင်တောင် အင်မတန် မျက်စိလျင်လှတဲ့ ဘီလူးကြီး အားဂတ်စ်(၁၅)ကို လက်ရ သတ်ဖြတ်နိုင်ခဲ့တဲ့ နတ်ဘုရားတမန်တော် ဟားမီးစ် (၁၆)အား စေလွှတ်လို့ လင်ရှိမယားကို မမြှူဆွယ်သင့်ကြောင်း၊ သားတော် အိုရက်စ်တီးစ် အရွယ်ရောက်တဲ့အခါ သူ့ခမည်းတော် အက်ဂါမမ္မနွန်ဘုရင်အတွက် လက်စားချေပြီး ထီးနန်း အရိုက်အရာကို ဆက်ခံယူမည်ဖြစ်ကြောင်း သူ့ကို သတိပေးခဲ့တယ် မဟုတ်ပါလား။ ဒါပေမယ့် ဟားမီးစ်ရဲ့ အမြော်အမြင်ရှိတဲ့ စကားဟာ အီဂျစ်သပ်စ်ရဲ့ စိတ်နှလုံးကိုတော့ မပြောင်းလဲနိုင်ခဲ့ပေဘူးကွဲ့။ ယခုတော့ဖြင့် အီဂျစ်သပ်စ်တစ်ယောက် သူ့အပြစ်နဲ့သူ အသက်နဲ့ ခန္ဓာ အိုးစားကွဲရပါချေရောလားကွယ်"

 

လင်္ကာပိုဒ် (၄၄) မှ (၉၅)

အက်သီနာ နတ်သမီးမှ အိုဒစ်စီးယပ်စ် အတွက် အကူအညီတောင်းခံခန်း

 

ထိုစဉ် ကြည်လင်သန့်ရှင်းသော မျက်လုံးအစုံဖြင့် အက်သီနာ (၁၇) နတ်သမီးသည် ဖခင် ဇုစ်အား တင်လျှောက်လေတော့သည်။

 

" ခရိုးနို့စ်၏သားတော်၊ နတ်ဘုရားတို့၏သခင်၊ ဘုရင်အပေါင်း၏ ဘုရင် ဇုစ်နတ်မင်းကြီး ရှင်... ထိုယောက်ျားဟာ ဆင်းရဲဒုက္ခခံစားရန် ထိုက်တန်ခြင်းမှာ မှန်ပါပေ၏။ ထို့ကြောင့် ဤယောက်ျားကဲ့သို အပြစ် ကျူးလွန်ခဲ့သော အခြားလူသားတို့အား အရှင့်စိတ်လိုကျ အပြစ်ပေးတော်မူပါ။ သို့သော် သမီးတော် ကျွန်တော်မျိုးမရဲ့ စိတ်အစုံဟာ မွေးရပ်မြေမှဝေးကွာပြီး ပင်လယ်ပြင်ကျယ်ကြီးတစ်နေရာရှိ ကျွန်းတွင် သောင်တင်လျက်ရှိနေတဲ့ ဉာဏ်ပညာကြီးမားသော်လည်း ကံအကြောင်းမလှသည့် သူရဲကောင်း အိုဒစ်စီးယပ်စ်အတွက် ညှိုးငယ်လျက်ရှိလှပါတယ် အဖဘုရား။ တောတောင်ချုံနွယ်ပေါင်း ထူပိန်းလျက်ရှိတဲ့ ထိုကျွန်းဟာ ယုတ်မာကောက်ကျစ်တတ်သော တိုက်တန်ဘုရင် အက်လက်စ် (၁၈)ရဲ့ သမီးတော် နတ်သမီးတစ်ပါး စိုးစံသော ကျွန်းလည်းဖြစ်ပါတယ်။ ထိုနတ်သမီးဟာ စိတ်နှလုံး နွမ်းနယ်နေတဲ့ သူရဲကောင်း အိုဒစ်စီးယပ်စ်ကို ကြင်နာသောစကားကို ဆို၍ ဆွဲဆောင်ကာ မွေးရပ်ဌာနေ အစ်သက္က ပြည်ကို မေ့လျော့အောင် ဆောင်ကြဉ်းလျက်ရှိနေပါတယ်။ သို့သော် ထိုယောက်ျားမှာကား နတ်သမီးရဲ့ကျွန်းပေါ်မှာ တစိုးတစိမျှ မပျော်ရွှင်နိုင်ဘဲ အမိမြေမှ ထွက်ပေါ်လာသော မြူမှုန်မီးခိုးကိုပင် မြင်ရလျှင် ကျေနပ်ပါပြီဟူသော စိတ်ဆန္ဒတို့ဖြင့် သေခြင်းတရားကိုသာ မျှော်လင့်တောင့်တလျက် ရှိနေပါတယ် အဖဘုရား။ အသင် အိုလံပီယမ် နတ်ဘုရားတို့...သင်တို့သည် ထိုယောက်ျားကို လျစ်လျူရှု၍ ထားကြကုန်‌၏။ ထိုသူရဲကောင်းက သင်တို့အား ရည်စူး၍ ထရွိုင်မြို့တော်လွင်ပြင်၌ ပူဇော်ပသခဲ့သော အားဂစ် (၁၉)သ‌င်္ဘောများကို သင်တို့ မေ့လျော့နေကြပါသလော။ အဘယ်ကြောင့် ဤယောက်ျားအား သည်မျှသော ဆင်းရဲဒုက္ခကို ခံစားရန် စိတ်ရှိတော်မူပါသလဲ ဇုစ်နတ်မင်းကြီးရှင်"

 

ထိုအခါ တိမ်လွှာကြား၌ စံပယ်လျက်ရှိသော ဇုစ်နတ်မင်းကြီးက ဤသို့ အဖြေပေးလေသည်။

" သမီးငယ်...အဘယ်ကြောင့် ဤသို့သော မေးခွန်းကို သင့်နှုတ်ဖြင့် မေးရက်ပါသလဲ။ လူသားများအားလုံးထက် ဉာဏ်ပညာထက်စွမ်း လှပြီး နတ်ဘုရားတမျှ ဘုန်းတန်ခိုးကြီးမားတဲ့အပြင် အိုလံပီယမ်နတ်ဘုရားများကို ပူဇော်ပသတတ်တဲ့ အိုဒစ်စီးယပ်ကို ကျုပ် ဘယ်လိုလုပ် မေ့ပါ့မလဲကွယ်။ ဤအမှုဟာ အိုဒစ်စီးယပ်စ်က ခွန်အားဗလ အကြီးမားဆုံးသော ဆိုင်ကလော့ပ်စ် (၂၀) အနွယ်၀င် ပိုလီဖီးမက်စ် ( ၂၁)ကို စက္ခုအလင်း ပျောက်ရှအောင် ပြုခဲ့တဲ့အတွက် ကမ္ဘာမြေကြီးကို သယ်ပိုးလျက်ရှိတဲ့ ပိုဆိုင်ဒန်နတ်ဘုရားရဲ့ မကျေချမ်းနိုင်သော အမျက်ဒေါသကြောင့်သာ ဖြစ်ပေတယ် သမီးတော်။ ထို ပိုလီဖီးမက်စ်သည် အန္တရာယ်များနှင့် ပြည့်နှက်နေသော ပင်လယ်ကို အစိုးရတဲ့ ဖောစစ် (၂၂) ၏ သမီးတော် သူဆာ (၂၃) နတ်သမီးနှင့် ပိုဆိုင်ဒန် နတ်ဘုရားတို့ လှိုဏ်ဂူထဲတွင် မိတ်ဖက်ခြင်းမှ ပေါက်ဖွားလာသော သားတော်ဖြစ်တယ်။ ထိုသားအား မျက်စိအလင်းကွယ်ပျောက်အောင် အိုဒစ်စီးယပ်စ်က ဆောင်ရွက်တဲ့အခါ ပိုဆိုင်ဒန်ကလည်း ကမ္ဘာမြေကြီးကို ကိုင်လှုပ်ပြီး ထိုသူအား သေအောင်မသတ် သို့သော် သူ၏မွေးရပ်မြေမှ ဝေးရာအရပ်သို့ ရောက်အောင် ပြုကာ လက်စားချေမည်ဟု ကြိမ်းဝါးလေတယ်။ လာပါ သမီးငယ်...ထိုသူရဲကောင်း မည်ကဲ့သို့ မွေးရပ်ဌာနီဆီ ပြန်ရောက်စေရမည်ဟူသော အစီအစဉ်အား ကျုပ်တို့ ယခုပင် ချမှတ်ပါအံ့။ သေခြင်းကင်းသော ကျုပ်တို့ နတ်ဘုရားအားလုံး တညီတညွတ်တည်း သဘောတူကြလျှင် ပိုဆိုင်ဒန်လည်း ကျုပ်တို့သဘောအား အံတုဖက်ပြိုင်နိုင်ခြင်းငှာ မတတ်နိုင်စွမ်းပါ"

 

ရှင်းသန့်ကြည်လင်သော မျက်လုံးရှိသည့် အက်သီနာ နတ်သမီးက ဇုစ်နတ်မင်းအား ဤသို့ လျှောက်တင်ပြန်လေသည်။

 

" ခရိုးနို့စ် (၂၄)၏သားတော်၊ နတ်ဘုရားတို့၏သခင်၊ ဘုရင်အပေါင်း၏ ဘုရင် ဇုစ်နတ်မင်းကြီး ရှင်... ဉာဏ်ပညာနှင့် ပြည့်စုံသော အိုဒစ်စီးယပ်စ်အား  ဌာနေ ပြန်ရောက်နိုင်စေရန် နတ်ဘုရားများက အမှန်တကယ်ပင် သဘောထားတူညီသည်ဆိုလျှင် နတ်ဘုရားတမန်တော် ဟားမီးစ်အား အိုဂျစ်ဂျီယာကျွန်းသို့ စေလွှတ်၍ ကလစ်ပ်ဆိုနတ်သမီးအား ကျွန်တော်မျိုးမတို့ရဲ့ သဘောထားအား ပြောပြစေလျက် စိတ်နှလုံးညှိုးငယ်နေသော အိုဒစ်စီးယပ်စ်အား အိမ်ပြန်ခိုင်းဖို့ရာ သိစေတော်မူပါ အဖဘုရား။ ထိုအတောအတွင်း ကျွန်တော်မျိုးမသည်လည်း အစ်သက္ကတိုင်း သို့ ကိုယ်တိုင်သွားရောက်၍ အိုဒစ်စီးယပ်စ်၏သားတော်အား ဖခင်၏ အိမ်အပြန်ခရီးအကြောင်း အရိပ်အမြွက်သိစေကာ သူ၏အိမ်တော်တွင် မွေးမြူထားသော သိုးအုပ်နှင့် လိမ်ကောက်သော ချိုရှိသည့် နွားအုပ်အား ထင်တိုင်းကြဲကာ စားသောက်ပျော်ပါးလျက်ရှိသော ဆံနွယ်ရှည်လျားလှသည့် အာခီယန် (၂၅) နွယ်၀င် ကြင်ယာလောင်းလျာများ (၂၆)အား ရဲ၀ံ့စွာ စကားဆိုစေပါမည်။ ထို့နောက် ၎င်းအား ဖခင်၏ သတင်းစကားနာကြားဖို့ရာ စပါတာ (၂၇) တိုင်းနှင့် သဲ‌သောင်ထူထပ်လှသော အရပ်ဖြစ်သည့် ပိုင်းလော့စ် (၂၈) တိုင်းဆီ ရွက်လွှင့်စေကာ သူ၏ ဩဇာတိုးတက်လာအောင် ကျွန်တော်မျိုးမ စွမ်းဆောင်ပေးပါအံ့" 



စာညွှန်း

 ၁။ မျု့စ် - မှတ်ဉာဏ်နတ်သမီး နီမိုဇီးနေနှင့် ဇုစ်နတ်မင်းတို့၏ သမီးတော်ဖြစ်ပြီး ကဗျာနှင့် စာပေကို စောင့်ရှောက်သော နတ်သမီး။

၂။ ထရွိုင်- အာရှတိုက် မြောက်ပိုင်းတစ်နေရာ (ယခုအခါ တူရကီနိုင်ငံတွင်း)တွင် တည်ရှိသည့် ရှေးဟောင်းမြို့တော် အီလီယမ် (သို့) အီလပ်စ်၏ ခရိုင်မြို့တော်။ ဘုရင် ဒါဒန်းနပ်စ်၏ သားတော်နာမည် ထရို ကိုယူကာ ထရွိုင်ဟုအမည်တွင်သည်။

၃။ ဟီလီယို့စ် - နေနတ်ဘုရား။ ဟစ်ပရီယွန်ဟုလည်း ခေါ်လေ့ရှိသည်။

၄။ ဇုစ် - နတ်ဘုရားများ၏ ဘုရင်၊ ဟီရာနတ်သမီး၏ ကြင်ယာတော်။

၅။ ကလစ်ပ်ဆို - အိုဂျစ်ဂျီယာကျွန်းကို ပိုင်စိုးသော နတ်သမီး။

၆။ အစ်သက္က - အိုင်အိုနီယန်းပင်လယ်ပြင်၊ ဂရိကျွန်းဆွယ်ရှိ အိုဒစ်စီးယပ်စ်၏ မွေးရပ်ဌာနေ တိုင်းပြည်။

၇။ ပိုဆိုင်ဒန် - ပင်လယ်၊မြေငလျင်နှင့် သဘာ၀အား ကို အစိုးရသော ခရိုးနို့စ်နတ်မင်း၏သားတော်၊ ဇုစ်နတ်မင်း၏ ညီနောင်။

၈။ အိုဒစ်စီးယပ်စ် - ဘုရင် လေအာတီးစ် ၏သား တော်၊ ဖီနယ်လိုပီ၏ ကြင်ယာတော်။

၉။ အီသီယိုးပီယမ် - ဂရိပြည်နှင့် အလွန်ဝေးကွာလှသော နေမင်းကြီးထွက်ပေါ်ရာနှင့် အိပ်တန်းတက်ရာအရပ်ဒေသ နှစ်ခုတွင် နေထိုင်သူများ။ မြောက်အာဖရိကတိုက်ဟုလည်း ယူဆကြသည်။

၁၀။ အိုလံပီယမ် - ဂရိနတ်ဘုရားများ နတ်နန်းစိုက်ရာ သီဆလီဒေသ မြောက်ပိုင်းရှိ တောင်။

၁၁။ အက်ဂါမမ္မနွန် - အေထရီးယပ်စ်၏သားတော်၊ မန္နလေးယပ်စ်၏အစ်ကိုတော်။ မိုင်စင်းနေ တိုင်းပြည်၏ဘုရင်ဖြစ်ပြီး ဇနီးသည် ကလိုင်တမ်နတ်စရာ၏ကြင်ယာတော်ဖြစ်ကာ အိုရက်စ်တီးစ်၊ အစ်ဖီဂျစ်နီးယားနှင့် အီလက်ထရာတို့၏ ဖခင်ဖြစ်သည်။

၁၂။ အိုရက်စ်တီးစ် - ဖခင်အတွက် လက်စားချေပေးခဲ့သော အက်ဂါမမ္မနွန် နှင့် ကလိုင်တမ်နတ်စရာ တို့၏ သားတော်။

၁၃။ အီဂျစ်သပ်စ် - ကလိုင်တမ်နတ်စရာနှင့် ချစ်ကျွမ်း၀င်သဖြင့် ခင်ပွန်းဖြစ်သူ အက်ဂါမမ္မနွန် ထရွိုင်စစ်ပွဲမှ ပြန်လာသောအခါ ဆီးကြိုသတ်ဖြတ်ခဲ့သူ။

၁၄။ အေထရီးယပ်စ် - ဖီးလော့စ်ဘုရင်၏သား၊ မိုင်စင်းနေတိုင်းပြည်၏ ဘုရင် အက်ဂါမမ္မနွန်နှင့် မန္နလေးယပ်စ် ညီနောင်၏ ဖခင်။

၁၅။ အားဂတ်စ် - အိုင်အို အမည်ရှိ နတ်ဆရာမအား စောင့်ရှောက်သည့် မျက်လုံးများစွာပါရှိသော မကောင်းဆိုးဝါး သတ္တဝါကြီး။ နောင်တွင် ဟားမီးစ်၏ အိပ်မွေ့ချခြင်းကို ခံရလျက် သတ်ဖြတ်ခံရလေသည်။

၁၆။ဟားမီးစ် - ဇုစ်နတ်မင်းနှင့် တိုင်တန်နတ်ဘုရား အက်လက်စ်၏ သမီးတော် ပလျိဒ် မိုင်ယာ နတ်သမီးတို့မှာ ဖွားသော သားဖြစ်ပြီး နတ်ဘုရားတို့၏ တမန်တော်တာ၀န်ကိုထမ်းဆောင်လေ့ရှိသည်။ ဟားမီးစ်တွင် အတောင်ပံပါသော ခေါင်းဆောင်းနှင့် ခြေနင်းရှိပြီး ဓါးကောက်ကိုင်ဆောင်လေ့ရှိကာ မြွေနှစ်ကောင်ပတ်လျက် ထွင်းထုထားသည့် နှင်တံကို အသုံးပြု၍ ဒဏ်ရာကိုကုသခြင်း၊ အိပ်စက်စေခြင်းတို့ကို စေစားနိုင်သည်။

၁၇။ အက်သီနာ- စိတ်အာရုံ၊ အနုပညာနှင့် စစ်ပွဲကို အစိုးရသော အပျိုစင်နတ်သမီး။ ဇုစ်နတ်မင်း၏ သမီးတော်ဖြစ်ကာ အိုဒစ်စီးယပ်စ်ကို စောင့်ရှောက်သော နတ်သမီးလည်းဖြစ်သည်။

၁၈။ အက်လက်စ် - တိုက်တန်နတ်မိမယ် ဖီဘီနှင့်အတူ လမင်းကို အုပ်စိုးသော တိုက်တန်နတ်ဘုရား။

၁၉။ အားဂစ် - ဂရိပြည်တောင်ပိုင်းဒေသရှိ

အားဂတ်စ် ခရိုင်မြို့ (မိုင်စင်းနေ ပြည်သားများနှင့် စပါတာ ပြည်သားများ ပါ၀င်သည်။)မှ လူများ ရွက်လွှင့်လာသော သင်္ဘောများ။

၂၀။ဆိုင်ကလော့ပ်စ် - ဆစ္စလီဒေသတွင် နေထိုင်သော မျက်လုံးတစ်လုံးပါ ဘီလူးကြီးများ။

၂၁။ ပိုလီဖီးမက်စ် - ဆိုင်ကလော့ပ်စ်ဘီလူးနွယ်တွင် အင်အားအကြီးမားဆုံး ဘီလူးဖြစ်ပြီး ပိုဆိုင်ဒန်၏ သားတော်လည်းဖြစ်သည်။

၂၂။ ဖောစစ် - နတ်သမီး သူဆာ၏ ဖခင်၊ ပိုလီဖီးမက်စ်၏ အဘိုး၊ ပင်လယ်ပြင်တွင်နေထိုင်သောလူတစ်ပိုင်း နတ်တစ်ပိုင်း။

၂၃။ သူဆာ - ဖောစစ်၏ သမီး၊ ပိုလီဖီးမက်စ်၏ မိခင်။

၂၄။ ခရိုးနို့စ် - ယူရေးနတ်စ်၏ သားတော်၊ ဇုစ်နတ်မင်း၏ ဖခင်။ နောင်တွင် သားဖြစ်သူ ဇုစ်နတ်မင်း၏ သုတ်သင်ခြင်းကိုခံရသည်။

၂၅။ အာခီယန် - အာခီယာပြည်သား( ဂရိများဟုသာ ယူဆသည်။)

၂၆။ ကြင်ယာလောင်းလျာများ - အိုဒစ်စီးယပ်စ်၏ ကြင်ယာတော် ဖီနယ်လိုပီအား လက်ဆက်ရန် ရောက်လာကြသည့် အစ်သက္ကတိုင်းပြည်တွင်း ဒေသအနှံ့အပြားမှ သူကောင်းသားများ။

၂၇။ စပါတာ - ယူရိုတက်စ်မြစ်ကမ်းရှိ လာကွန်းနီးယား ပြည်၏ မြို့တော်။ မန္နလေးယပ်စ်နှင့် ကြင်ယာတော် ဟယ်လင်တို့၏ တိုင်းပြည်။

၂၈။ပိုင်းလော့စ် - အီးလိစ်ပြည်၏ မြို့တော်။



Comments

Popular posts from this blog