ဒန္တေရဲ့ ငရဲက ဘုန်းကြီးတွေ

 

ဒန္တေရဲ့ ငရဲက ဘုန်းကြီးတွေ

ဒန္တေဟာ အီတလီနိုင်ငံရဲ့ အုပ်ချုပ်ရေးမှာ ဝင်ရောက်စွက်ဖက်နေတဲ့ အကျင့်ပျက်ဘုန်းကြီးတွေကို အတော်လေး ကြည့်မရသူ ဖြစ်နေခဲ့ကြောင်း သူ့ရဲ့ အစ္ဆရိယရကန် နိရယဘုံ ကဗျာကနေ တဆင့် တွေ့နိုင်ပါတယ်။

ငရဲဝိုင်း ၈၊ အပိုင်း ၆ မှာ သူဟာ ဗာဂျယ်လ်နဲ့အတူ ခရီးဆက်လာရင်း ဖရတ္တီ ဂေါ်ဒန္တီ တစ်နည်း “ပျော်ပါးသော ရဟန်းများ” လို့ ခေါ်တဲ့ အသင်းက ဘုန်းကြီးတွေကို တွေ့လိုက်ရပါတယ်။ အဲဒီ ဘုန်းကြီးတွေဟာ တကယ်တော့ Game of thrones ထဲက Sparrow cult နဲ့ အလားသဏ္ဌာန်တူတဲ့ အဖွဲ့အစည်းပါ။ GOT ထဲက Sparrow Cult ဟာ ဘုရင့်ဆီက ထောက်ခံချက်နဲ့ အာဏာလက်ဝယ်ရတဲ့အခါ ဘုရင့်မယ်တော်ကိုတောင် ကိုယ်လုံးတီးနဲ့ အပြစ်ဖြေခိုင်းစေခဲ့သလို မင်းမျိုးမင်းနွယ်တွေကိုပါ သူ့တို့ လက်ထဲကရေလို အကြိုက်ခြယ်လှယ်ခဲ့တာကို မြင်ယောင်ကြည့်ပါ။ ဖရတ္တီ ဂေါ်ဒန္တီ ရဟန်းအဖွဲ့ကလဲ အလားတူပါပဲ။ သူတို့ကို တိုင်းပြည်ရဲ့ ငြိမ်းချမ်းရေး ထိန်းသိမ်းဖို့ ဖွဲ့စည်းခဲ့ပေမဲ့ အကျင့်ပျက် ခြစားမှုတွေကြောင့် နာမည်ဆိုးနဲ့သာ ကျော်ကြားခဲ့ပါတော့တယ်။

အဲဒီ ဘုန်းကြီးတွေဟာ ငရဲပြည်မှာ ကြီးမား လှပတဲ့ ရွှေသင်္ကန်းကြီးတွေဝတ်ပြီး တအိအိ လမ်းလျှောက်နေကြရပါတယ်။ သူတို့ လမ်းလျှောက်တာဟာ နှေးလွန်းလို့ ဒန္တေကရပ်ပြီး စကားပြောရတဲ့ အထိပါပဲ။ သူတို့ရဲ့ သင်္ကန်းအောက်မှာ အင်မတန်လေးလံတဲ့ ကျောက်တုံး၊ ခဲတုံး ကြီးတွေကို ချိတ်ဆွဲထားတာမို့ သူတို့က ဒီအလေးချိန်တွေကို သယ်ဆောင်ပြီး သွားနေကြရတာလို့ ဒန္တေက ပြောပါတယ်။

ငရဲဝိုင်း ၄ မှာလဲ ဘုန်းကြီး ၂ မျိုးနဲ့ ကြုံခဲ့ရပါသေးတယ်။ သူတို့ကတော့ အလှူငွေကို ဖြုန်းတီးသူများနဲ့ အလှူငွေကို ဆင်းရဲသားတွေဆီ ပြန်မမျှဝေဘဲ ကိုယ်ကျိုးအတွက် စုဆောင်း သိမ်းဆည်သူများ ဖြစ်ပါတယ်။ ကတ်သလစ်ဝါဒအရ ဘုရားကျောင်းက လှူဖွယ်ပစ္စည်းတွေဟာ ဆင်းရဲသားတွေနဲ့သာ သက်ဆိုင်တဲ့ အရာဖြစ်ပါတယ်။ အဲဒီလို ဆင်းရဲသားတွေရဲ့ ပစ္စည်းကို ဖြုန်းတီးတဲ့ သို့မဟုတ် ကိုယ်ကျိုးအတွက် စုဆောင်းတဲ့ ဘုန်းကြီးတွေဟာ ငရဲကျနေတယ်လို့ ဒန္တေက ဖွဲ့ဆိုပါတယ်။

သူတို့ရဲ့ ပြစ်ဒဏ်ကတော့ ငွေတွေထည့်ထားတဲ့ အိုးကြီးတွေကို ရင်ဘတ်နဲ့ ငရဲဝိုင်းထဲမှာ လှိမ့်ပြီး တွန်းနေကြရတာပါပဲ။ အိုးတွေကို တွန်းရင်း တစ်ယောက်နဲ့ တစ်ယောက် ဝင်တိုက်မိကြတဲ့အခါ ဖြုန်းတီးတဲ့ ဘုန်းကြီးနဲ့ စုဆောင်းတဲ့ ဘုန်းကြီးတွေက တစ်ယောက်ကို တစ်ယောက် ဆဲရေးတိုင်းထွာကြတယ်လို့ သူက ပြောပါတယ်။

နောက်ထပ် တွေ့ရတဲ့ ဘုန်းကြီး အမျိုးအစားကတော့ အကြံဉာဏ်ဆိုးတွေ ပေးတဲ့ ဘုန်းကြီး ဖြစ်ပါတယ်။ သူတို့ကတော့ ငရဲဝိုင်း ၈၊ အပိုင်း ၈ မှာပါ။

အဲဒီငရဲမှာ ဂွီဒို ဒါမွန်တီဖဲလ်ထရိုဆိုတဲ့ ဘုန်းကြီးတစ်ပါးအကြောင်း သူက ပြောထားပါတယ်။ ဂွီဒိုဟာ စစ်မက်တွေကို စိတ်ပျက်ပြီး ဘုန်းကြီး ဝတ်ခဲ့ပေမဲ့ ပုပ်ရဟန်းမင်း ဘွန်နီဖာချီ ၈ က သူ့အပြစ်တွေကို ချေဖျက်ပေးမယ်၊ သူ့ကို စစ်ရေးအတွက် အကြံပေးပါလို့ လှည့်ဖျားတာကို ခံခဲ့ရသူ ဖြစ်ပါတယ်။ ဒါကြောင့် အကြံဆိုးပေးခဲ့တဲ့ ဂွီဒိုဟာ သေပြီးပြီးချင်း ငရဲသားတွေက သူ့ကို ငရဲပြည် ဆွဲချသွားပြီး မီးထဲမှာ လောင်ကျွမ်းကာ အပြစ်ပေးခံနေရတယ်လို့ ဒန္တေက ဆိုပါတယ်။

စာရိပ်မြိုင်စာပေ ကနေ မှာယူနိုင်ပါပြီ။

#နိရယဘုံ #သက်ပိုင် #Dante #Inferno #DivineComedy #အစ္ဆရိယရကန်



Comments

Popular posts from this blog

ဘာသာရေးနှင့် သိပ္ပံပညာ စာအုပ် စတင် ဖြန့်ချိပါပြီ

ဒေါ်အောင်ဆန်းစုကြည် အကြိုက်ဆုံး တော်လှန်ရေး ဝတ္ထုတစ်ပုဒ်

သြဒစ္ဆေ မော်ကွန်း စကားပြေ ၁