မနုဿဗေဒကပြောတဲ့ ဘာသာရေး
သင်ဘယ်သူ့ကို ယုံကြည်မလဲ
အန်တဲလုပ်ဆိုတာ အော်ရီဂွန်ပြည်နယ် အလယ်ပိုင်းမှာရှိတဲ့ ကျေးလက်မြို့လေးတစ်မြို့ပါ။ ပေါ့တ်လန်း မြို့ကနေ အရှေ့တောင်ဘက်ကို ကားနဲ့ သုံးနာရီခရီးနဲ့ ဝမ်းစပရင်း အင်ဒီးယန်း ကြိုးဝိုင်း ကနေဆိုရင် အရှေ့ဘက် တစ်နာရီခရီးလောက် ဝေးပါတယ်။ ဒီနေရာနားက ဧက ၆၄,၀၀၀ ကျယ်တဲ့ မြေနေရာတစ်ခုမှာ ၁၉၈၁ ခုနှစ်ကနေ ၁၉၈၅ ခုနှစ်အထိ "ရာဂ်ျနစ်ရှ်ပူရမ်”လို့ ခေါ်တဲ့၊ ရည်ရွယ်ချက်ရှိရှိ တည်ထောင်ထားတဲ့ လူ့အသိုင်းအဝိုင်းတစ်ခု ထွန်းကားခဲ့ဖူးပြီး လူဦးရေ အတိအကျကို မသိရပေမဲ့ အဲဒီကွန်မြူနတီမှာ လူပေါင်း ၇,၀၀၀ လောက် နေထိုင်ခဲ့ကြပါတယ်။ သူတို့ အဲဒီနေရာကို ရောက်နေကြတာက ဘဂ်ဝန် ရှရီး ရာဂ်ျနစ်ရှ်ဆိုတဲ့ လူတစ်ယောက်တည်းကြောင့်ရယ် သူပေးထားတဲ့ ကတိကဝတ်တွေကြောင့်ရယ် ဖြစ်ပါတယ် (ကာတာ ၁၉၉၀၊ ဂိုးဒ်မန်း ၁၉၉၉၊ လင်းဒ်ဟုမ်း ၂၀၀၃)။
ရာဂ်ျနစ်ရှ်က အရှေ့တိုင်း ဝိညာဉ်ရေးရာ
ဓလေ့ထုံးတမ်းတွေနဲ့ အနောက်တိုင်း ကုထုံးတွေကို ပေါင်းစပ်ထားတဲ့ ရှေးရိုးစွဲဆန့်ကျင်တဲ့
အိန္ဒိယ ဝိဇ္ဇာလမ်းစဉ်တစ်မျိုးကို သင်ကြားပေးခဲ့တာပါ။ ဂုရု (ဆရာသခင်)
တစ်ယောက်အနေနဲ့ ရာဂ်ျနစ်ရှ်ဟာ သူ့ရဲ့နောက်လိုက်တွေကို ပြီးပြည့်စုံတဲ့
ဉာဏ်အလင်းပွင့်တာ၊ လောကီအာရုံတွေကနေ လွန်မြောက်တာ၊ စည်းလုံးညီညွတ်တာ၊
သဟဇာတဖြစ်တာနဲ့ ဈာန်ဝင်စားတာမျိုးလို ပီတိတွေကို ရစေရမယ်လို့ ကတိပေးခဲ့ပါတယ်။
ရာဂ်ျနစ်ရှ်ဟာ အိန္ဒိယမှာ အောင်မြင်နေတဲ့ သူ့ရဲ့ အာရှရမ် ( တရားရိပ်သာ) ကို စွန့်ခွာပြီး
အော်ရီဂွန်မှာ စံပြနိဗ္ဗာန်ဘုံတစ်ခုကို တည်ဆောက်ခဲ့ပါတယ်။ မကြာခင် ပြိုလဲတော့မဲ့
ခေတ်သစ်ကမ္ဘာကြီး ပျက်သုဉ်းသွားပြီးရင် သူနဲ့ သူ့နောက်လိုက်တွေက လူ့အဖွဲ့အစည်းကို
အဲဒီနေရာကနေစပြီး ပြန်လည်တည်ဆောက်ကြမယ်လို့ ကြွေးကြော်ခဲ့ကြပါတယ်။
အခန်း (၂) မှာ လူမျိုးစုဓလေ့
မှတ်တမ်းတင်ခြင်းဆိုင်ရာ ကျင့်ဝတ်တွေအကြောင်း ဆွေးနွေးခဲ့ပြီးပြီဖြစ်သလို
လူမှုဗေဒပညာရှင် မာရီယွန် ဂိုးဒ်မန်းရဲ့ လေ့လာမှုကတစ်ဆင့် ရာဂ်ျနီးရှီး လှုပ်ရှားမှုအကြောင်းကိုလဲ
အကျဉ်းချုံး မိတ်ဆက်ပေးခဲ့ပြီးပါပြီ။ ဂိုးဒ်မန်းက
အမျိုးသမီးနောက်လိုက်ဟောင်းတွေနဲ့ တွေ့ဆုံမေးမြန်းတာတွေ
လုပ်ခဲ့ပြီးတဲ့နောက်မှာတော့ ဒီအဖွဲ့ထဲမှာ ပါဝင်သူတွေဟာ ပညာတတ် လူလတ်တန်းစား
အမျိုးသမီးတွေ ဖြစ်ကြပြီး "အစွန်းရောက် ဝိညာဉ်ရေးရာ လမ်းစဉ်တစ်ခုကို
လျှောက်လှမ်းဖို့အတွက် အသက်မွေးဝမ်းကျောင်း အလုပ်အကိုင်တွေ၊ မိတ်ဆွေတွေ၊ ချစ်သူတွေနဲ့
တစ်ခါတစ်ရံမှာ မိသားစုတွေကိုပါ စွန့်လွှတ်ဖို့ ရွေးချယ်ခဲ့ကြသူတွေ" ဖြစ်တယ်လို့ ဖော်ပြခဲ့ပါတယ်။
သာမန်နေ့စဉ်ဘဝနဲ့ ပတ်သက်သမျှ အဆက်အသွယ်
အကုန်လုံးကို ဖြတ်တောက်လိုက်တာဟာ ဒီလှုပ်ရှားမှုရဲ့ အဓိက ပန်းတိုင်တစ်ခုဖြစ်တဲ့
"မိမိကိုယ်ကို အလေးထားမှု
ပျောက်ဆုံးစေခြင်း” ဒါမှမဟုတ် "အတ္တကို စွန့်လွှတ်ခြင်း" ကို
လိုက်စားခဲ့ကြတာပါ။ ကွန်မြူနတီထဲမှာ ပင်ပင်ပန်းပန်း လုပ်ရတဲ့ မိမိကိုယ်ကို
သတိပြုမိစေရေး အဖွဲ့လိုက် လှုပ်ရှားမှုတွေမှာ ပါဝင်တာ၊ နာမည်အသစ်တွေ
ပြောင်းမှည့်တာ၊ မွေးနေ့အသစ်တွေ သတ်မှတ်တာနဲ့ (ဘဂ်ဝန်ကို ရည်ညွှန်းတဲ့ "သူ" ဆိုတဲ့ စကားလုံး ကလွဲလို့)
စကားပြောတဲ့အခါ ပုဂ္ဂိုလ်ဆိုင်ရာ နာမ်စားအားလုံးကို ဖယ်ထုတ်ပစ်တာတွေကတစ်ဆင့် အတ္တပျောက်ဆုံးခြင်းကို
ကျင့်ကြံခဲ့ကြပါတယ်။ ရာဂ်ျနစ်ရှ်ရဲ့ အဓိက ဓလေ့ထုံးတမ်းတစ်ခုဖြစ်တဲ့
"လှုပ်ရှားမှုပါတဲ့ တရားရှုမှတ်ခြင်း" ဆိုတာကလဲ အတ္တပျောက်ဆုံးရေးကိုပဲ
ဦးတည်တာပါ။ ဘဂ်ဝန်ရဲ့ တပည့်ရင်းတစ်ယောက်က အမြဲဦးဆောင်လေ့ရှိတဲ့ ဒီအဖွဲ့လိုက်
ဓလေ့ထုံးတမ်းမှာ နောက်လိုက်တွေဟာ မျက်လုံးကို အဝတ်စည်း၊ သီချင်းသံကို
အကျယ်ကြီးဖွင့်ပြီး ကတာ၊ အော်တာ၊ ငိုတာ၊ အူမြူးနေအောင် ရယ်တာနဲ့ မြေကြီးပေါ်မှာ
လူးလိမ့်တာတွေကို လုပ်ကြပါတယ်။ ဒါဟာ သူတို့ရဲ့ နေ့စဉ် သာမန်သိစိတ်ကို ဘဂ်ဝန်
ကတိပေးထားတဲ့ ဉာဏ်အလင်းနဲ့ အစားထိုးဖို့အတွက် နည်းလမ်းတစ်ခု ဖြစ်ခဲ့ပါတယ်။
တဖြည်းဖြည်းနဲ့ ရာဂ်ျနစ်ရှ်ဟာ သူ့ရဲ့
အရင်းနှီးဆုံး တပည့်အနည်းငယ်ကလွဲရင် ကျန်တဲ့သူတွေနဲ့ ခပ်ခွာခွာ နေလာခဲ့ပါတော့တယ်။
ရွေးချယ်ခံရတဲ့ နောက်လိုက်အချို့ပဲ သူ့ကို တွေ့ခွင့်ရကြတဲ့အပြင် သူဟာ
အနံ့အသက်တွေကို အလွန်အမင်း ခံစားသိရှိနိုင်တယ်လို့ ပြောပြီး သူ့ရဲ့
သန့်ရှင်းစင်ကြယ်တဲ့ အရှိန်အဝါကို ပိုပြီး ခိုင်မာအောင် လုပ်ခဲ့သလို
နောက်လိုက်တွေဆိုရင်လဲ သူ့ကို တွေ့ခွင့်မတောင်းခင်မှာ မိမိကိုယ်ကို အလွန်အကျွံ
ဆေးကြောသန့်စင်ကြရတတ်ပါတယ်။ ဒါပေမဲ့ အများအားဖြင့်တော့ တွေ့ခွင့်ငြင်းပယ်ခံရတာက ပိုများခဲ့ပါတယ်။
သူကိုယ်တိုင် ပြောပြချက်အရ ရာဂ်ျနစ်ရှ်ရဲ့ အဓိကနည်းလမ်းက နောက်လိုက်တွေကို
ဇဝေဇဝါဖြစ်ပြီး ရှုပ်ထွေးသွားအောင် လုပ်တာပါပဲ။ ရာ့ဂ်ျနစ်ရှ်ပူရမ်ရဲ့
နေ့စဉ်စည်းကမ်းတွေကို အမြဲတမ်း ပြောင်းလဲနေတာ ပြီးတော့ လိင်ဆက်ဆံဖော်တွေကို ယာယီ
(ဒါမှမဟုတ်) အမြဲတမ်း လဲလှယ်ခိုင်းတာမျိုးလို အမိန့်အာဏာတွေ ထုတ်ပြန်တာတွေလုပ်ပြီး
ရာ့ဂ်ျနစ်ရှ်ဟာ မတည်ငြိမ်မှု၊ မသေချာမှုနဲ့ စိုးရိမ်ပူပန်မှု စိတ်ခံစားချက်တွေကို
နေရာအနှံ့ လွှမ်းမိုးသွားအောင် လုပ်ခဲ့ပါတယ်။ ဒါတောင်မှ အစိုးရအာဏာပိုင်တွေက
ရာ့ဂ်ျနစ်ရှ်ပူရမ်ကို ဝင်စီးတဲ့ နောက်ဆုံးအချိန်အထိ၊ အဲဒီနောက်ပိုင်း သူ့ရဲ့
အိန္ဒိယအာရှရမ်ကို "အိုရှိုး " ဆိုတဲ့ နာမည်အသစ်နဲ့ ပြန်တည်ထောင်တဲ့ အချိန်အထိ
နောက်လိုက်တွေကတော့ သူတို့ရဲ့ ဆရာသခင်အပေါ် ယုံကြည်မှု အပြည့်အဝ ရှိခဲ့ကြပါတယ်။
အာဏာပိုင်စိုးမှုဆိုင်ရာ ပြဿနာ
ရာဂ်ျနီးရှီးတို့ရဲ့ ဥပမာဟာ ဘာသာရေးဆိုင်ရာ
မနုဿဗေဒပညာရပ်မှာ ယေဘုယျအားဖြင့် ကြုံတွေ့ရလေ့ရှိတဲ့ "အာဏာပိုင်စိုးမှုဆိုင်ရာ ပြဿနာ"
ကို အံ့ဩစရာကောင်းလောက်အောင် ထောက်ပြနေပါတယ်။ ကမ္ဘာလုံးဆိုင်ရာပဲဖြစ်ဖြစ်၊
ဒေသတွင်းပဲဖြစ်ဖြစ်၊ ပင်မရေစီးကြောင်းပဲဖြစ်ဖြစ်၊ ဘေးရောက်နေတာပဲဖြစ်ဖြစ်
ဘာသာတရားကြီးငယ်အားလုံးဟာ သူတို့ကို ကိုးကွယ်ယုံကြည်သူတွေအတွက် အဓိကကျတဲ့ "တရားဝင်ဖြစ်မှု
အရင်းအမြစ်" တစ်ခုကို
ပေးနိုင်ရပါမယ်။ လူတွေက ဘယ်လိုအရာမျိုးအပေါ်မှာ ယုံကြည်ကိုးစားမှု၊ ရိုသေမှုနဲ့
ခန့်ညားမှုတွေကို ပုံအောပေးထားကြတာလဲ။ ဒါမှမဟုတ် ဒီအခန်းရဲ့ ခေါင်းစဉ်အတိုင်း
မေးရရင် "သင် ဘယ်သူ့ကို ယုံကြည်ပါသလဲ" ဆိုတာပါပဲ။
ဘာသာရေးဆိုင်ရာ အာဏာပိုင်စိုးမှုဆိုတာ
ကိုယ်ကျင့်တရား၊ ဉာဏ်ပညာ၊ ဖြစ်တည်မှု၊ စကြဝဠာသဘောတရား၊ အဖွဲ့အစည်း၊ ရုပ်ခန္ဓာ
ဒါမှမဟုတ် လူမှုရေးဆိုင်ရာတွေ ဖြစ်နိုင်သလို ကိစ္စအတော်များများမှာတော့
ဒါတွေအားလုံး ပေါင်းစပ်ပါဝင်နေတာလဲ ဖြစ်နိုင်ပါတယ်။ ဒါကြောင့် ဘာသာရေးဆိုင်ရာ
လူနေမှုဘဝတွေနဲ့ လောကတွေကို လေ့လာတဲ့အခါ မေးသင့်မေးထိုက်တဲ့ အကျိုးရှိမဲ့
မေးခွန်းတစ်ခုကတော့ "အာဏာပိုင်စိုးမှုကို
ဘယ်လိုမျိုး နားလည်သဘောပေါက်ကြသလဲ၊ ဘယ်လို စုစည်းကြသလဲ၊ ဘယ်လို အခိုင်အမာ
ပြသကြသလဲ၊ ဘယ်လို စီမံခန့်ခွဲကြသလဲ၊ ဘယ်လို အလုပ်လုပ်ကြသလဲ၊ ဘယ်လို ကိုယ်ပိုင်အသိအဖြစ်
ခံယူကြသလဲ၊ ဘယ်လို စိန်ခေါ်ကြပြီး ဘယ်လိုမျိုး ကာကွယ်ကြသလဲ" ဆိုတာပဲ
ဖြစ်ပါတယ်။
ပိုပြီး တိတိကျကျ မေးရရင် "သင်က ဘယ်သူ့ကို
(ဒါမှမဟုတ် ဘာကို) ယုံကြည်တာလဲ" လို့ မေးလို့ရပါတယ်။ ဘာသာရေးလှုပ်ရှားမှုအသစ်
အတော်များများအတွက်ကတော့ ဒါဟာ "ဘယ်သူ့ကိုလဲ" ဆိုတဲ့ မေးခွန်းသက်သက်ပါပဲ။
ထူးခြားထင်ရှားတဲ့ အရှိန်အဝါရှိတဲ့ ခေါင်းဆောင်မှု အကြောင်းကို အောက်မှာ
ဆက်ပြီးပြောသွားမှာ ဖြစ်ပေမဲ့ ရာ့ဂ်ျနီးရှီးလိုမျိုး အချို့ဖြစ်ရပ်တွေမှာတော့
လူတွေကို ဆွဲဆောင်နိုင်တဲ့ ဗဟိုချက်မဖြစ်တဲ့ လူပုဂ္ဂိုလ်ရဲ့ နေရာကို ဘာနဲ့မှ
အစားထိုးလို့ မရပါဘူး။ ဘဂ်ဝန် တစ်ယောက်တည်းသာ ရှိနိုင်တာပါ။
ဒါပေမဲ့ ဘာသာရေးအာဏာပိုင်စိုးမှုဆိုတာ
အရာဝတ္ထုတွေ၊ အခန်းကဏ္ဍတွေ၊ အဖွဲ့အစည်းတွေနဲ့ ဓလေ့ထုံးတမ်း တည်ဆောက်ပုံတွေထဲမှာလဲ
ပြန့်နှံ့ပြီး တည်ရှိနေနိုင်ပါသေးတယ်။ "ကျမ်းစာ" ဆိုတဲ့ ကဏ္ဍနဲ့
အစ္စလာမ်ဘာသာ ဥပမာကို စဉ်းစားကြည့်ရအောင်။ ကုရ်အာန်ကျမ်းစာဟာ
အလ္လာဟ်အရှင်မြတ်ဆီကနေ တမန်တော် မိုဟာမက်ဆီကို တိုက်ရိုက်မြွက်ကြားခဲ့တဲ့
ဘုရားသခင်ရဲ့ ဥပဒေတော်တွေကို ရေးသားထားတာ ဖြစ်တဲ့အတွက် မွတ်စလင်တွေက ဒါကို
မြင့်မြတ်တယ်လို့ နားလည်ထားကြတာပါ။
ဒါမှမဟုတ် "ဓမ္မဆရာ" ဆိုတဲ့ ကဏ္ဍနဲ့
ရိုမန်ကက်သလစ် ပုပ်ရဟန်းမင်းကြီး ဥပမာကိုပဲ ကြည့်ကြည့်ပါ။ ၂၀၁၃ ခုနှစ်မှာ ဟော်ဟေး
မာရီယို ဘာဂိုဂလီယိုဟာ ၂၆၆ ဆက်မြောက် ပုပ်ရဟန်းမင်းကြီး ဖရန်စစ် ဖြစ်လာခဲ့ပါတယ်။
ဒီနေရာမှာ ပုဂ္ဂိုလ်က အာဏာရှိတာမဟုတ်ဘဲ "ရာထူးနေရာ" က
အာဏာရှိတာ ဖြစ်ပါတယ်။ ဖရန်စစ် မတိုင်ခင်ကလဲ ပုပ်ရဟန်းမင်းကြီးတွေ ရှိခဲ့သလို
ဖရန်စစ်ပြီးရင်လဲ ရှိနေဦးမှာပါပဲ။
ဓလေ့ထုံးတမ်းတွေမှာလဲ အာဏာရှိနိုင်ပါတယ်။
ပရိုတက်စတင့် ဂိုဏ်းခွဲတော်တော်များများမှာ တွေ့ရတတ်တဲ့ အရွယ်ရောက်သူတွေကို
"နှစ်ခြင်းပေးခြင်း" ဓလေ့ကို
ကြည့်ပါ။ သတ်မှတ်ထားတဲ့ နည်းလမ်းအတိုင်း ပြီးမြောက်အောင် လုပ်ရမဲ့ ဒီလုပ်ရပ်ကို
အစားထိုးနိုင်တဲ့အရာ မရှိပါဘူး။ ဗဟိုချုပ်ကိုင်မှု ရှိသည်ဖြစ်စေ၊ ပြန့်နှံ့တည်ရှိသည်
ဖြစ်စေ အာဏာပိုင်စိုးမှုဆိုတာ ဘာသာရေးယဉ်ကျေးမှုကို နားလည်ဖို့အတွက် တကယ်ကို
အရေးကြီးတဲ့ အရာပဲဖြစ်ပါတယ်။
မနုဿဗေဒပညာရှင်တွေရဲ့ အဓိက ခံယူချက်ကတော့ ဘာသာရေး
အာဏာပိုင်စိုးမှု ပြဿနာဟာ အခြေခံအားဖြင့် "လူမှုရေးသဘော ဆောင်တယ်" ဆိုတဲ့ အချက်ပါပဲ။ ဒါဟာ အဓိပ္ပာယ်
နှစ်မျိုးနဲ့ မှန်ကန်ပါတယ်။
- ပထမအချက်ကတော့ အာဏာဆိုတာ
ရုတ်တရက် ရှိလာတာမဟုတ်ပါဘူး။ ရိုးရိုးရှင်းရှင်း ပေါ်လာတာမဟုတ်သလို
အလိုအလျောက် တည်ရှိနေတာလဲ မဟုတ်ပါဘူး။ အာဏာ ဆိုတာဟာ တည်ထောင်ယူ၊ ထုတ်လုပ်ယူရပြီး၊
တဖန် ထပ်ခါတလဲလဲ ထုတ်လုပ်နေရတဲ့ အရာမျိုးပါ။ အာဏာဟာ ဖန်တီးယူရတဲ့အရာ
ဖြစ်တဲ့အတွက်ကြောင့် သူက အခြားအရာတွေအပေါ်မှာ မူတည်နေတတ်ပါတယ်။ ဒါကြောင့်လဲ
ဘာသာရေးအာဏာပိုင်စိုးမှုအပေါ် စိန်ခေါ်မှုတွေနဲ့ အနှောင့်အယှက်တွေကို
ကျွန်တော်တို့ မြင်တွေ့နေရတာဖြစ်ပြီး ဒါဟာ ဘာသာတရားတွေ အချိန်နဲ့အမျှ
ပြောင်းလဲလာရခြင်းရဲ့ အကြောင်းရင်းတစ်ခုလဲ ဖြစ်ပါတယ်။
- ဒုတိယအချက်ကတော့ ဘာသာရေးအာဏာပိုင်စိုးမှုဟာ
အခြေခံအားဖြင့် ဆက်နွှယ်မှုအပေါ် အခြေခံတဲ့အတွက် လူမှုရေးသဘော ဆောင်တဲ့ အရာလဲ
ဖြစ်ပါတယ်။ အာဏာဆိုတာ ပုဂ္ဂိုလ်တွေကြား အပြန်အလှန် ဆက်နွှယ်မှု ကနေ
ဖြစ်ပေါ်လာပြီး ဆက်လက် တည်တံ့နေပါတယ်။ လူနဲ့ ဘုရားသခင်၊ လူနဲ့ နတ်ဘုရားတွေ၊
လူနဲ့ ဝိညာဉ်တွေ၊ လူနဲ့ ဘိုးဘေးဘီဘင်တွေ၊ ဒါမှမဟုတ် လူနဲ့လူ
အချင်းချင်းကြားမှာပဲဖြစ်ဖြစ် အာဏာဆိုတာ ပါဝင်ပတ်သက်သူတွေကြားထဲမှာ
တည်ရှိနေတာပဲ ဖြစ်ပါတယ်။
ကျွန်တော်တို့ရဲ့ လူမျိုးစုဓလေ့
လေ့လာခြင်းဆိုင်ရာ လုပ်ငန်းတာဝန်ကတော့ လက်တွေ့ဘဝ ယဉ်ကျေးမှု အခြေအနေတွေမှာ
ဘာသာရေးအာဏာပိုင်စိုးမှုရဲ့ သဘောသဘာဝတွေ (ဘယ်လို ဖန်တီးတယ်၊ ဘယ်လို
ပြန်လည်ထုတ်လုပ်တယ်၊ ဘယ်လို ယှဉ်ပြိုင်ကြတယ်) ဆိုတာကို နားလည်ဖို့ပဲ ဖြစ်ပါတယ်။
တစ်ခါတစ်ရံမှာ ဒီစူးစမ်းလေ့လာမှုက အာဏာကို ဘယ်လို ကျင့်သုံးပြီး ဘယ်လို
ညှိနှိုင်းကြသလဲ ဆိုတာအပေါ်မှာ ဗဟိုပြုနိုင်သလို နောက်တစ်ခါမှာတော့ အာဏာဟာ
ယဉ်ကျေးမှုဆိုင်ရာ အခြေအနေတွေ၊ အဖွဲ့အစည်းဆိုင်ရာ စနစ်တွေ၊
လူမှုရေးဖွဲ့စည်းပုံတွေနဲ့ တစ်သီးပုဂ္ဂလ ဘဝတွေထဲကို ဘယ်လိုမျိုး စိမ့်ဝင်ကိန်းအောင်းသွားသလဲ
ဆိုတာကို ဗဟိုပြုနိုင်ပါတယ်။ ကျွန်တော်တို့ရဲ့ လေ့လာမှုကို အထောက်အကူ ဖြစ်စေဖို့
ဘာသာရေး အာဏာပိုင်စိုးမှု ပြဿနာကို စူးစမ်းတဲ့အခါ အသုံးဝင်မဲ့
"သီအိုရီဆိုင်ရာ မှတ်ကျောက်” သုံးခုကို လေ့လာကြည့်ကြရအောင်။
မနုဿဗေဒကပြောတဲ့ဘာသာရေး မကြာမီ
Comments
Post a Comment