မရဏတံခါး စီမံကိန်း - နိဒါန်း
The Secret of secrets
မရဏတံခါး စီမံကိန်း
သက်ပိုင်
နိဒါန်း
“ငါ
သေသွားပြီ ထင်တယ်” ဟု
အမျိုးသမီးက တွေးလိုက်သည်။
သူသည်
မြို့ဟောင်းကြီး၏ မျှော်စင်ထိပ်ဖျားများ အထက်၌ လွင့်မျောနေလေသည်။ သူ၏ အောက်ဘက်တွင်တော့
စိန့်ဗစ်တပ်စ် ဘုရားကျောင်းကြီး၏ မီးရောင်ထိန်ထိန်လင်းနေသော မျှော်စင်ကြီးများသည်
ကြယ်ရောင်စုံပွင့်နေသကဲ့သို့သော အလင်းရောင်တို့ဖြင့် ပြည့်နှက်နေသည့် ပင်လယ်ပြင်ကြီးပေါ်တွင်
ဝင်းလက် တောက်ပနေသည်။ အကယ်၍သာ သူ့၌ မျက်လုံးများ ရှိနေသေးသည်ဆိုလျှင်
ထိုမျက်လုံးများဖြင့် ရဲတိုက်တောင်ကုန်း၏ ပြေဆင်းသွားသော တောင်စောင်းအတိုင်း
ဘိုဟီးမီးယား မြို့တော်၏ အလယ်ဗဟိုချက်မဆီသို့ ငေးမောကြည့်ရှုနေမိမှာ အသေအချာပင်။
လတ်ဆတ်သော နှင်းတို့ဖြင့် ခပ်ပါးပါး လွှမ်းခြုံထားသည့် ဝင်္ကပါသဖွယ်
ကွေ့ကောက်နေသော လမ်းကြားလေးများအတိုင်း သူ၏အမြင်အာရုံက လိုက်ပါ စီးဆင်းသွားလေသည်။
ပရာ့ဂ်မြို့။
သူသည်
စိတ်များ ရှုပ်ထွေးဝေဝါးလျက် မိမိကြုံတွေ့နေရသော အခြေအနေကို နားလည်နိုင်ရန်
အပြင်းအထန် ကြိုးစားလိုက်ရသည်။
“ငါက
အာရုံကြောသိပ္ပံပညာရှင်တစ်ယောက်ပဲ” ဟု သူ့ကိုယ်သူ အားပေးလိုက်သည်။ “ငါ့စိတ်က
ပုံမှန်အတိုင်း ကောင်းနေပါသေးတယ်”
သို့သော်
ဒုတိယမြောက် တွေးလိုက်မိသည့် အချက်ကတော့ မေးခွန်းထုတ်စရာ ဖြစ်နေကြောင်း သူ
ဝန်ခံမိသည်။
ယခုအချိန်၌
ဒေါက်တာ ဘရီဂီတာ ဂက်စ်နာ တစ်ယောက် သေချာပေါက် သိနေသည့် တစ်ခုတည်းသော အရာမှာ သူသည်
သူ၏ နေအိမ်ရှိရာ ပရာ့ဂ်မြို့ကြီး၏ ကောင်းကင်ယံ၌ တွဲလွဲဆွဲထားခံရသလို ခံစားနေရခြင်းပင်။ သူ၏ ခန္ဓာကိုယ်သည် သူနှင့်အတူ
မရှိတော့ပေ။ သူ့၌ ဒြပ်ထုလည်းမရှိ၊ ပုံသဏ္ဌာန်လည်း မရှိတော့။ သို့သော်လည်း သူ၏
ကျန်ရှိနေသော အစိတ်အပိုင်းများ ဖြစ်သည့် သူ၏ ဖြစ်တည်မှု၊ သူ၏ အသိစိတ် တို့သည်
ပျက်စီးခြင်းမရှိဘဲ နိုးကြားနေပုံရပြီး ဗဲလ်တာဗာ မြစ်ရှိရာဘက်သို့ လေထဲ၌
ဖြည်းညှင်းစွာ လွင့်မျောနေလေသည်။
ဂက်စ်နာသည်
ခန္ဓာကိုယ် တစ်ခုလုံး နာကျင်ကိုက်ခဲသည့် ဝေဝါးသော အမှတ်တရတစ်ခုမှလွဲ၍ သူ၏ လတ်တလော
အတိတ်ဆီမှ မည်သည့်အရာကိုမျှ ပြန်လည်အမှတ်မရနိုင်သေးပေ။ ယခုအခါ သူ၏ ခန္ဓာကိုယ်သည်
သူ ဖြတ်သန်းလွင့်မျောနေသည့် လေထုကြီးအဖြစ်သို့ ပြောင်းလဲသွားသကဲ့သို့ ခံစားနေရ၏။
ဤခံစားမှုမျိုးကို သူ တစ်ခါမှ မကြုံခဲ့ဖူးသည်မှာ အမှန်ပင်။ ဉာဏ်ပညာဖြင့်
ဆင်ခြင်သုံးသပ်တတ်သော သူ၏ပင်ကိုစိတ်က လက်မခံချင်သော်လည်း ဂက်စ်နာအနေဖြင့်
အဖြေတစ်ခုကိုသာ ရှာတွေ့နိုင်ခဲ့လေသည်။
“ငါ
သေဆုံးသွားပြီပဲ။ တမလွန်ဘဝဆိုတာ ဒါပဲ”
ထိုအကြံဉာဏ်
စိတ်ထဲပေါ်လာသည်နှင့် တစ်ပြိုင်နက် ယင်းသည် ဖြစ်နိုင်ချေမရှိဟု သူက ပယ်ချလိုက်၏။
“တမလွန်ဘဝ
ဆိုတာ လူတွေ အားလုံးလက်ခံထားကြတဲ့ စိတ်အထင်မှားမှုသက်သက်ပဲ... လက်ရှိဘဝကြီးကို
ခံသာအောင် ဖန်တီးထားကြတာ...”
ဆရာဝန်တစ်ယောက်အနေဖြင့်
ဂက်စ်နာသည် သေခြင်းတရားနှင့် ၎င်း၏ နိဂုံးကို ကောင်းစွာ ရင်းနှီးကျွမ်းဝင်ပြီးသား
ဖြစ်၏။ ဆေးကျောင်းသူ ဘဝက လူ့ဦးနှောက်များကို ခွဲစိတ်လေ့လာခြင်းဖြင့် လူတစ်ယောက်၏
ဖြစ်တည်မှုကို ပုံဖော်ပေးထားသော မျှော်လင့်ချက်များ၊ ကြောက်ရွံ့မှုများ၊
အိပ်မက်များနှင့် အမှတ်တရများ ဆိုသည်မှာ ဦးနှောက်အတွင်းရှိ လျှပ်စစ်ဓာတ်အားဖြင့်
ဖွဲ့စည်းထားသော ဓာတုဒြပ်ပေါင်းများသာ ဖြစ်ကြောင်း သူ နားလည်ခဲ့သည်။ လူတစ်ယောက်
သေဆုံးသွားသောအခါ ဦးနှောက်၏ စွမ်းအင်အရင်းအမြစ် ပြတ်တောက်သွားပြီး
ထိုဓာတုပစ္စည်းများ အားလုံးသည် အဓိပ္ပာယ်မဲ့သော အရည်အဖြစ်သို့ ပျော်ဝင်သွားကာ
ထိုလူသား၏ ဖြစ်တည်ခဲ့မှု အစအနများကိုပါ အပြီးတိုင် ဖျက်ဆီးပစ်လိုက်လေသည်။
“လူတစ်ယောက်
သေတယ်ဆိုတာ အဲဒီလူအတွက် ဘဝ အဆုံးသတ်သတ်သွားတာပဲ။
ဒီထက်ပိုပြီး
ဘာမှ ထပ်မရှိနိုင်တော့ဘူး”
သို့သော်
ယခုအချိန်တွင် ဝေါလင်စတိန်း နန်းတော်၏ အချိုးညီညာလှပသော
ပန်းဥယျာဉ်များပေါ်၌ လွင့်မျောနေရင်း သူသည် အလွန်တရာ အသက်ဝင် ရှင်သန်နေသကဲ့သို့
ခံစားနေရလေသည်။ သူ၏ ပတ်ဝန်းကျင်၌ သို့မဟုတ် သူ၏ ခန္ဓာကိုယ်ကို ဖောက်ထွင်းလျက်
နှင်းများ ကျဆင်းနေသည်ကို သူ မြင်တွေ့နေရပြီး ထူးဆန်းသည်မှာကား အအေးဒဏ်ကို လုံးဝ
မခံစားရခြင်းပင်။ ၎င်းမှာ ဆင်ခြင်တုံတရားနှင့် ယုတ္တိဗေဒများ ပျက်စီးခြင်းမရှိဘဲ
သူ၏ စိတ်အာရုံက လေဟာနယ်ထဲတွင် ရပ်တန့်နေသကဲ့သို့ ဖြစ်နေလေသည်။
“ငါ့မှာ
အလုပ်လုပ်တဲ့ ဦးနှောက် ရှိနေသေးတယ်” ဟု သူ့ကိုယ်သူ ပြောလိုက်သည်။ “ဒါကြောင့် ငါ
အသက်ရှင်နေသေးတာ ဖြစ်ရမယ်”
ဂက်စ်နာ
ကောက်ချက်ချနိုင်သည့် တစ်ခုတည်းသော အရာမှာ ဆေးပညာ စာပေများတွင် ‘အိုဘီအီး’ ဟု
ခေါ်ဆိုသည့် ‘ခန္ဓာကိုယ်ပြင်ပသို့ ဝိညာဥ်ထွက်သွားသော အတွေ့အကြုံ’ ကို သူ
ခံစားနေရခြင်းပင် ဖြစ်သည်။ ၎င်းသည် ဆေးပညာအရ သေဆုံးပြီးနောက် ပြန်လည်
အသက်သွင်းခံရသော ဒဏ်ရာပြင်းထန်သည့် လူနာများတွင် ဖြစ်ပွားလေ့ရှိသည့် ‘စိတ်အာရုံချောက်ခြားခြင်း’
တစ်မျိုးသာ ဖြစ်သည်။
‘အိုဘီအီး’
အခြေအနေများသည် အမြဲတမ်းလိုလို ပုံစံတစ်မျိုးတည်းဖြင့်သာ ဖြစ်ပေါ်လေ့ရှိသည်။
ယင်းမှာ လူတစ်ယောက်၏ စိတ်သည် ရုပ်ခန္ဓာကိုယ်မှ ခေတ္တခဏ ကွဲကွာသွားပြီး
ပုံသဏ္ဌာန်မဲ့စွာဖြင့် အပေါ်သို့ လွင့်တက်သွားသည်ဟု ထင်မြင်ယူဆခြင်း ဖြစ်၏။
တကယ့်လက်တွေ့ အတွေ့အကြုံများကဲ့သို့ ခံစားရသော်လည်း ‘အိုဘီအီး’ အခြေအနေ များသည်
စိတ်ကူးယဉ် ခရီးစဉ်များသာ ဖြစ်ပြီး ဦးနှောက်အပေါ် ပြင်းထန်သော စိတ်ဖိစီးမှုနှင့်
အောက်ဆီဂျင်ပြတ်လပ်မှုတို့၏ အကျိုးသက်ရောက်မှုများကြောင့် ဖြစ်ပွားလေ့ရှိတတ်လေသည်။
တစ်ခါတစ်ရံတွင် ကက်တမင်းကဲ့သို့သော အရေးပေါ်ခန်းသုံး မေ့ဆေးများနှင့်
ပေါင်းစပ်၍လည်း ဖြစ်ပွားတတ်၏။
“ငါ
ဒီပုံရိပ်တွေကို စိတ်ထင်ယောင်ထင်မှား မြင်နေတာပဲ” ဟု မြို့ကြီးအား မြွေတစ်ကောင်ကဲ့သို့
ရစ်ပတ်ထားသော ဗဲလ်တာဗာ မြစ်၏ အမှောင်ရိပ်ကို ငုံ့ကြည့်ရင်း ဂက်စ်နာက သူ့ကိုယ်သူ
တထစ်ချ တွေးလိုက်သည်။ “ဒါပေမဲ့ ဒါသာ အိုဘီအီး ဖြစ်ခဲ့မယ်ဆိုရင်... အင်း၊ ငါဟာ
သေခါနီး ဖြစ်နေပြီဆိုတဲ့ အဓိပ္ပာယ်ပဲ”
ကြုံတွေ့နေသည့်
အဖြစ်အပျက်များအပေါ် တည်ငြိမ်စွာ တုံ့ပြန်နိုင်ခြင်းကို မိမိကိုယ်ကိုယ် အံ့အားသင့်ရင်း
ဂက်စ်နာသည် ဘာဖြစ်တာလဲ ဆိုသည်ကို ပြန်လည်အမှတ်ရရန် ကြိုးစားလိုက်၏။
“ငါက
ကျန်းမာရေးကောင်းတဲ့ ၄၉ နှစ်အရွယ် အမျိုးသမီးတစ်ယောက်လေ... ဘာလို့ ငါက သေရမှာလဲ”
မျက်စိကျိန်းမတတ်
လင်းလက်သွားသော အလင်းရောင်တစ်ပွင့်နှင့်အတူ ကြောက်မက်ဖွယ်ရာ အမှတ်တရတစ်ခုသည်
ဂက်စ်နာ၏ သိစိတ်ထဲသို့ ဝင်ရောက်လာခဲ့၏။ ယခုအချိန်၌ သူ၏ ရုပ်ခန္ဓာကိုယ်
မည်သည့်နေရာတွင် ရှိနေသည်ကို သူသဘောပေါက်လိုက်ပြီ ဖြစ်သလို... ပို၍
ထိတ်လန့်စရာကောင်းသည်မှာ သူ့ ခန္ဓာကိုယ်အား မည်သို့ ပြုလုပ်နေကြသည်ဆိုသည့်
အချက်ပင်။
သူ့ခန္ဓာကိုယ်သည်
ပက်လက်အနေအထားဖြင့် ရှိနေပြီး၊ သူကိုယ်တိုင် ဖန်တီးခဲ့သော စက်ကြီးတစ်လုံးထဲတွင်
ကြိုးများဖြင့် တင်းကျပ်စွာ ချည်နှောင်ခံထားရလေသည်။ မိစ္ဆာကြီး တစ်ကောင်သည် သူ၏
အပေါ်မှ မိုးကြည့်နေ၏။ ထိုသတ္တဝါသည် မြေကြီးထဲမှ တွားကာ ထွက်လာသော ရှေးဦးလူသား
တစ်မျိုးနှင့် တူနေသည်။ သူ၏ မျက်နှာနှင့် ဆံပင်မရှိသော ဦးခေါင်းခွံတို့အား ညစ်ပတ်သော
ရွှံ့စေး ခပ်ထူထူဖြင့် ဖုံးအုပ်ထားပြီး လမျက်နှာပြင်ကဲ့သို့ အက်ကွဲကြောင်းများ
ဖြစ်ပေါ်နေ၏။ မြေသားမျက်နှာဖုံး၏ နောက်ကွယ်တွင် အမုန်းတရားများ ပြည့်နှက်နေသော သူ၏
မျက်လုံးများကိုသာ မြင်တွေ့နေရသည်။ သူ၏ နဖူးပြင်ပေါ်တွင်လည်း ရှေးဟောင်း
ဘာသာစကားတစ်ခုမှ အက္ခရာ သုံးလုံးကို ဖြစ်ကတတ်ဆန်း ထွင်းထုထားသေး၏။
“ရှင်
ဘာလို့ ဒါကို လုပ်ရတာလဲ” ဟု
ဂက်စ်နာ ထိတ်လန့်တကြား
အော်ဟစ်လိုက်သည်။ “ရှင် ဘယ်သူလဲ။ ရှင်က ဘာကောင်ကြီးလဲ”
“ငါက သူ့ရဲ့
ကာကွယ်သူပဲ” ဟု မိစ္ဆာကောင်က ပြန်ဖြေ၏။ သူ၏ အသံသည် ပဲ့တင်ထပ်နေပြီး လိုဏ်ခေါင်းသံ
ပေါက်ကာ လေယူလေသိမ်းမှာ ဆလပ်ဗ် လူမျိုးများနှင့် ဆင်တူနေသည်။ “သူက မင်းကို
ယုံကြည်ခဲ့တယ်... ဒါပေမဲ့ မင်းက သူ့ကို သစ္စာဖောက်ခဲ့တယ်”
“ဘယ်သူ့ကို
ပြောတာလဲ” ဟု
ဂက်စ်နာက မေးလိုက်သည်။
မိစ္ဆာကောင်သည်
အမျိုးသမီးတစ်ဦး၏ အမည်ကို ပြောလိုက်ရာ ထိတ်လန့်မှုကြောင့် ဂက်စ်နာ တစ်ကိုယ်လုံး အေးစက်သွားသည်။
"ငါ ဘာလုပ်ခဲ့တယ်ဆိုတာ သူ ဘယ်လိုလုပ် သိနေတာလဲ"
ရေခဲတုံးကဲ့သို့
အေးစက်လေးလံသော အရာတစ်ခုသည် သူ၏လက်မောင်းထဲသို့ ဝင်ရောက်လာပြီး မိစ္ဆာကောင်ကြီးသည်
လုပ်ငန်းစဉ်ကို စတင်လိုက်ပြီဖြစ်ကြောင်း ဂက်စ်နာ သဘောပေါက်လိုက်သည်။ ခဏအကြာတွင်
မခံမရပ်နိုင်လောက်အောင် စူးရှသော နာကျင်မှုတစ်ခုအား သူ၏ ဘယ်ဘက်လက်မောင်းတွင် ခံစားလိုက်ရပြီး၊
ယင်းသည် သွေးပြန်ကြောတစ်လျှောက် ပျံ့နှံ့သွားကာ သူ၏ ပခုံးဆီသို့ ကုတ်ခြစ်
တက်လာတော့သည်။ “ကျေးဇူးပြုပြီး ရပ်လိုက်ပါတော့” ဟု သူက မောဟိုက်စွာဖြင့်
တောင်းပန်လိုက်သည်။
မခံမရပ်နိုင်သော
ဝေဒနာသည် ဂက်စ်နာ၏ ချိုင်းကြားသို့ ရောက်ရှိလာချိန်တွင် “ငါ့ကို အကုန်ပြောပြ” ဟု မိစ္ဆာကောင်ကြီးက
တောင်းဆိုလိုက်၏။
“ကျွန်မ
ပြောပြပါ့မယ်” ။ ဂက်စ်နာက ကြောက်လန့်တကြား သဘောတူလိုက်ရာ မိစ္ဆာကောင်သည် စက်ကို
ခေတ္တရပ်လိုက်သဖြင့် နာကျင်မှုသည် ပခုံးနားတွင် ရပ်တန့်သွားသော်လည်း ပြင်းထန်သော
ပူလောင်မှုကတော့ ကျန်ရစ်နေဆဲပင်။
ကြောက်ရွံ့မှုကြောင့်
တဆတ်ဆတ်တုန်ရီနေရင်း ဂက်စ်နာသည် သွားများကို စေ့ထားလျက် လျှို့ဝှက်ထားမည်ဟု သူ ကတိပြုထားသော
လျှို့ဝှက်ချက်များကို အသည်းအသန် ထုတ်ဖော် ပြောပြလိုက်တော့၏။ သူနှင့် သူ၏ အဖွဲ့သားများ
ပရာ့ဂ်မြို့အောက်ရှိ နက်ရှိုင်းသော နေရာတွင် ဖန်တီးထားခဲ့သည့် အရာနှင့် ပတ်သက်သော သွေးပျက်ဖွယ်ရာ
အမှန်တရားများအားလုံးကို အိတ်သွန်ဖာမှောက်ပြောပြကာ မိစ္ဆာကောင်ကြီး၏
မေးခွန်းများကို ဖြေကြားပေးလိုက်သည်။
မိစ္ဆာကောင်ကြီးသည်
သူ၏ ထူထဲသော ရွှံ့စေးမျက်နှာဖုံး နောက်ကွယ်မှနေ၍ သူ့အား စိုက်ကြည့်နေ၏။ သူ၏
အေးစက်သော မျက်လုံးများသည် နားလည်သဘောပေါက်မှုများနှင့် အမုန်းတရားများတို့ဖြင့်
တလက်လက်ထနေလေသည်။
“မင်းတို့က
မြေအောက် ငရဲခန်းကို တည်ဆောက်ခဲ့ကြတာပဲ” ဟု မိစ္ဆာကောင်ကြီးက တီးတိုး
ရေရွတ်လိုက်သည်။ “မင်းတို့အားလုံး သေသင့်တယ်” ဟု ဆိုပြီးလျှင် ချက်ချင်းပင်
တွေဝေခြင်းမရှိဘဲ သူသည် စက်ကို ပြန်ဖွင့်လိုက်ပြီး တံခါးပေါက်ဆီသို့ ထွက်ခွာသွားလေတော့သည်။
“မလုပ်ပါနဲ့...”
။ ဝေဒနာဆိုးကြီးက သူ့ကို တစ်ဖန် ပြန်လည် ဖမ်းစားလိုက်သဖြင့် ဂက်စ်နာသည်
စူးစူးဝါးဝါး အော်ဟစ်လိုက်၏။ နာကျင်မှုလှိုင်းများသည် သူ၏ ပခုံးမှတဆင့်
ရင်ဘတ်ထဲသို့ စီးဝင်သွား၏။ “ကျေးဇူးပြုပြီး မသွားပါနဲ့... ဒါက ကျွန်မကို
သေစေလိမ့်မယ်”
“ဟုတ်တယ်”
။ မိစ္ဆာကောင်ကြီးက သမင်လည်ပြန် လှည့်ကြည့်ကာ ပြောလိုက်သည်။ “ဒါပေမဲ့ သေခြင်းတရားက
အဆုံးသတ် မဟုတ်ဘူး။ ငါကိုယ်တိုင်လဲ အကြိမ်ပေါင်းများစွာ သေဆုံးဖူးတယ်”
ထိုစကားပြောပြီးနောက်
မိစ္ဆာကောင်ကြီးသည် ပျောက်ကွယ်သွားပြီး ဂက်စ်နာသည်လည်း ရုတ်တရက် လေထဲတွင် ပြန်လည်
လွင့်မျောနေပြန်လေသည်။ သူသည် သနားညှာတာမှု ပေးရန် အော်ဟစ်တောင်းဆိုဖို့
ကြိုးစားလိုက်သော်လည်း သူ၏ အပေါ်ရှိ ကောင်းကင်ကြီး ပွင့်ဟသွားသကဲ့သို့ နားကွဲမတတ်
ကျယ်လောင်သော မိုးခြိမ်းသံကြီးအကြား သူ၏ အသံ တိမ်မြုပ်သွားခဲ့ရလေသည်။ ကမ္ဘာမြေဆွဲငင်အားနှင့်
ပြောင်းပြန်ကဲ့သို့သော မမြင်ရသည့် စွမ်းအားတစ်ခုသည် သူ့ကို ဖမ်းဆုပ်လိုက်ပြီး
အပေါ်သို့ ဆွဲတင်နေသည်ကို သူ ခံစားလိုက်ရ၏။
ဒေါက်တာ
ဘရီဂီတာ ဂက်စ်နာသည် သေရွာပြန် ခရီးသည်များ၏ ပြောစကားများကို နှစ်ပေါင်းများစွာ လှောင်ပြောင်ခဲ့ဖူး၏။
ယခုအခါတွင်ကား သေအံ့ဆဲဆဲ အခြေအနေတွင် နက်ရှိုင်းသော အမှောင်ကမ္ဘာ ချောက်ကမ်းပါးထဲသို့
ငုံ့ကြည့်ပြီးမှ ခက်ခက်ခဲခဲ ပြန်လည် ရှင်သန်လာနိုင်ခဲ့သည့် ရှားပါး လူနည်းစုထဲတွင်
သူပါဝင်ခွင့်ရပါစေကြောင်း ဆုတောင်းနေမိတော့လေသည်။
“ငါ
သေလို့ မဖြစ်ဘူး... တခြားလူတွေကို သတိပေးရဦးမယ်”
သို့သော်လည်း
အချိန်လွန်သွားပြီ ဖြစ်ကြောင်း သူ သိလိုက်ပါသည်။
ဤဘဝသည်ကား
ပြီးဆုံးသွားပေပြီ။

Comments
Post a Comment