ဟုမ္မာရဲ့ ဩဒစ္ဆေ နဲ့ ခရစ္စတိုဖာ နိုလန်ရဲ့ ဩဒစ္ဆေ
ဟုမ္မာရဲ့ ဩဒစ္ဆေ နဲ့ ခရစ္စတိုဖာ နိုလန်ရဲ့ ဩဒစ္ဆေ
(လက်ရာ ၂ ခုလုံးက ကောင်းနေတာမို့လို့ မူရင်းနဲ့ ရုပ်ရှင်ရဲ့
ခြားနားချက်ကိုပဲ ဩဒစ္ဆေမော်ကွန်းကဗျာကြီးကို စကားပြေအဖြစ် အစအဆုံး ဘာသာပြန်သူ တစ်ယောက်အနေနဲ့
ယှဥ်ပြချင်ပါတယ်။)
အရင်ဆုံး ဟုမ္မာရဲ့ ဩဒစ္ဆေ ကဗျာမှာ နတ်ဘုရားတွေက
ဦးဆောင်သွားကြပါတယ်။ ခရစ္စတိုဖာကတော့ ဩဒစ္ဆေကို လူသား ဆန်ဆန်နဲ့ ရိုက်ပြထားတာကို တွေ့ရပါတယ်။
ခရစ္စတိုဖာရဲ့ ဩဒစ္ဆေထဲမှာ အက်ဂါမမ္မနွန်က ဆံပင်မရှိတာ
အရင်ဆုံး အံ့သြမိသွားပါတယ်။ ဟုမ္မာရဲ့ ဩဒစ္ဆေထဲမှာ အက်ဂါမမ္မနွန်ဟာ “ရွှေရောင်ဆံနွယ်ရှိသော၊
အသံဩဇာပြည့်ဝသော” လို့ ဖော်ပြထားပါတယ်။ နောက်ပြီး ရုပ်ရှင်ထဲက အက်ဂါမမ္မနွန်ဟာ ဟယ်လင့်အပေါ်
စိတ်ကွက်နေကြောင်း ရိုက်ပြထားပေမဲ့ ကဗျာထဲမှာတော့ အက်ဂါမမ္မနွန်ဟာ ဟယ်လင့်အပေါ် ချစ်မြတ်နိုးဆဲဖြစ်ပါတယ်။
ဟယ်လင်ကလဲ သူ့ကို အက်ဖရိုဒိုက်တီးစ်နတ်ဘုရားမက လှည့်ဖျားလို့ ပဲရစ်နောက် လိုက်ပါသွားရကြောင်း
ကဗျာထဲမှာ ပါပါတယ်။
ဟယ်လင်ဟာ ကဗျာထဲမှာ “မိန်းမတကာရဲ့ ဘုရင်၊ စစ်မက်များ
ဖြစ်ပွားစေသူ၊ ဖြူစင်သော လက်မောင်းရှိသူ၊ ဆံပင်ကောင်းသူ” လို့သာ ဖော်ပြထားပါတယ်။ ဖြူစင်သော
လက်မောင်းဆိုတဲ့ စကားအရနဲ့ စပါတာလူမျိုးဖြစ်တာကြောင့် ရုပ်ရှင်ထဲကလောက်တော့ အသားမမည်းနိုင်ဘူး
ထင်ပါတယ်။ အလှအပကတော့ ကြည့်ရှုသူနဲ့ဆိုင်တာမို့ ပြိုင်ငြင်းလို့မရပါဘူး။ ကြည့်ရှုသူကိုယ်တိုင်
မျက်စိမှိတ်ပြီး ကိုယ့်စိတ်ထဲ အလှဆုံးဆိုတဲ့လူကို မြင်ယောင်ကြည့်ပါ။ အဲဒါဟာ ဟုမ္မာပြောချင်တဲ့
ဟယ်လင်ရဲ့ ပုံ ဖြစ်နိုင်ပါတယ်။
ကလစ်ပ်ဆိုဟာ ကမ္ဘာမြေကြီးကို ထမ်းထားရတဲ့ တိုက်တန်
နတ်ဘုရား အက်တ်လက်စ်ရဲ့ သမီးဖြစ်ပါတယ်။ အိုလံပီယန် နတ်ဘုရားတွေကြီးစိုးလာတော့ တိုက်တန်တွေ
နန်းကျသွားတဲ့အတွက် ကလစ်ပ်ဆိုတို့ကို နယ်နှယ်ဒဏ်ပေးကာ အဝေးတစ်နေရာက ကျွန်းမှာ နေထိုင်ရပါတယ်။
ကဗျာထဲမှာ ကလစ်ပ်ဆိုက အိုဒစ်စီးယပ်စ်ကို ကယ်တင်ပြီး ကျွေးမွေးထားပါတယ်။ သူ့လိုပဲ မသေနိုင်တဲ့
နတ်ဘုရားဖြစ်အောင် လုပ်ပေးဖို့ ကတိပေးခဲ့ပေမဲ့ အိုဒစ်စီးယပ်စ်က လက်မခံဘဲ အစ်သက္ကကျွန်းကို
ပြန်ဖို့ပဲ မျှော်နေခဲ့တာပါ။ ရုပ်ရှင်ထဲက ကြာပန်းကျွေးတာကတော့ ဇာတ်လမ်းအရ ကြာပန်းစားသူများကျွန်းကို
ချန်လှပ်ထားလို့ အပြသဘောလောက် ထည့်ထားတာ ဖြစ်ပါလိမ့်မယ်။
ဆာဆီဟာ နေနတ်ဘုရား ဟီလီယို့စ်ရဲ့ သမီးတော်စပ်ပါတယ်။
ရွှေရောင်သိုးမွှေးသွားခိုးတဲ့ ဂျေဆင်ရဲ့ မိန်းမ မဒဲရာရဲ့ အဒေါ်ဖြစ်ပါတယ်။ ရုပ်ရှင်ထဲမှာ
သူက စုတ်ဖတ်ဖတ် ဖြစ်နေပေမဲ့ ကဗျာထဲမှာတော့ သင်္ဘောသားတွေဟာ သီချင်းဆိုပြီး ဂုန်နီကြိုးနဲ့
ရက်ကန်းယက်နေတဲ့ လှပတဲ့ အမျိုးသမီးလေးကို တွေ့ခဲ့ရလို့ သူ့နန်းတော်ထဲ ဝင်သွားကြတာ ဖြစ်ပါတယ်။
အိုဒစ်စီးယပ်စ်လဲ မသင်္ကာလို့ လိုက်သွားတော့ လမ်းမှာ ဟားမိစ်နတ်ဘုရားက သူ့ကို ဆေးမြစ်ကျွေးလိုက်တာမို့
အိုဒစ်စီးယပ်စ်က ဝက်ဖြစ်မသွားတာပါ။ နောက်ပြီး အိုဒစ်စီးယပ်စ်ဟာ ဆာဆီနဲ့ အတူပေါင်းသင်းပြီး
တစ်နှစ်လောက် နေခဲ့ပါသေးတယ်။ ပြောရရင် အိုဒစ်စီးယပ်စ်ဟာ နှစ် ၂၀ ခရီးမှာ အိမ်ထောင်
၂ ဆက်တောင် ကျခဲ့သလိုပါပဲ။
ခရစ်ဘ်ဒစ်ဟာ ပိုဆိုက်ဒန်ရဲ့ သမီးဖြစ်ပါတယ်။ အစားကျူးလွန်းလို့
အိုလံပီယာတောင်ကနေ ပင်လယ်ထဲ ပစ်ချခံထားရတာပါ။ ဒါကြောင့် သူက တစ်ရက်ကို ၂ ကြိမ် ဝဲဂယက်အသွင်နဲ့
အနားမှာရှိသမျှကို စွဲယူစားသောက်ပါတယ်။ ဆစ်လာကတော့ ခေါင်း ၆ လုံးရှိပေမဲ့ ခွေးအသံရှိတဲ့
မိစ္ဆာပါ။
နေနတ်ဘုရား ဟီလီယို့စ်ရဲ့ နွားတွေဟာ ရွှေရောင်အမွှေးရှိတယ်လို့
ကဗျာကဆိုပါတယ်။ အဲဒီနွားတွေကို ခိုးစားမိလို့ သင်္ဘောပျက်ပြီး အားလုံးသေသွားတော့ အိုဒစ်စီးယပ်စ်ဟာ
ဖိုနီးရှန်းတို့ တိုင်းပြည်ကို ရောက်သွားပါတယ်။ ဒီဘက်ခေတ် လက်ဘနွန်ဖြစ်နိုင်ပါတယ်။
အဲဒီမှာ ဖိုနီးရှန်း မင်းသမီး နော်ဆီကာ အဝတ်လျှော်တာကို ကိုယ်လုံးတီးနဲ့ ထွက်တွေ့ပြီး
အကူအညီတောင်းရာကနေ နန်းတော်ကိုရောက်ပြီး၊ အရှေ့မှာ ပြောခဲ့သမျှအရာအားလုံးကို ဇာတ်ကြောင်း
ပြန်ပြောတယ်လို့ ကဗျာက စီစဥ်ထားပါတယ်။ ရုပ်ရှင်ထဲမှာတော့ ဖိုနီးရှန်းလူမျိုးတွေ မပါခဲ့ပါဘူး။
အစ်သက္ကနန်းတော်ထဲမှာ အနှိပ်စက်ခံရတဲ့ ဝက်ကျောင်းသာ
အဘိုးကြီး ယူမေးယပ်စ်ရဲ့ အခန်းတွေက တကယ်တော့ အိုဒစ်စီးယပ်စ်ဖြစ်ရမှာပါ။ အိုဒစ်စီးယပ်စ်
ပြန်ရောက်တော့ အက်သီနာက သူ့ကို အဘိုးကြီးအသွင်ပြောင်းလိုက်ပါတယ်။ ဒီနည်းနဲ့ သူက ဘယ်သူမှမသိဘဲ
နန်းတော်ကို လေ့လာနိုင်ခဲ့တာပါ။
ဝက်ကျောင်းသား ယူမေးယပ်စ်ကလဲ တကယ်တော့ တိုင်းပြည်တစ်ပြည်က
မင်းသားပါ။ ဒါပေမဲ့ သူ့ကို ကလေးထိန်းလုပ်တဲ့သူက ကလေးကို ခိုးပြီး အစ်သက္ကပြည်က အိုဒစ်စီးယပ်စ်ဆီမှာ
ရောင်းစားခဲ့ပါတယ်။ ဒါကြောင့် ကြေးခေတ်ကတည်းက ကျွန်စနစ်ထွန်းကားနေကြောင်း ကဗျာအရ သိရပါတယ်။
ကြင်ယာလောင်းလျာတွေထဲမှာ အရင်ဆုံး အသတ်ခံရတာက အန်တီးနူးဝပ်စ်ပါ။
ရုပ်ရှင်ထဲမှာတော့ နောက်ဆုံးမှ အသတ်ခံရတာ ဖြစ်ပါတယ်။ ကြင်ယာလောင်းလျာတွေကို ကူညီတဲ့
မီလန်တီးယပ်စ်နဲ့ မီလန်သိုတို့က မောင်နှမပါ။ သူတို့ မောင်နှမ နှစ်ယောက်လုံးကို အိုဒစ်စီးယပ်စ်နဲ့
တယ်လစ်မက္ကပ်စ်တို့က ရက်ရက်စက်စက် အဆုံးသတ်ခဲ့ကြပါတယ်။
သူတို့ကို သတ်ပြီးနောက် အက်သီနာက ဝင်တားလိုက်ပြီး
ဒီမှာတင် ကဗျာကပြီးပါတယ်။ ရုပ်ရှင်ထဲမှာတော့ အိုဒစ်စီးယပ်စ်နဲ့ ဖီနယ်လိုပီတို့က အတူတူ
တစ်နေရာကို ရွက်လွှင့်ပြီး အဆုံးသတ်ပါတယ်။ တကယ်တော့ သူ မြေအောက်ကမ္ဘာကို အသွားမှာ တိုင်ရီးစီးယပ်စ်က
သူ့ကို အနောက်ဘက်စူးစူးကို ခရီးနှင်ပြီး၊ ကုန်းတွေရင် ခေါင်းပေါ်မှာ လှော်တက်ကို ထမ်းပြီးလျှောက်သွားလို့
ပြောခဲ့ပါတယ်။ လူတစ်ယောက်က “ခင်ဗျားခေါင်းပေါ် ဘာကြီးထမ်းလာတာတုံး” မေးခံရရင် အဲဒီနေရာမှာ
လှော်တက်ကို စိုက်ပြီး နတ်ဘုရားတွေကို ပူဇော်ရမယ်လို့ ဟောလိုက်ပါတယ်။ အိုဒစ်စီးယပ်စ်ဟာ
သူ့အမေကိုလဲ မြေအောက်ကမ္ဘာမှာ တွေ့ခဲ့ရပါတယ်။
အချုပ်ပြောရရင် နိုလန်ရဲ့ ဩဒစ္ဆေဟာ အိုဒစ်စီးယပ်စ်ကို
လူသားတစ်ယောက်အတိုင်းပဲ ပုံဖော်သွားတာကို တွေ့ရပါတယ်။ ယုတ်စွအဆုံး အက်သီနာတောင် မပါခဲ့ဘဲ
ခေါင်းမြှီးခြုံထားတဲ့ ကောင်မလေးဟာ သူတို့ ထရွိုင်မြို့က ဘုရားကျောင်းမှာ သတ်ခဲ့တဲ့
အက်သီနာရဲ့ နတ်ဆရာမသာ ဖြစ်ခဲ့ပါတယ်။
Comments
Post a Comment