နိရယဘုံ အမှာစာ
ဘာသာပြန်သူ အမှာစာ
၂၀၁၃ မှာ ထွက်ရှိခဲ့တဲ့ ဒန်ဘရောင်းရဲ့ ရောဘတ်
လန်ဒန် စီးရီးထဲက အင်ဖာနိုဆိုတဲ့ စာအုပ်ကို ကျွန်တော် ၂၀၁၉ မှာဖတ်ရှုမိခဲ့ရာကနေ
ဒန္တေ အယ်လီဂီယာရီ ဆိုတဲ့ ပုဂ္ဂိုလ်ဆိုတဲ့အကြောင်းကို စတင်သိရှိခွင့်ရခဲ့ပါတယ်။
အဲဒီကနေတဆင့် ဒန္တေရဲ့ The Divine Comedy (အစ္ဆရိယရကန်) ကို ကိုယ်တိုင်လည်း စာအုပ်ရှာဖွေ
ဖတ်ရှုခဲ့သလို၊ အင်တာနက်ကနေလည်း ဘာသာပြန်မူပေါင်းများစွာကို ဖတ်ရှုဖြစ်ခဲ့ပါတယ်။
အီတာလျံကဗျာကို အင်္ဂလိပ်ကဗျာအဖြစ် တိုက်ရိုက်ပြန်ဆိုချက်ပေါင်းများစွာနဲ့အတူ
အင်္ဂလိပ်စကားပြေအဖြစ် ပြန်ဆိုချက်ပေါင်းများစွာကိုလည်း ဖတ်ရှုဖြစ်ခဲ့တာမို့ အစ္ဆရိယရကန်ရဲ့
ဇာတ်ကောင်တွေကိုပါ အလွတ်ရတဲ့အထိပါပဲ။
ရန်ကုန်မှာရှိတဲ့ စာအုပ်ဆိုင်ပေါင်းများစွာကို
မွှေနှောက်ရှာဖွေပြီးတဲ့ နောက်ဆုံး ၂၀၂၃ နှစ်ကုန်ပိုင်းလောက်မှပဲ
ကျွန်တော့်လက်ထဲကို စာရေးဆရာ Anthony. S. Kline မှ အင်္ဂလိပ်စကားပြေအဖြစ်
ပြန်ဆိုထားတဲ့ အစ္ဆရိယရကန်စာအုပ်က လက်ဝယ်ရောက်လာခဲ့ပါတယ်။ အဲဒီကနေ ကျွန်တော်
ဒီစာအုပ်ကို ဘာသာပြန်ဆိုဖို့ ရည်ရွယ်ခဲ့တာ အခု ၂၀၂၆ မှပဲ အစ္ဆရိယရကန်စကားပြေ အတွဲ
၁ ဖြစ်တဲ့ နိရယဘုံ ကို အထမြောက် ပြီးဆုံးအောင် ဘာသာပြန်နိုင်ခဲ့တာ ဖြစ်ပါတယ်။ ဆက်လက်ပြီးတော့လည်း
အတွဲ ၂ နဲ့ ၃ ကိုဆက်လက်ပြီး ဘာသာပြန်ဆိုသွားမှာ ဖြစ်ပါတယ်။
“The Divine Comedy” ကို မြန်မာလို ခေါင်းစဥ်ပေးရာမှာ
ခမ်းနားပြီး သူ့ ရဲ့ အရေးအသားကိုလည်း ထင်ဟပ်စေမဲ့ စကားလုံးမျိုးကို
ရှာချင်ခဲ့တာမို့ ပေါရာဏစကားကျမ်းနဲ့ ပါဠိ - မြန်မာ ဘာသာပြန်စာအုပ်တွေကို
လှန်လှောပြီး စကားလုံး အဓိပ္ပါယ်ကို ပေါ်လွင်စေမဲ့ စကားလုံးမျိုးကို ရှာဖွေခဲ့ပါတယ်။
Divine - နတ်ဘုရားကဲ့သို့သော၊
နတ်ဘုရားနှင့်ဆိုင်သော၊ အံ့ချီးဖွယ်ကောင်းသော ဆိုတဲ့ စကားလုံးကို
အစ္ဆရိယမနုဿပုဂ္ဂလသုတ်မှာ ဗုဒ္ဓဘုရားရဲ့ အံ့ချီးဖွယ် မဟာလူသားဂုဏ်ကို ညွှန်းထားတာ
တွေ့ရပါတယ်။ ဒါကြောင့် အဲဒီသုတ္တန်ထဲက "အစ္ဆရိယ" ဆိုတဲ့ စကားလုံးကို
ယူထားတာဖြစ်ပါတယ်။ Comedy - ဟာသ၊
ပျော်ရွယ်ဖွယ် ဆိုတဲ့ စကားလုံးကို မြန်မာကဗျာစာပေမှာရှိတဲ့ "ရကန်" နဲ့
ဖလှယ်ထားပါတယ်။ ရကန်ဆိုတဲ့ သဘောက ကိုယ်ညွှန်းဆိုလိုတဲ့ အရာကို အကောင်းဆုံး၊ သူ့ထက်
ကောင်းတာမရှိ ဆိုပြီး အလွန်အကျူးရေးဖွဲ့တာမျိုး ဖြစ်သလို၊ "ရိဂံ" ဆိုတဲ့
အလွန်ရွှင်မြူးစေခြင်း ဆိုတဲ့ စကားကနေ လာတာလို့လည်း အဓိပ္ပါယ်ဖွင့်ဆိုကြပါတယ်။
ဆရာကြီး ဦးဖေမောင်တင်က "ရကန်" ဟာ ဒီစာရေးသူတွေ ငါ့လောက် မတတ်ပါဘူးကွာ
ဆိုပြီး ရန်ထောင်တဲ့ စာမျိုး ဖြစ်တယ်လို့ ပြောဖူးပါတယ်။ ဒီအချက်တွေက ဒန္တေရဲ့ စာအဖွဲ့နဲ့
အလွန်တရာ ကိုက်ညီနေတာကြောင့်လည်း "ရကန်" လို့ ဘာသာပြန်ခဲ့ပြီး
“အစ္ဆရိယရကန်” ရယ်လို့ ဖြစ်လာခဲ့ပါတော့တယ်။
ဒန္တေ အယ်လီဂီယာရီဟာ အနောက်တိုင်းစာပေလောကမှာ
ဟုမ္မာ၊ ဗာဂျယ်လ်၊ ဘူကာချီယို၊ ချောဆာ အစရှိသဖြင့် နာမည်ကြီးများနည်းတူ
သြဇာကြီးမားတဲ့ စာရေးဆရာ (ကဗျာဆရာ) တစ်ယောက်ဖြစ်ပါတယ်။ ကျွန်တော်ကိုယ်တိုင်ကလည်း
ဟုမ္မာရဲ့ အိလျဒ်နဲ့ သြဒစ္ဆေမော်ကွန်း၊ ဗာဂျယ်လ်ရဲ့ အက်ဏီးယဒ်၊ ဘူကာချီယိုရဲ့
ဒီကမ်မရွန်ပုံပြင်၊ ချောဆာရဲ့ ကန္တာဘရီပုံပြင် စတဲ့ စာအုပ်တွေကို ဖတ်ရှုဖူးတာမို့
ဒန္တေရဲ့ စာအုပ်ကလည်း ကျွန်တော့်အတွက် အင်မတန် စိတ်ဝင်စားဖို့ကောင်းတဲ့
ဂန္ထဝင်စာအုပ်တစ်အုပ် ဖြစ်ခဲ့ပါတယ်။
အစ္ဆရိယရကန်ကို ဖတ်ဖို့ဆိုတာ တကယ်တော့
သူ့စာအုပ်ချည်းပဲ သီးသန့်ဖတ်ရုံနဲ့ အနှစ်သာရကို အပြည့်အဝ မရနိုင်ပါဘူး။ ကဗျာထဲက
ခရီးသည် ဒန္တေကို ဗာဂျယ်လ်ဆိုတဲ့ ဝိညာဥ်က လမ်းပြသွားတာကို တွေ့ရပါလိမ့်မယ်။
ဗာဂျယ်လ်က ဘယ်သူပါလဲ။ လင်းဘိုငရဲမှာ တွေ့ရတဲ့ အရစ္စတိုတယ်တို့လို ဒဿနပညာရှင်တွေကို
ခေတ်သစ်စာဖတ်သူတွေအနေနဲ့ အလွယ်တကူ သိရှိနိုင်ပေမဲ့ ဟုမ္မာဆိုတာကရော ဘယ်သူပါလဲ
ဆိုတာနဲ့ စာအုပ်ထဲမှာ မကြာခဏဆိုသလို ဖော်ပြခြင်းခံရမဲ့ သူရဲကောင်းတွေကိုပါ
ထဲထဲဝင်ဝင် သိချင်တယ်ဆိုရင်တော့ တခြား စာအုပ်တွေကိုလည်း ဖတ်ရှုဖို့ လိုအပ်လာပါပြီ။
တကယ်တော့ ဒန္တေရဲ့ စာအုပ်ကို မဖတ်ရှုခင်
ကျွန်တော့်အမြင် ပြောပြရမယ်ဆိုရင် ဟုမ္မာရဲ့ အိလျဒ်နဲ့ သြဒစ္ဆေ (ဘာသာပြန်ပြီး)၊
ဗာဂျယ်လ်ရဲ့ အက်ဏီးယဒ်၊ အိုဗစ်ရဲ့ အသွင်ပြောင်းလဲခြင်း၊ ခရစ်ယာန်သမ္မာကျမ်းစာမှ
ကမ္ဘာဦးကျမ်းစတဲ့ စာအုပ်တို့ကို ဖတ်ရှုထားသင့်ပါတယ်။ ဟုမ္မာရဲ့ အိလျဒ်ဟာ ကြေးခေတ်
ကုန်ခါနီးမှာ ၁၀ နှစ်ကြာအောင် စစ်တိုက်ခဲ့တဲ့ ဂရိနဲ့ ထရိုဂျန်သားတို့ရဲ့
ထရွိုင်စစ်ပွဲထဲက အာခီးလိစ်ဆိုတဲ့ သူရဲကောင်းရဲ့ အမျက်ဒေါသကို ရေးဖွဲ့ပါတယ်။
သူ့အဆက် သြဒစ္ဆေကတော့ ထရွိုင်မြို့ကို ဂရိတွေဖျက်ဆီးပြီးနောက် ၁၀ နှစ်ကြာအောင်
အိမ်ပြန်ခရီးနှင်ခဲ့ရတဲ့ သူရဲကောင်း အိုဒစ်စီးယပ်စ်ရဲ့ သည်းထိတ်ရင်ဖို အိမ်ပြန်ခရီးကို ရေးဖွဲ့တာဖြစ်ပါတယ်။
ဒီလိုနဲ့ ရောမသား ဗာဂျယ်လ်က ဟုမ္မာရဲ့ စာတွေကို အတုယူပြီး
ရောမမြို့တည်ထောင်ခြင်းအကြောင်းကို ရှင်းပြဖို့ အက်ဏီးယဒ်ဆိုတဲ့ ကဗျာရှည်ကြီးကို
ရေးဖွဲ့ခဲ့ပြန်ပါတယ်။ အက်ဏီးယဒ်ကဗျာဟာ အိလျဒ်မှာ ဖော်ပြထားတဲ့ ထရွိုင်မြို့ကြီး
ပြာကျချိန်မှာ အက်ဖရိုဒိုက်တီး နတ်ဘုရားမနဲ့ အန်ခိုင်းဆီးစ်ဆိုတဲ့ လူသားတို့က
မွေးတဲ့ အက်ဏီးယပ်စ်ဆိုတဲ့ မင်းသားဟာ အဖေဖြစ်သူကို ပြာကျနေတဲ့ မြို့တော်ကနေ
ထမ်းပြီး ထွက်ပြေးကာ၊ ထူးဆန်း အံ့သြဖွယ် ခရီးရှည်ကြီးကို ဖြတ်သန်းပြီးနောက်
ရောမမြို့ကို တည်ထောင်မဲ့ လက်တင်လူမျိုးတွေရဲ့ ဖခင် ဖြစ်ခဲ့ပါတော့တယ်။ ဒါကြောင့်
ရောမသားတို့ဟာ အက်ဏီးယပ်စ်လို လူတပိုင်း၊ နတ်တပိုင်းက ဆင်းသက်တဲ့ တန်ခိုးကြီးတဲ့
မျိုးနွယ်ဖြစ်ကြောင်း ဗာဂျယ်လ်က အမွှန်းတင်ခဲ့ပါတယ်။ ဗာဂျယ်လ်ဟာ
ယေရှုခရစ်တော်မမွေးခင် ၁၃ နှစ်မှ ၁၅ နှစ်ခန့်အလိုမှာ
သေဆုံးခဲ့တဲ့သူလည်း ဖြစ်ပါတယ်။ ဒါကြောင့် ဗာဂျယ်လ်ဟာ ခရစ်ယာန်မဟုတ်ခဲ့ပါဘူး။ ဒါဟာ
ဒန္တေအတွက် အရေးကြီးတဲ့အချက်ဖြစ်ခဲ့ပါတယ်။ ထို့နောက် ဗာဂျယ်လ်နဲ့
ခေတ်ပြိုင်စာဆိုတစ်ဦးဖြစ်တဲ့ အိုဗစ်ဟာ ရိုမန်နတ်ဘုရားတွေအကြောင်း လေ့လာရာမှာ
အရေးပါတဲ့ အသွင်ပြောင်းလဲခြင်း ဆိုတဲ့ စာအုပ်ကို ရေးသားခဲ့ပါတယ်။ ဗာဂျယ်လ်သေဆုံးချိန်မှာ
အသက် ၂၄ ခန့်သာ ရှိသေးတဲ့ အိုဗစ်ဟာ ယေရှုခရစ်တော်မွေးချိန်မှာ
အသက်ရှင်ဆဲဖြစ်နိုင်ပါတယ်။ နောက်ပြီး ခရစ်ယာန် သမ္မာကျမ်းစာထဲက ကမ္ဘာဦးကျမ်းနဲ့
အချို့သော အခန်းတို့ကို ဖတ်ရှုထားခြင်းကလည်း ဒန္တေရဲ့ ကဗျာကို ဖတ်ဖို့ အထောက်အကူပြုနိုင်ပါတယ်။
ဒီလို အစဥ်အတိုင်း ဖတ်ဖူးထားတယ်ဆိုရင်တော့
အာခီးလိစ်သူရဲကောင်းနဲ့ အိုဒစ်စီးယပ်စ်ကို ဘာကြောင့် နိရယဘုံ (ငရဲ)မှာ တွေ့ရသလဲ၊
အက်ဏီးယပ်စ် ဘာလို့ ငရဲကျနေသလဲ၊ ငရဲထဲက မိစ္ဆာအချို့နဲ့ အရေးအကြီးဆုံးကတော့
ဗာဂျယ်လ်နဲ့ ဟုမ္မာတို့ကိုယ်တိုင် ဘာကြောင့် လင်းဘိုငရဲရောက်နေသလဲဆိုတာကို
စာဖတ်သူတို့ ကောင်းကောင်းကြီး နားလည်သွားပါလိမ့်မယ်။ နောက်ပြီး ၁၃ ရာစု
ဖလောရင့်စ်မှာ မွေးဖွားခဲ့တဲ့ ဒန္တေဟာ ခရစ်ယာန်ဘာသာ ကိုးကွယ်သူဖြစ်ပေမဲ့လည်း
ရောမသားတို့ရဲ့ ရှေးခေတ် နတ်ဘုရား အယုံအကြည်တွေနဲ့ ခရစ်ယာန်သမ္မာကျမ်းစာတို့ကို
ရောသမမွှေပြီး စိတ်ကူးစိတ်သန်းကောင်းကောင်းနဲ့ တင်ဆက်ထားတာကို တွေ့နိုင်ပါတယ်။
အစ္ဆရိယရကန်ဟာ ၁၃ ရာစုနှစ်ရဲ့ ဖလောရင့်စ်မြို့နေ
လူတန်းစားအားလုံး (ပုပ်ရဟန်းမင်းကြီးမှစပြီး လူဆိုး သူခိုးမကျန်) ရဲ့
အခြေအနေတွေကို အသေးစိတ် နာမည်နဲ့တကွ ရေးစပ်ဖော်ပြထားတာမို့ ကဗျာကို
ဖြန့်ချိချိန်မှာတောင် အတော်လေး ပြောစရာဖြစ်ခဲ့ပါတယ်။ နောက်ပြီး ဒန္တေဟာ ၁၃ ရာစုနှစ်မှာ
စာကောင်းပေမွန်တို့ကို သာမန်လူတန်းစား မဖတ်ရှုနိုင်ဘဲ လူကုံထံအသိုင်းအဝိုင်းသာ
လက်လှမ်းမီနိုင်တဲ့ ဂန္ထဝင်လက်တင်ဘာသာစကားနဲ့ မဟုတ်ဘဲ တက်စကန်နယ်သုံးစကားနဲ့
ရေးဖွဲ့ခဲ့ခြင်းကလည်း သူ့ရဲ့စာပေကို လူတန်းစားအတော်များများ ဖတ်ရှုနိုင်စေခဲ့ပြီး
ပိုပြီး နာမည်ကြီးစေခဲ့တာဖြစ်ပါတယ်။ ဒန္တေရဲ့ ကဗျာ သြဇာကြီးမားလာခြင်းနဲ့အတူ
တက်စကန်နယ်သုံး (ထိုခေတ်က သာမန်လူတန်းစားသာ ပြောသော စကားဟု ယူဆခဲ့တဲ့) စကားကလည်း
ပိုပြီး ကျယ်ပြန့်လာကာ ထိုစကားဟာ ယနေ့ခေတ် အီတာလျံဘာသာစကားအဖြစ်
တိုးတက်ပြောင်းလဲလာခဲ့ပါတော့တယ်။ ဒါကြောင့် ဒန္တေကို အီတာလျံဘာသာစကားရဲ့
ဖခင်ကြီးအဖြစ်လည်း လူသိများပါတယ်။
ဒါကြောင့် ဒန္တေရဲ့ အစ္ဆရိယရကန်ကို ဖတ်ရှုခြင်းဟာ
သာမန် စာအုပ်တစ်အုပ် ဖတ်ရှုလိုက်ခြင်းသာမဟုတ်ဘဲ သူ့ခေတ်နဲ့ သူ့မြို့ရဲ့
သမိုင်းကြောင်း၊ ဘာသာစကား၊ ဘာသာရေး၊ နိုင်ငံရေး၊ ယဥ်ကျေးမှု အစရှိတဲ့ အရာအားလုံး
ပေါင်းစပ်ပါဝင်နေတဲ့ စာအုပ်ကို ဖတ်ရှုလိုက်တာ ဖြစ်ပါတယ်။ ဒီလို အစဥ်အလာကြီးမားတဲ့
ကဗျာကို စကားပြေအဖြစ် ဘာသာပြန်ဆိုရာမှာ လိုအပ်တဲ့ မှတ်စု၊ စာညွှန်းများကိုပါ
ပူးတွဲဖော်ပြပေးထားတာကြောင့် နာမည်တစ်ခုချင်းစီကို မှတ်စုနှင့် စာညွှန်း ကဏ္ဍတွင်
ရှာဖွေဖတ်ရှုခြင်းဖြင့် စာဖတ်သူများ ကဗျာရဲ့နောက်ကွက်က အဓိပ္ပါယ်ကို ပိုပြီး
နားလည်နိုင်စေမှာ ဖြစ်ပါတယ်။ မြန်မာ စာဖတ် ပရိတ်သတ်များအတွက် ကမ္ဘာ့
ဂန္ထဝင်စာပေနဲ့ ပိုပြီး နီးစပ်သွားစေမဲ့ တံတားတစ်စင်းအဖြစ် ကိုယ့်ကိုယ်ကိုယ် သတ်မှတ်ကာ
ဒန္တေ အယ်လီဂီယာရီရဲ့ အစ္ဆရိယရကန်ကို ဘာသာပြန်ဆိုခဲ့ခြင်း
ဖြစ်ပါကြောင်း။ ။
သက်ပိုင်
၂၄. ၂ . ၂၀၂၆
Comments
Post a Comment