၂၀၂၆ ခုနှစ်အတွင်း ထွက်ရှိထားသော စာအုပ်များ
၂၀၂၆ ခုနှစ်အတွင်း ထွက်ရှိထားသော စာအုပ်များ
#ဘာသာရေးနှင့်သိပ္ပံပညာ
စာအုပ်ဟာ သမိုင်းသုတေသီနဲ့ ဒဿနပညာရှင် Edward J Larson နဲ့ Michael
Ruse တို့ရဲ့ On Faith and Science ကို ဘာသာပြန်ထားတာ
ဖြစ်ပါတယ်။ သက်ပိုင် (ဘာသာပြန်) ရဲ့ ၁၁ အုပ်မြောက်
ဘာသာပြန် ရသ စာအုပ်ဖြစ်ပါတယ်။ လူသားဖြစ်တည်မှု၊ သမ္မာကျမ်းစာ၊ ဘာသာကြီးလေးခု၊ ကျောက်ခေတ်၊
ဒိုင်နိုဆော ရုပ်ကြွင်း၊ ဒုတိယကမ္ဘာစစ်စတဲ့ အရေးအခင်းတွေအတွက် ဘာသာတရားရဲ့ လွှမ်းမိုးမှု၊
သမိုင်းဖြစ်ရပ်မှန်တွေကို ဒဿနပညာရှင်က အတွေးအမြင်ပိုင်းအရ ထောက်ပြပြီး သမိုင်း ပညာရှင်က
ဖြစ်ရပ်မှန်တွေနဲ့ စိစစ်ပြတဲ့ စာအုပ် ဖြစ်ပါတယ်။ သားငယ်စာပေကနေ ထုတ်ဝေပါတယ်။
#ဩဒစ္ဆေမော်ကွန်းစကားပြေ
စာအုပ်ဟာ ဘီစီ ၇၀၀ ခန့်မှာ ဟုမ္မာဆိုတဲ့ ဂရိ ကဗျာဆရာကြီး ရေးသားခဲ့တယ်လို့ ယူဆရတဲ့၊
နောက်ပြီး ကမ္ဘာပေါ်မှာ လွှမ်းမိုးမှုအရှိဆုံး စာပေလက်ရာကြီးတွေထဲက တစ်ခုဖြစ်ပါတယ်။
ဟုမ္မာရဲ့ လက်ရာြဖစ်တဲ့ အိလျဒ်နဲ့ ဩဒစ္ဆေကို အကျဥ်းချုပ်အနေနဲ့ မြန်မာစာဖတ်ပရိတ်သတ်တွေ
သိရှိပြီး ဖြစ်ပေမဲ့ ဩဒစ္ဆေမော်ကွန်း စကားပြေကနေ ပထမဦးဆုံး မြန်မာဘာသာနဲ့ ပြည့်စုံကုံလုံစွာ
ဘာသာပြန်ထားတဲ့ စာအုပ် တစ်အုပ်ဖြစ်ပါတယ်။ နောက်ပြီး ၂၀၂၆ မှာပဲ ဩဒစ္ဆေရုပ်ရှင်ကြီးကို
ရုံတင်ပြသခဲ့တဲ့အတွက် မြန်မာ ပရိတ်သတ်တွေကြားမှာ ဟုမ္မာရဲ့ ဩဒစ္ဆေကဗျာကြီးဟာ ပြန်ပြီး
ရေပန်းစားခဲ့ပါတော့တယ်။ ကံ့ကော်ဝတ်ရည် စာပေတိုက်ကနေ ထုတ်ဝေပါတယ်။
#အစ္ဆရိယရကန် စကားပြေ
အတွဲ၁ #နိရယဘုံ ဟာ ၁၃ ရာစုနှစ်က အီတာလျံကဗျာဆရာ ဒန္တေ အယ်လီဂီယာရီရဲ့
The Divine Comedy ကဗျာ ပထမတွဲကို ဘာသာပြန်ထားတာ ဖြစ်ပါတယ်။ အတွဲ
၂ နဲ့ အတွဲ ၃ လဲ ဆက်လာပါမယ်။ နိရယဘုံ စာအုပ်ဟာ ဟုမ္မာရဲ့ ဩဒစ္ဆေနဲ့ ဆက်စပ်မှု ရှိနေတာကြောင့်
တစ်ဆက်တည်း တွဲဖတ်သင့်တဲ့ စာပေဖြစ်ပါတယ်။ ကဗျာထဲမှာ ဒန္တေဟာ တောအုပ်တစ်ခုထဲမှာ လမ်းပျောက်ပြီး
ငရဲပြည်လို့ ခေါ်ရမဲ့ နိရယဘုံထဲကို သက်ဆင်းသွားပြီး ငရဲကြီး ၉ ခုကို ဖြတ်ကျော်ကာ မြင်တွေ့ခဲ့ရတဲ့
မြင်ကွင်းတွေ အကြောင်း မှတ်တမ်းတင်ထားတာ ဖြစ်ပါတယ်။ ဒန္တေရဲ့ ကဗျာကနေတဆင့် ၁၃ ရာစုနှစ်
အီတလီနိုင်ငံရဲ့ နိုင်ငံရေး၊ စီးပွားရေးနဲ့ လူမှုရေးရာ အဖြာဖြာတို့ကို ကောင်းကောင်းကြီး
သိမြင်နိုင်ရစေပါတယ်။ စာရိပ်မြိုင် စာပေ ကနေ ထုတ်ဝေထားပါတယ်။
#အိမ်ဖော် စာအုပ်ဟာ
စာရေးသူ #FreidaMcfadden ရဲ့ #TheHousemaid ကို ဘာသာပြန်ထားတဲ့ ရသစာပေ တစ်အုပ်ဖြစ်ပါတယ်။ အဖုံးမှာပါတဲ့အတိုင်း ဆရာမရဲ့
အရေးအသားတွေက တိုတောင်း ပြတ်သားပြီး အခန်းတစ်ခန်းနဲ့ တစ်ခန်းကို ချိတ်ဆက်ပုံကောင်းမွန်လို့
တစ်ထိုင်တည်း လက်ကမချတမ်း ဖတ်ချင်စေမဲ့ စာအုပ် တစ်အုပ်ပါ။ ပြီးခဲ့တဲ့ ၂၀၂၅ ကုန်ပိုင်းမှာ
The Housemaid ကို ရုပ်ရှင်အဖြစ် အသက်သွင်းခဲ့သလို အောင်မြင်မှုတွေ
ရရှိခဲ့တဲ့အတွက် အခု ၂၀၂၆ ဒီဇင်ဘာမှာလဲ The Housemaid’s secret ကို ရုပ်ရှင်အဖြစ် မြင်တွေ့ရတော့မှာ ဖြစ်ပါတယ်။ The Housemaid စာအုပ်နဲ့ ရုပ်ရှင်ရဲ့ ကွဲပြားချက်တွေ၊ စာရေးသူရဲ့ အာဘော်တွေကို စာအုပ် အဖြစ်
တဝကြီး ဖတ်ရှုနိုင်ပါပြီ။ ပန်းဆက်လမ်းစာပေ မှ ထုတ်ဝေပါတယ်။
စာအုပ်လေးတွေ တစ်အုပ်ပြီး
တစ်အုပ် ထွက်သွားတဲ့အတွက် စဥ်ဆက်မပြတ် အားပေးနေတဲ့ စာဖတ်သူတွေကို အားလဲနာရသလို ကျေးဇူးလဲ
တင်မိပါတယ်။ တကယ်တော့ ဒီစာအုပ်တွေက ပြီးခဲ့တဲ့နှစ်ကတည်းက ထွက်ဖို့ အားခဲနေရတဲ့ စာအုပ်တွေဖြစ်ပါတယ်။
အကြောင်းကြောင်းကြောင့် တိုက်ဆိုင်သွားပြီး ရှေ့ဆင့်နောက်ဆင့် ပုံနှိပ်အဖြစ် အကောင်အထည်
ဖော်နိုင်ခဲ့ပါပြီ။
စာအုပ်တစ်အုပ်ချင်းစီက
ပေးတဲ့ သုတ၊ ရသကို စာဖတ်သူတို့ ကိုယ်တိုင် ခံစားကြည့်ပြီး စာအုပ်နဲ့ ပတ်သတ်တဲ့ အကြောင်းအရာတွေကို
ပွင့်ပွင့်လင်းလင်း ဆွေးနွေးလို့ရပါတယ် ခင်ဗျာ။ စာအုပ်တိုင်းရဲ့ နောက်ဆုံးက ဘာသာပြန်သူ
မိတ်ဆက်ကဏ္ဍမှာ ကျွန်တော့်ရဲ့ အီးမေးလ်လိပ်စာ thetpywriter@gmail.com ကို ထည့်သွင်းပေးထားပါတယ်။
ရှေ့ဆက်ပြီး မြန်မာစာဖတ်ပရိသတ်တွေနဲ့
ဘာသာစကား အခက်အခဲကြောင့် ဝေးကွာနေဆဲဖြစ်တဲ့ စာပေ လက်ရာကောင်းတွေကို ဆက်လက် ဘာသာပြန်သွားဖို့
ရှိပါတယ်။ ကျွန်တော့် Blog မှာ
စာစောင့်ဖတ်တဲ့ သူတွေကတော့ ဘာစာအုပ်တွေ ဖြစ်မလဲဆိုတာ သိမယ်ထင်ပါတယ်။ Blog ထဲက ဆက်လက် ဘာသာပြန်ချင်သော စာအုပ်များ စာရင်းမှာ ရေးထားဖူးပါတယ်။ မသိသေးတဲ့
စာဖတ်သူတို့ကတော့ ဆက်လက် စောင့်ကြည့်ပြီး ဝေဖန်ပေးကြပါဦးခင်ဗျ။
Social Media platform တွေပေါ်က ကျွန်တော့်ရဲ့ ကိုယ်ပိုင် အကောင့်တွေကိုလဲ Follow လုပ်ထားပြီး ရှေ့ဆက် ထွက်ရှိလာမဲ့ စာအုပ်တွေအကြောင်း သိရှိနိုင်ပါတယ်။
Facebook – https://web.facebook.com/ThetPaingWriter
Blog – Thet Paing Writes
Substack – Thet Paing / Writer | Substack
Wattpad - https://www.wattpad.com/user/ThetPaing_write111
#ဘာသာရေးနှင့်သိပ္ပံပညာ
#ဩဒစ္ဆေမော်ကွန်းစကားပြေ #အစ္ဆရိယရကန် #နိရယဘုံ #အိမ်ဖော် #သက်ပိုင် #ဘာသာပြန်
Comments
Post a Comment