ဩဒစ္ဆေ ရှင်းတမ်း

 

ဦးမြင့်အောင်ရဲ့ “ဟိုးမားရဲ့ အိုဒက်ဆီကို မြန်မာစာပေတွင် ယနေ့အချိန်ထိ မည်သူမျှ အပြည့်အစုံ မြန်မာ မပြန်သေးပါ။ မကြာခင်က ထွက်သည့် သက်ပိုင်၏ အိုဒက်ဆီမှာလည်း မူရင်းကို ပြန်ထားခြင်း မဟုတ်။ ပြန်ရေးထားသော အင်္ဂလိပ်ဘာသာ စကားပြေပြန်ချက်ကို မြန်မာပြန်ထားခြင်းသာ ဖြစ်သည်။” ဆိုတဲ့ စကားကို ရှင်းပြပေးချင်လို့ပါ။ 

(မသိလို့ မေးတဲ့ စာဖတ်သူတွေအတွက်၊ မသိတဲ့ လူတွေက ပြန်ဖြေတဲ့အခါ နားလည်မှု အကြီးကြီး လွဲသွားတာမျိုး မဖြစ်စေချင်ရုံ သက်သက်ပါ။)

ဟုမ္မာရဲ့ ဩဒစ္ဆေကို မူရင်းကနေ ဘာသာပြန်ဖို့ ဆိုတာ ဒီကမ္ဘာမှာ ဘယ်သူမှ မတတ်နိုင်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူ့မူရင်း ဘာသာစကားဟာ ကြေးခေတ်သုံး ရှေးဟောင်း ဂရိဘာသာစကားဖြစ်တဲ့အတွက်ကြောင့်ပါ။ တိမ်ကောသွားပါပြီ။ အင်္ဂလိပ်မူတွေကတော့ ခေတ်သစ် ဂရိဘာသာစကားကနေ ပြန်ဆိုကြတာဖြစ်ပါတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၇၀၀က စာရွက်ပေါ် ချရေးခဲ့တယ်လို့ ယူဆရတဲ့ စာတစ်ရွက်ပဲ ကျန်ပါတယ်။ ပြတိုက်မှာ ပြထားပါတယ်။

အင်္ဂလိပ်လို ပြန်ဆိုရာမှာ ဂရိဘာသာစကားနဲ့ မတူညီတဲ့အတွက်ကြောင့် Blank verse တွေနဲ့ပဲ ဘာသာပြန်ကြတာ များပါတယ်။ တချို့ကတော့ ပိုပြီး စာအသွားအလာ လွယ်ကူအောင်နဲ့ ဇာတ်ကြောင်း အချိတ်အဆက်မိအောင် စကားပြေအဖြစ် ပြန်ဆိုကြပါတယ်။ Blank verse နဲ့ ဘာသာပြန်ထားတဲ့ Robert Fagles, Richard Lattimore နဲ့ Emily Wilson တို့ မူလဲ ရှိပါသေးတယ်။ သူတို့ကတော့ ကဗျာပုံစံအတိုင်း ရေးပါတယ်။ ဂရိဘာသာမူအတိုင်း ကာရံထည့်လို့ မရပါဘူး။ ဘာသာစကား အခက်အခဲကြောင့်ပါ။

သက်ပိုင်ရဲ့ ဩဒစ္ဆေဟာ ၁၉၀၀ ခုနှစ်က Samuel Butler၊ ၁၉၄၆ ခုနှစ်က E.V.Rieu နဲ့ ၂၀၀၄ ခုနှစ်က A.S.Kline တို့ရဲ့ စာမူ ၃ ခုကို တိုက်ဆိုင်ပြီး ဘာသာပြန်ထားတာ ဖြစ်ပါတယ်။ အားလုံးကလဲ Reputable translation ဖြစ်တာမို့ ယနေ့အထိ in print လုပ်နေရဆဲ စာမူတွေဖြစ်ပါတယ်။ ဒီစာမူတွေကို အခြေခံပြီး Notes တွေနဲ့ Annotation လုပ်ကာ Edition အမျိုးမျိုးနဲ့ ထုတ်ဝေကြပါတယ်။

ဒါကြောင့် ဩဒစ္ဆေမော်ကွန်းကဗျာ (စကားပြေ) စာအုပ်ဟာ နိုင်ငံတကာက စာဖတ်သူတွေ ဖတ်ကြတဲ့အတိုင်း ပြည့်စုံကုံလုံစွာ ဘာသာပြန်ထားတဲ့ စာအုပ်တစ်အုပ် ဖြစ်ပါတယ်။ အရေးအသားနဲ့ ပတ်သတ်ပြီး ဝေဖန်တာကို ကြိုဆိုပါတယ်။ စာပေဝမ်းစာဖြည့်နေဆဲသူ တစ်ယောက်ဖြစ်တာမို့ တစ်ယောက်ချင်းစီရဲ့ ဝေဖန်ချက်ကို မျှော်လင့်ပြီး ကောင်းသထက်ကောင်းအောင် ကြိုးစားပါတယ်။ စာအုပ်မူရင်းနဲ့ ပတ်သတ်ပြီး ဘာမှမပြောဘဲ နေရင်တော့ ကျွန်တော့်အနေနဲ့ စာဖတ်သူအပေါ် တာဝန်မကျေရာ ကျပါတယ်။

စာအုပ်ထုတ်ဝေရာမှာလဲ မူရင်းစာပေနဲ့ ပတ်သက်ပြီး ရှင်းလင်းချက်တချို့ကို တင်ပြထားပါတယ်။ အဲဒီအထဲကမှ “မူရင်းစာရေးသူအကြောင်း” အပိုဒ်ကို ထုတ်နှုတ်တင်ပြလိုက်ပါတယ်။ နောက်ဆုံးအပိုဒ်ကို သတိထားဖတ်ပေးပါ။

မူရင်းစာရေးသူအကြောင်း

ဟုမ္မာ ၏ လက်ရာဟု ယူဆထားကြသော အိလျဒ်နှင့် အခြားသော မော်ကွန်းကဗျာကြီးတစ်ပုဒ်ဖြစ်သည့် သြဒစ္ဆေ တို့ကို မည်သူ ရေးသားခဲ့သည်၊ မည်သည့်ကာလက ရေးသားခဲ့သည် ဆိုသော အချက်များနှင့် ပတ်သက်၍ အငြင်းပွားဖွယ်ရာများစွာ ရှိနေဆဲဖြစ်သည်။ သို့သော် ဘာသာစကား အသုံးအနှုန်းနှင့် ရေးဖွဲ့ပုံ တင်ပြနည်းတို့၏ တည်ငြိမ်မှု၊ ရှေ့နောက်ညီညွတ်မှုတို့ကို ထောက်ရှုပါက ဟုမ္မာအမည်ရှိ စာဆိုတစ်ဦးတည်းက ဖန်တီးခဲ့ခြင်း (သို့မဟုတ်) ရှိပြီးသား ဇာတ်လမ်းများကို စုစည်းတည်းဖြတ်ခဲ့ခြင်း ဖြစ်နိုင်ကြောင်း ကောက်ချက်ချနိုင်သည်။ ယင်းအယူအဆကို ရှေးခေတ် ဂရိပညာရှင်ကြီးများက လက်ခံထားခဲ့ကြသော်လည်း ဟုမ္မာသည် မည်သူနည်း၊ မည်သည့်ကာလတွင် နေထိုင်ခဲ့သနည်းစသည့် မေးခွန်းများအပေါ်တွင်မူ ၎င်းတို့ကြား၌ပင် အကြီးအကျယ် ကွဲလွဲမှုများ ရှိခဲ့ကြသည်။

ဟုမ္မာဟူသော အမည်နာမနှင့် ပတ်သက်၍ ဒဏ္ဍာရီဆန်သော အချက်အလက်များစွာ ဝန်းရံလျက်ရှိခဲ့သော်လည်း ခီးယို့စ် ကျွန်းမှ မျက်မမြင်စာဆိုတော် တစ်ဦးဟူသော ပုံရိပ်မှာ အထင်ရှားဆုံး ဖြစ်လာခဲ့သည်။ သို့ရာတွင် သူ၏ မျက်လုံးကွယ်နေမှု သို့မဟုတ် လှည့်လည်သွားလာ သီဆိုမှုတို့နှင့် ပတ်သက်ပြီး ခိုင်လုံသော သက်သေအထောက်အထား မရှိသကဲ့သို့ ဒေသအများအပြားကလည်း ဟုမ္မာ၏ မွေးရပ်မြေ (သို့မဟုတ်) နေထိုင်ခဲ့ရာအရပ် ဖြစ်ကြောင်း အသီးသီး အဆိုပြုထားကြဆဲ ဖြစ်သည်။

ထို့အတူ အတိအကျ အတည်ပြုနိုင်သော မူရင်း စာသားဟူ၍လည်း မရှိပါ။ လက်ရှိတွင် လက်ခံသုံးစွဲနေသော ကဗျာစာသားများမှာ ဘီစီ ၃ ရာစုမှစပြီး ခေတ်သစ်ကာလအထိ ကြာမြင့်သော အချိန်ကာလတစ်လျှောက် စာပေပညာရှင် တည်းဖြတ်သူများစွာ အသီးသီး၏ ပြုစုပျိုးထောင်မှု ရလဒ်သာ ဖြစ်သည်။ စာပေ၊ ဘာသာစကား၊ ယဉ်ကျေးမှုနှင့် ရှေးဟောင်းသုတေသန အထောက်အထားများ အပါအဝင် ဟုမ္မာခေတ် ဓလေ့စရိုက်များနှင့် ပတ်သက်၍ စိတ်ဝင်စားဖွယ်ရာ ကောင်းပြီး နှံ့စပ်ကျယ်ပြန့်သော ပညာရပ်ဆိုင်ရာ လေ့လာမှုများစွာ ရှိနေသလို ဆွေးနွေးငြင်းခုံမှုများမှာလည်း ယနေ့တိုင် ဆက်လက် ဖြစ်ပွားလျက်ရှိသည်။ သို့သော် မည်သူရေးသားခဲ့သည်ဟူသော ပြဿနာသည် ဤမော်ကွန်းကဗျာရှည်ကြီးများ၏ အရှိန်အဝါနှင့် တန်ဖိုးကို မည်သို့မျှ လျော့ပါးသွားစေခြင်း အလျဥ်းမရှိခဲ့သည်ကိုကား ရဲရဲကြီး ပြောဆိုနိုင်ပေသည်။ 

(၂၀၀၅ ခုနှစ်၊ ဆိုင်မွန်နှင့်ရှူစတာ စာပေထုတ်လုပ်ရေးမှ ထုတ်ဝေသည့် စာအုပ်မှ ကောက်နုတ်ချက်)



Comments

Popular posts from this blog

ဘာသာရေးနှင့် သိပ္ပံပညာ စာအုပ် စတင် ဖြန့်ချိပါပြီ

ဒေါ်အောင်ဆန်းစုကြည် အကြိုက်ဆုံး တော်လှန်ရေး ဝတ္ထုတစ်ပုဒ်

သြဒစ္ဆေ မော်ကွန်း စကားပြေ ၁