နိရယဘုံမှာ ငရဲကျနေတဲ့ အိုဒစ်စီးယပ်စ်
ဟုတ်ပါတယ်။ ဟုမ္မာရဲ့ ဩဒစ္ဆေ ဇာတ်လမ်းမှာ အဓိက ဇာတ်ကောင် အိုဒစ်စီးယပ်စ်ဟာ ငရဲကျနေတယ်ဆိုရင် အံ့ဩသွားမလား မသိဘူး။
၁၃ ရာစုက အီတာလျံ ကဗျာဆရာ ဒန္တေ အယ်လီဂီယာရီက သူ့ရဲ့ အစ္ဆရိယရကန်ကဗျာထဲမှာ ဟုမ္မာအပါအဝင် အိလျဒ်နဲ့ ဩဒစ္ဆေထဲက ဂရိသူရဲကောင်းတွေကို ငရဲမှာ တွေ့ခဲ့ရကြောင်း ရေးသားထားပါတယ်။
၁) ထရိုင်မြို့က ဟယ်လင် - ဟယ်လင် က ကာမရမ္မက်ကြီးမားသူဖြစ်ပြီး ဂရိနဲ့ ထရိုဂျန်တို့ စစ်ဖြစ်စေတဲ့ အဓိကအကြောင်း အရင်းဖြစ်ခဲ့တာမို့ သူ့ကို ရမ္မက်ကြီးသူများ ငရဲဝိုင်းမှာ တွေ့ခဲ့တယ်လို့ ဒန္တေကရေးပါတယ်။ သူ့ပြစ်ဒဏ်ဟာ မိုးသီးတွေ အဆက်မပြတ် ကြွေကျနေတဲ့ မုန်တိုင်းထဲမှာ ဝဲပျံနေရတာ ဖြစ်ပါတယ်။
၂) အာခီးလိစ် - အာခီးလိစ်ဟာလဲ သူစစ်ထွက်မသွားခင်မှာ ပိုလီဇန္ဒာဆိုတဲ့ ထရိုဂျန်မင်းသမီးတစ်ပါးကို စွဲလမ်းခဲ့ဖူးတာကြောင့် ရမ္မက်ကြီးသူများ ငရဲမှာ ဟယ်လင်နဲ့အတူ ရှိနေပါတယ်။ ပြစ်ဒဏ်ကလဲ အတူတူပါပဲ။
၃) ဆိုင်နွန် - ထရိုဂျန်သားတွေကို ထရိုဂျန်မြင်းကြီး သူတို့နိုင်ငံထဲ ဆွဲထည့်သွားဖို့ တိုက်တွန်းခဲ့တဲ့ ဆိုင်နွန်ဟာ လိမ်လည်သူများငရဲဝိုင်းမှာ ရှိနေပါတယ်။
၄) အိုဒစ်စီးယပ်စ် - သူဟာ ဂရိတွေအတွက် သူရဲကောင်း ဖြစ်သော်လဲ ထရိုဂျန်သားတွေကနေ ဆင်းသက်လာတဲ့ အီတာလျံသားတွေအတွက်တော့ လူယုတ်မာဖြစ်နေခဲ့ပါတယ်။ ဒါကြောင့် အိုဒစ်စီးယပ်စ်ဟာ ကောက်ကျစ်သူများ ငရဲဝိုင်းမှာ ရှိနေပါတယ်။ သူ့အပြစ်ဟာ မီးလုံးကြီးတစ်လုံးထဲမှာ တောက်လောင်ခံနေရတာဖြစ်ပါတယ်။
၅) ဒိုင်အိုမီးဒီးစ် - အိုဒစ်စီးယပ်စ်နဲ့အတူ ထရွိုင်စစ်ပွဲမှာ အတူတိုက်ခဲ့တဲ့ သူရဲကောင်းပါ။ သူဟာ အိုဒစ်စီးယပ်စ်နဲ့အတူ တိုက်ပွဲဝင်ခဲ့သလို တမလွန်မှာလဲ အိုဒစ်စီးယပ်စ်နဲ့အတူပဲ မီးလုံးထဲမှာ အပြစ်ပေးခံထားရပါတယ်။
Homer’s Odyssey နဲ့ Dante’s Divine Comedy ကို မြန်မာဘာသာနဲ့ ပြည့်ပြည့်စုံစုံ ဖတ်ရှုနိုင်ပါပြီ။
Comments
Post a Comment