အိလျဒ်ကဗျာ၏ နောက်ခံအကြောင်းအရင်း

 

ပန်းသီးတစ်လုံး၏ပုံပြင်

 

အလှအပကို လူတိုင်း ချစ်မြတ်နိုးကြ၏။ ခုံမင်ကြ၏။ အလှအပကို မှီတည်၍ ချစ်ခြင်း၊ မုန်းခြင်းတို့ ဖြစ်တည်ရ၏။ ယနေ့ခေတ်တွင် လူတိုင်းလိုလို အလှအပနှင့် ပတ်သက်၍ ဂရုစိုက်လာကြခြင်းမှာ အဆန်းမဟုတ်။ ရှေးယခင်ကတည်းကပင် အစဉ်အလာ ဖြစ်ခဲ့သည်မှာ ကြာညောင်းလှပြီဖြစ်လေသည်။ စာဖတ်သူများအတွက် ဥပမာတစ်ခုဖြင့် တင်ပြပါအံ့။

 

ဒဏ္ဍာရီလာ သူရဲကောင်းတို့ မွေးဖွားရာ ခရစ်တောင်ပင် မဖွားမြင်ခင် ဘီစီ ၃၀၀၀ခန့်၌ ဖြစ်၏။ လူသားမျိုးနွယ်တို့သည် ကြေးထည်ဖြင့် လက်နက်များ၊ အသုံးအဆောင်များကို သွန်းလုပ်လာကြသဖြင့် ကြေးခေတ်ဟူ၍ပင် မည်တွင်စေအံ့။ မြေပေါ်၌ ရှင်သန်‌သော လူသားတို့ကို အိုလံပတ်စ်တောင်ပေါ်၌ စံပါယ်သော စကြ၀ဠာကို အစိုးရသည့် နတ်မင်းကြီး ဇု့စ်က အပေါင်းအပါ နတ်သား၊ နတ်သမီး တစ်ဆယ့်တစ်ပါးနှင့်အတူ အုပ်ချုပ်အစိုးရလျက်ရှိလေသည်။

 

ထိုအချိန်၌ ယခုခေတ် တူရကီနိုင်ငံ ပိုင်နက်ဖြစ်လာမည့် ကျွန်းဆွယ်တစ်ခုတွင် ထရွိုင်ဟူသော မြို့ပြနိုင်ငံကြီးတစ်ခုရှိကာ မြို့သားတို့အား ထရိုဂျန်ဟုခေါ်ကြ၏။ ထိုနိုင်ငံကို အုပ်ချုပ်သော ဘုရင် ပရိုင်ယမ်နှင့် ဘုရင်မ ဟက္ကူဘာတို့တွင် သမီးတော်တစ်ပါး ထွန်းကားပြီးဖြစ်ရာ သမီးတော်၏အမည်မှာ ကာစန္ဒရာမည်၍ အနာဂါတ်ကိုထိုးဖောက်မြင်နိုင်သော ပါရမီနှင့်ပြည့်စုံလေသည်။ ဘုရင်ကြီးနှင့်ဘုရင်မကြီးမှ ထပ်မံ မီးရှူးသန့်စင်သော သားတော်လေးမှာ အလဇန္ဒရားဟုတွင်ကာ သမီးတော် ကာစန္ဒရာ၏ ဉာဏ်အမြင်၌ ဤကလေးကြောင့် ထရွိုင်ပြည်ပျက်သုဉ်းရမည်ဖြစ်ကြောင်း နမိတ်ဖတ်လေလျှင် ဘုရင်ကြီးလည်း တိုင်းပြည်အရေး မျှော်တွေး၍ မွေးကင်းစ သားငယ်ကို သတ်ရန်စေခိုင်းလိုက်၏။ သို့သော် သားသတ်သမားသည် ကလေးငယ်ကို သတ်ရန် ၀န်လေးသောကြောင့် အနှီအကုသိုလ်ကံဖြင့်သာ သေစေရန် တောင်ကုန်းပေါ်ရှိ သစ်ပင်၌ ချိတ်ဆွဲ၍ ထားခဲ့သော်လည်း အနားရှိ သိုးကျောင်းသား မောင်နှံကတွေ့သဖြင့် ထိုကလေးအား မွေးစားထားကာ ပဲရစ်ဟု အမည်မှည့်လေသည်။

 

နတ်မင်းကြီး ဇု့စ်တွင် အင်မတန်များပြားသော သား၊ သမီးများရှိရကား တစ်နေ့လျှင် ဇု့စ်နတ်မင်း၏ သမီးတော် ရေနတ်သမီး သတ္တစ်က ဖွားမြင်သော နတ်သားသည် ဘုန်းတန်ခိုး အာနုဘော်ကြီးမားလတ္တံ့ဟု အိပ်မက်ရလေလျှင် ဇု့စ်နတ်မင်းသည် ဘုန်းတန်ခိုးနိမ့်ရမည်ကို ကြောက်ရွံ့သဖြင့် သမီးတော် ရေနတ်သမီး သတ္တစ်အား နာမ်နှိမ်သောအားဖြင့် သိစ္စလီပြည့်ရှင် လူသားဘုရင် ပဲလပ်စ်နှင့် လက်ဆက်စေလေသည်။ ‌နတ်သား၊ နတ်သမီးအားလုံးနှင့်တကွ လူသားများပါ ထိုမင်္ဂလာပွဲအား တက်ရောက်ဖို့ရာလည်း နတ်မင်းကြီးက ဖိတ်ကြားရန် စေခိုင်းလိုက်၏။ သို့ရာတွင် တောစောင့်နတ်သမီးတစ်ပါးဖြစ်သော အီးရစ်ကိုကား နတ်မင်းကြီးမှ မေ့လျော့နေခဲ့လေသည်။

 

ထိုအကြောင်းကိုသိလျှင် အီးရစ်က ဒေါသအမျက်ခြောင်းခြောင်းထွက်၍ မင်္ဂလာပွဲ ကျင်းပနေရာ မဏ္ဍပ်ထဲသို့ နတ်တန်ခိုးဖြင့် ဖန်ဆင်းထားသော အလွန်တရာ လှပ၍ နှစ်လိုဖွယ် အဆင်းရှိသော ပန်းသီးတစ်လုံး၏ အညှာ၌ " အလှပဆုံးသောသူသာ ဤပန်းသီးနှင့် ထိုက်တန်ပေ၏" ဟု စာကပ်ကာ ပစ်သွင်းလိုက်လေသည်။ 

 

သို့လျှင် ဇု့စ်နတ်မင်း၏ မိဖုရားဖြစ်သူ အိမ်‌ထောင့်သာယာရေးအတွက် ပူဇော်ခံရသည့်

ဟီရာက ၎င်းကသာ အလှဆုံး နတ်သမီးဖြစ်သည်ဟုဆို၏။ နတ်မင်း၏ သမီးဖြစ်သူ စစ်ရေးကျွမ်းကျင်သော အသ္သီနာကလည်း သူကသာ အလှဆုံးဟု ငြင်းလေ၏။ ထို့ပြင် အလှနတ်ဘုရားမ အဖရိုဒိုက်တီးကလည်း သူကသာ အလှဆုံးဖြစ်ကြောင်း ဆိုပြန်လေသည်။ ၎င်းတို့ နတ်သမီး သုံးပါးအကြား၌ မည်သူအလှဆုံးဖြစ်သည်ဟု ရွေးချယ်ပေးရန် နတ်မင်းကြီးမှာ ဇောချွေးပြန်နေလေတော့၏။ နတ်သမီးတစ်ပါးကို ရွေးချယ်လိုက်ပါကလည်း အခြားနှစ်ပါးက ၎င်းအား အငြှိုးထားမည်ကို မခံလိုပေ။ ထို့ကြောင့် နတ်မင်းကြီးသည် မိမိ၏ အာနုဘော်ဖြင့် သုံးသပ်နေစဉ် ဉာဏ်အမြင်၌ ‌လူပြည့်လူ့ရွာရှိ တောင်ကုန်းလေးပေါ်တွင် သိုးကျောင်းနေသော ပဲရစ်ကို လှမ်းတွေ့လေသည်။ ထိုအချိန်၌ ပဲရစ်သည် လူလားမြောက်၍ လူပျိုပေါက်အရွယ်ပင် ဖြစ်နေပေတော့သည်။ (လူ့သက်တမ်းသည် နတ်သက်တမ်းနှင့် ယှဉ်လျှင် အင်မတန် တိုတောင်းလှသည်။) ထို့ကြောင့် နတ်မင်းကြီးသည် ဟီရာ၊ အသ္သီနာနှင့် အဖရိုဒိုက်တီးတို့ကို ပဲရစ်သိုးကျောင်းနေရာကို ညွှန်ပြ၍ ဤကလေးသည်း ဘုရင့်သွေးမှန်ကြောင်း၊ မကောင်းမှုကို  တစ်ခါမျှ မပြုဖူးသဖြင့် ၎င်း၏ ဆုံးဖြတ်ချက်ကို အတည်ယူသင့်ကြောင်း လက်လွှဲလိုက်လေသည်။

 

သို့နှင့် နတ်သမီးသုံးပါးလည်း ချက်ချင်းပင် အတောင်ပံပါသည့် ခြေနင်းတော်တို့ကို စီးနင်း၍ လူ့ပြည်သို့ ဆင်းလာကြပြီး မည်သူက အလှဆုံးဖြစ်ကြောင်း ပဲရစ်ကို အဆုံးအဖြတ်ခိုင်းကြ၏။ ဟီရာက ပထမဦးစွာ မိမိကိုသာ အလှဆုံးဖြစ်သည်ဟု ဆိုပါက ပဲရစ်အား ကမ္ဘာပေါ်တွင် အချမ်းသာဆုံး ပုဂ္ဂိုလ်ဖြစ်အောင် စွမ်းဆောင်ပေးမည့်အကြောင်း၊ ပဲရစ်၏ မိဘအရင်းများအကြောင်းကိုပါ တပါတည်း စိတ်တန်ခိုးဖြင့် ပြောလိုက်လေသည်။ အသ္သီနာကလည်း ၎င်းကိုသာ ရွေးချယ်ပါက ပဲရစ်အား ကမ္ဘာပေါ်တွင် အတော်ဆုံး စစ်သူကြီးအဖြစ် ကျော်ကြားစေရမည်ဟု မြှူဆွယ်ပြန်၏။ ထိုနည်းတူ အဖရိုဒိုက်တီးကလည်း ၎င်းကိုသာ အလှဆုံးဟု သတ်မှတ်ပါက ကမ္ဘာ့အလှဆုံး မိန်းမနှင့် လက်ဆက်ရစေမည်ဟု စိတ်တန်ခိုးဖြင့် သိစေလေသည်။



သိုးကျောင်းသား ပဲရစ်မှ အဆုံးအဖြတ် ပေးနေပုံ (Sandro Botticelli - ၁၄၈၈ ခုနှစ် တွင် ရေးဆွဲသည်)

 

အလှအပသည် လူသားများ၏ သည်းခြေကြိုက်ဖြစ်ကြောင်း ပဲရစ်၏ ဆုံးဖြတ်ချက်က သက်သေခံနေလေ၏။ ပဲရစ်က အဖရိုဒိုက်တီး၏ ကမ်းလှမ်းချက်ကို သဘောကျသွားကာ ချက်ချင်းပင် အဖရိုဒိုက်တီးကသာလျှင် အလှဆုံးဖြစ်ကြောင်း အဆုံးအဖြတ်ပေးကာ ပန်းသီးအား နတ်သမီး၏ လက်သို့ ထည့်လိုက်တော့၏။ သို့လျှင် အဖရိုဒိုက်တီးနှင့်တကွ ပဲရစ်နှင့် ထရွိုင်မြို့ကိုပါ ဟီရာနှင့် အသ္သီနာတို့က အငြှိုးထားလေတော့သည်။

 

ပဲရစ်လည်း သူ၏ မိဘများရှိရာ ထရွိုင်မြို့သို့ပြန်လေလျှင် အဖရိုဒိုက်တီး နတ်သမီး၏ တန်ခိုးကြောင့် မင်းသားအဖြစ်သို့ ပြန်ရလေသည်။ သို့ဖြင့် ၎င်း၏အမည်မှာ ထရွိုင်မင်းသား ပဲရစ်ဟုတွင်၏။ ထို့နောက် အဖရိုဒိုက်တီးက ၎င်း၏ ကတိအတိုင်း ကမ္ဘာပေါ်မှာအလှဆုံး မိန်းမနှင့်လက်ဆက်ရန် ထရွိုင်မြို့မှ စပါတာမြို့သို့ ရေလမ်းခရီးမှသွားရန် ပဲရစ်အား နှိုးဆော်လေသည်။ ပဲရစ်လည်း နတ်သမီး၏ ကူညီမှုဖြင့် စပါတာမြို့သို့ သုံးရက်ဖြင့် ရောက်လေ၏။

 

စပါတာမြို့တွင် ဟယ်လင်ဆိုသော အလွန်တရာ‌ ချောမော လှပသည့် မင်းသမီးတစ်ပါးရှိသည်။ ထိုမင်းသမီးအား ဂရိဘုရင်တိုင်းလိုလို သဘောကျ တော်ကောက်လိုကြသောကြောင့် မိန်းမတစ်ဦးတစ်ယောက်အတွက်ဖြင့် ဂရိလူမျိုးဘုရင် အချင်းချင်း အတိုက်အခိုက် မပြုကြပါရန် ကတိခံကြကာ ဟယ်လင့်စိတ်ကြိုက် ဘုရင်တစ်ပါးကို ရွေးချယ်ကြဖို့ရာ သဘောတူခဲ့ကြလေသည်။ သို့နှင့် စပါတာမင်းသမီး ဟယ်လင်လည်း မိုင်ဆင်း‌နေကျွန်းဆွယ်ကို အစိုးရသော ဂရိဘုရင် မန္နလေးယပ်စ်နှင့် အကြောင်းပါကာ စပါတာမြို့၌ပင် စံလေ၏။

 

အဖရိုဒိုက်တီးနတ်သမီးသည် ဟယ်လင့်တွင် အိမ်ထောင်ရှိကြောင်း ပဲရစ်ကို အသိမပေးချေ။ သို့သော် ပဲရစ်မှာလည်း စပါတာကို ရောက်ရောက်ချင်း ဟယ်လင် မင်းသမီးကိုတွေ့ကာမျှဖြင့် စွဲစွဲလမ်းလမ်း ချစ်မြတ်နိုးသွားတော့၏။ နတ်သမီးကလည်း ဟယ်လင့်၏ စိတ်ကို လှည့်ဖျားကာ သွေးဆောင်၍ ပဲရစ်နှင့် ခိုးရာလိုက်ပြေးစေရန် ကြံလေသည်။ သို့နှင့် ထရွိုင်မင်းသား ပဲရစ်က စပါတာမင်းသမီး ဟယ်လင်ကို ခိုးပြေးကာ ထရွိုင်မြို့၌ ပြန်လည်ပေါင်း‌သင်းနေလေသည်။

 

ထိုအကြောင်းကို ဘုရင် မန္နလေးယပ်စ်သိလေလျှင် ‌ယမ်းပုံမီးကျလျှက် ဂရိဘုရင်များ အားလုံးကို ဆင့်ခေါ်စေကာ ဟယ်လင့်ကို ပြန်လည် ရယူရန် ထရွိုင်ပြည်သို့ စစ်ချီကြတော့၏။ သို့သော် ဂရိတို့သည် ပင်လယ်နတ်ဘုရား ပိုဆိုင်ဒန်အား စော်ကားမိသောကြောင့် သုံးရက်ကြာရမည့် ရေလမ်းခရီးသည် နတ်ဘုရား၏ ဒေါသကြောင့် ပင်လယ်ထဲ၌ပင် လပေါင်းများစွာကြာအောင် မျက်စိလည် လမ်းမှားနေလေတော့သည်။ ထို့ပြင် ထရွိုင်ပြည်သို့ရောက်လေသောအခါလည်း စစ်ရေးကျွမ်းကျင်သော ထရိုဂျန်သားတို့ကို နှစ်ပေါင်းများစွာကြာအောင် စစ်တိုက်ယူခဲ့ရ၏။ ထရိုဂျန်သား ပဲရစ်တို့ဘက်မှ အဖရိုဒိုက်တီးနတ်သမီးက စစ်ကူတိုက်ပေးခဲ့သလို ပဲရစ်ကို မုန်းတီးနေသည့် ဟီရာနှင့် အသ္သီနာ နတ်သမီးတို့ကလည်း ဂရိတို့ဘက်မှ ၀င်ရောက် စစ်ကူပေးခဲ့ကြရာ လူသားတင်မက နတ်ဘုရားများပါ ပါ၀င်သည့် ထရိုဂျန်စစ်ပွဲကြီးသည် ဆယ်နှစ်ခန့်မျှ ကြာမြင့်နေလေသည်။ နောက်ဆုံးတွင်မှ ဂရိစစ်သူကြီးတို့က ထရွိုင်မြို့ထဲသို့ တိတ်တဆိတ် ၀င်ရောက်၍ မီးရှို့သောအခါမှသာ ဂရိတို့လည်း ထရွိုင်ပြည်ကို မီးလောင်တိုက်သွင်းပြီး ဟယ်လင် မင်းသမီးကို ပြန်လည် သိမ်းပိုက်နိုင်ခဲ့တော့၏။ ကာစန္ဒရာမင်းသမီး၏ ရှေ့ဖြစ်ဟောကိန်းသည်လည်း မြေကြီး လက်ခတ်မလွဲ မှန်ကန်လာခဲ့လေသည်။

 

ဤမှာပင် နိုင်ငံတစ်နိုင်ငံ ပျက်သုဉ်းရသည်အထိ တန်ခိုးအာဏာကြီးမားလှသော အဆင်းလှပသည့် ပန်းသီးတစ်လုံး၏ ပုံပြင် အဆုံးသတ်လေသည်။

 

သက်ပိုင်

(၃၀-၄-၂၀၂၄)

 ဩဒစ္ဆေကဗျာမတိုင်ခင် အိလျဒ်ကဗျာ ဖြစ်လာစေတဲ့ ဒဏ္ဍာရီပါ။ စာရိပ်မြိုင်စာပေတိုက်ရဲ့ နှစ်ပတ်လည်မှာ ဆောင်းပါးတစ်ပုဒ်အဖြစ် ထည့်သွင်းဖော် ပြဖူးပါတယ်။ ရှေးခေတ် ဂရိပုံပြင်တွေအရတော့ ဒီအကြောင်းကြောင့် အိလျဒ် ကဗျာက ညွှန်းဆိုတဲ့ ဂရိနဲ့ ထရိုဂျန်တို့ စစ်ဖြစ်ပွားခဲ့ရပြီး၊ စစ်ပြီးတဲ့နောက်မှသာ သူရဲကောင်း အိုဒစ်စီးယပ်စ်ရဲ့ စွန့်စားခန်းတွေကို ဖော် ပြတဲ့ ဩဒစ္ဆေကဗျာ ဖြစ်လာခဲ့ရပါတယ်။

Comments

Popular posts from this blog

ဘာသာရေးနှင့် သိပ္ပံပညာ စာအုပ် စတင် ဖြန့်ချိပါပြီ

သြဒစ္ဆေ မော်ကွန်း စကားပြေ ၁

အစ္ဆရိယရကန် စကားပြေ ၁