ဘာသာရေးနှင့် သိပ္ပံပညာ စာအုပ် စတင် ဖြန့်ချိပါပြီ

Image
  (Give away စာအုပ်လက်ဆောင် အစီအစဉ်) ၂၀၂၆ ခုနှစ်ရဲ့ မဖတ်မဖြစ် မှတ်တိုင်သစ် - "ဘာသာရေးနှင့် သိပ္ပံပညာ" ပူလစ်ဇာဆုရှင် Edward J. Larson နဲ့ ဒဿနပညာရှင် Michael Ruse တို့ရဲ့ ကမ္ဘာကျော်လက်ရာကို အခြေခံထားတဲ့ "ဘာသာရေးနှင့် သိပ္ပံပညာ" ဘာသာပြန် စာအုပ်သစ် ထွက်ရှိလာပါပြီ။ သိပ္ပံပညာက "ဘယ်လို" ဆိုတဲ့ အမေးကို ဖြေရှင်းပေးပြီး၊ ဘာသာရေးက "ဘာကြောင့်" ဆိုတဲ့ အဓိပ္ပာယ်ကို ရှာဖွေပေးပါတယ်။ ဒီနှစ်ခုကြားက ဟန်ချက်ညီမှုကို သိပါသလား။ စာအုပ်ထဲမှာ ဘာတွေ ဖတ်ရမလဲဆိုရင်တော့ • လူသားဖြစ်တည်မှုရဲ့ ပဟေဠိ - ဆင့်ကဲပြောင်းလဲဖြစ်စဉ် (Evolution) ရဲ့ အားသာချက်၊ အားနည်းချက်များ။ • မှောင်မိုက်သော သမိုင်း - နာဇီတို့ရဲ့ လူသားမျိုးဗီဇသန့်စင်ရေး လုပ်ရပ်များနှင့် ယနေ့တိုင် အံ့သြနေရဆဲ ဖြစ်ရပ်များ။ • ရှေးဟောင်းခြေရာများ - ကျောက်ဖြစ်ရုပ်ကြွင်းလေ့လာမှု (Paleontology) ရဲ့ စိတ်ဝင်စားဖွယ် နောက်ခံသမိုင်း။ • ယုံကြည်မှုနဲ့ လူ့အဖွဲ့အစည်း - ဂျူး၊ ခရစ်ယာန်၊ အစ္စလာမ်၊ ဗုဒ္ဓဘာသာ နဲ့ ဟိန္ဒူ စတဲ့ ဘာသာတရားတွေအောက်မှာ လူသားတွေ ဘယ်လို ရုန်းကန်ပြောင်းလဲလာခဲ့သလဲ။ "ဘာသာရေးမရှိဘဲ လူမှုအဖွဲ့အစည်း မဖြစ်တည်နိုင်သလို၊...

အစ္ဆရိယရကန် စကားပြေ ၁

ဒန္တေအယ်လီဂီရယ်ရီ ရေးသားပြီး အန်သနီ အက်စ် ကလိုင်းမှ အင်္ဂလိပ် ဘာသာသို့ ပြန်ဆိုသော အစ္ဆရိကရကန်ကဗျာအား စကားပြေအဖြစ် ပြန်လည် ပြန်ဆိုထားပါသည်။ 

အစ္ဆရိယရကန် စကားပြေ 

နိရယဘုံ

အခန်း (၁)

လင်္ကာပိုဒ် ၁ မှ ၆၀

 မှောင်မိုက်သော တောအုပ်နှင့် တောင်ကုန်း

ကျွန်ုပ်တို့၏ ဘဝခရီးလမ်း တစ်ဝက်တစ်ပျက်တွင် လမ်းမှန်မသိ ပျောက်ဆုံးလျက်ရှိသော မှောင်မိုက်သည့် တောနက်ကြီးတစ်ခုအတွင်း၌ ကျွန်ုပ်သည် ကိုယ့်ကိုယ်ကိုယ် တွေ့ရှိခဲ့ရလေ၏။ ထိုတောအုပ်သည် မည်မျှ ကြမ်းတမ်း ခက်ထန်ပြီး ထိုးဖောက်၍မရအောင် ထူထပ်လှသည်ကို ပြောဆို ရှင်းပြဖို့ရန်ပင် ခက်ခဲလှပေ၏။ ထိုအကြောင်းကို ပြန်လည် တွေးတောမိရုံမျှဖြင့် ကျွန်ုပ်၏ သန္တာန်တွင် ကြောက်စိတ်တို့သည် တစ်ဖန် ပြန်လည် ဖြစ်ပေါ်လာရ၏။ ၎င်းခံစားချက်သည်ကား သေခြင်းတရား၏ ခါးသီးမှုထက် လျော့ပါးလှမည် မဟုတ်ပါ။ သို့ရာတွင် ထိုနေရာ၌ ကျွန်ုပ် တွေ့ရှိခဲ့သော ကောင်းကျိုးအကြောင်းကို ပြောပြနိုင်ရန်အလို့ငှာ ကျွန်ုပ် မြင်တွေ့ခဲ့ရသည့် အခြားသော အခြင်းအရာများ အကြောင်းကိုလည်း ဦးစွာ ပြောပြရပေဦးမည်။



ထိုတောအုပ်ထဲသို့ ကျွန်ုပ် မည်သို့မည်ပုံ ဝင်ရောက်ခဲ့သည်ကို တိတိပပ မပြောနိုင်ပါ။ လမ်းမှန်ကို ကျွန်ုပ် စွန့်ခွာခဲ့သည့် အချိန်အခါ၌ ကျွန်ုပ်၏ သန္တာန်တွင် အိပ်စက်ချင်စိတ်တို့ဖြင့် အလွန်တရာ ပြည့်နှက်နေခဲ့၏။ သို့သော် ကျွန်ုပ်၏ နှလုံးသားကို ကြောက်ရွံ့မှုဖြင့် ထိုးနှက်ခဲ့သော ထိုချိုင့်ဝှမ်း အဆုံးသတ်ရာ တောင်ကုန်းတစ်ခု၏ ခြေရင်းသို့ ကျွန်ုပ် ရောက်ရှိသောအခါ ကျွန်ုပ်လည်း မော့ကြည့်လိုက်လေ၏။ ထိုအခါ လူသားတိုင်းကို လမ်းခရီးတိုင်း၌ မှန်ကန်စွာ ပို့ဆောင်ပေးသော နေမင်း၏ ရောင်ခြည်တော်များဖြင့် ၎င်း၏ (တောင်ကုန်း၏) ထိပ်ပိုင်းတို့သည် ထွန်းလင်း တောက်ပနေသည်ကို တွေ့မြင်လိုက်ရ၏။ ထိုအခါ အလွန် ဆင်းရဲပင်ပန်းစွာ ဖြတ်သန်းခဲ့ရသော ညဉ့်တာတစ်လျှောက်လုံး ကျွန်ုပ်၏ နှလုံးသားတည်းဟူသော ရေအိုင်အတွင်း၌ ကိန်းအောင်းနေခဲ့သော ကြောက်ရွံ့မှုသည် အနည်းငယ် တည်ငြိမ်ကာ သက်သာရာရသွားခဲ့၏။ ထို့ပြင် မောဟိုက်သော ထွက်သက်တို့ဖြင့် ပင်လယ်နက်ကြီးမှ ကမ်းခြေသို့ ကူးခတ်ကာ လွတ်မြောက်လာခဲ့သော လူတစ်ဦးသည် အန္တရာယ်ကြီးလှသော ရေပြင်ကို ပြန်လည် လှည့်ကာ စိုက်ကြည့်သည့်နည်းတူပင် အနှောင်အဖွဲ့တို့မှ မလွတ်ကင်းနိုင်သေးသော ကျွန်ုပ်၏ စိတ်သည်လည်း သက်ရှိတစ်ဦးတစ်ယောက်မျှ အသက်ရှင်လျက် ထွက်ခွာသွားနိုင်ခြင်း မရှိခဲ့ဖူးသော ထိုလမ်းကြောင်း (တောအုပ်) ကို တစ်ဖန် ပြန်လည် လှည့်ကြည့်မိလေ၏။

ကျွန်ုပ်သည် ပင်ပန်းနွမ်းနယ်နေသော ခန္ဓာကိုယ်ကို ခေတ္တမျှ အနားပေးပြီးနောက် လူသူကင်းမဲ့သော ကုန်းမြင့်မြေပြင်၏  ညာဘက်သို့ ဦးတည်၍ တက်ကာ ကျွန်ုပ်၏ ခရီးကို ပြန်ဆက်ခဲ့၏။ ရှုစားပါလော့၊ ထိုစဥ်တွင် ကျွန်ုပ်ရှေ့မျက်နှာစာ တောင်စောင်း၏ အခြေနားတွင် အစက်အပြောက်များဖြင့် ဖုံးလွှမ်းထားသော ပေါ့ပါး လျင်မြန်သည့် ကျားသစ်တစ်ကောင် ရုတ်ခြည်းဆိုသလို ပေါ်လာလေသည်။ ၎င်းသည် ကျွန်ုပ်၏ရှေ့လမ်းကြောင်းမှ ဖယ်ခွာမပေးဘဲ လမ်းခရီးကို ထီးထီးကြီး ပိတ်ဆို့ထားသဖြင့် ကျွန်ုပ်သည်လည်း ပြန်လှည့်ဖို့ရန် အကြိမ်ကြိမ် အဖန်ဖန် ကြိုးစားခဲ့မိတော့လေသည်။



အချိန်ကား နံနက်ခင်း၏ အစပိုင်း ဖြစ်၏။ နေမင်းကြီးသည်လည်း မဟာမေတ္တာတော် (ဘုရားသခင်)က နှစ်လိုဖွယ်ကောင်းသော အရာခပ်သိမ်းတို့ကို ပထမဆုံး ဖန်ဆင်းကာ ရွေ့လျားစေခဲ့စဉ်ကတည်းက အတူ ရှိခဲ့သော ကြယ်တာရာများ အားလုံးနှင့်အတူ ကောင်းကင်သို့ တဖြည်းဖြည်း တက်လာလျက်ရှိ၏။ ထို့ကြောင့် နေ့၏ အချိန်အခါနှင့် သာယာသော ရာသီဥတုသည် တောက်ပသော သားမွေးပိုင်ရှင် ထိုသတ္တဝါ (ကျားသစ်) နှင့် ပတ်သက်၍ ကျွန်ုပ်အား မျှော်လင့်ချက်ကောင်းများ ပေးစွမ်းခဲ့လေသည်။ သို့ရာတွင် ထိုမျှော်လင့်ချက်သည် (ကျွန်ုပ်ရှေ့တွင်) ပေါ်ထွက်လာသော ခြင်္သေ့တစ်ကောင်ကို မြင်တွေ့လိုက်ရသောအခါ ဖြစ်ပေါ်လာသည့် ကြောက်ရွံ့မှုကို ရှောင်ရှားနိုင်လောက်အောင်ဖြင့် မကောင်းမွန်ခဲ့ပါပေ။ ထိုခြင်္သေ့သည် ဦးခေါင်းကိုမော့ကာ ပြင်းထန်သော ဆာလောင်မှုတို့ဖြင့် ကျွန်ုပ်ထံသို့ တိုးဝင်လာနေဟန် ရှိလေရာ ဝန်းကျင်ရှိ လေထုကိုယ်တိုင်ပင် ၎င်းအား ကြောက်ရွံ့နေသကဲ့သို့ ထင်ရ၏။ ထို့ပြင် ခန္ဓာကိုယ်က ပိန်လှီနေသော်လည်း တပ်မက်မှု လောဘတို့ဖြင့် ပြည့်နှက်နေဟန်ရှိပြီး ရှေးယခင်ကလည်း လူများစွာကို ဝမ်းနည်းပူဆွေးအောင် ဒုက္ခပေးခဲ့ဖူးပုံပေါက်သော ဝံပုလွေမတစ်ကောင်လည်း ပေါ်လာပြန်၏။ ဝံပုလွေမ၏ မျက်နှာသွင်ပြင်သည် ကျွန်ုပ်အား လွန်စွာ ကြီးမားသည့် ကြောက်ရွံ့မှုကြီးကို ဖြစ်ပေါ်စေသဖြင့် ကျွန်ုပ်သည် (တောင်ကုန်း) အပေါ်သို့ တက်နိုင်ရန် မျှော်လင့်ချက်အားလုံး ကင်းမဲ့သွားခဲ့ရလေသည်။ စည်းစိမ် လာဘ်လာဘကို တပ်မက်သောသူသည် ဆုံးရှုံးရသော အခိုက်အတန့်သို့ ဆိုက်ရောက်လာသောအခါ စိတ်နှလုံး၌ ပူဆွေးလျက် ငိုကြွေးမြည်တမ်းရသကဲ့သို့ပင် အနားသို့လှမ်းလာသော ထိုသတ္တဝါ (ဝံပုလွေမ) သည် ကျွန်ုပ်အား ညှိုးငယ်မှုကို ခံစားစေခဲ့ရသည်မှာ အမှန်ပင်။ ဤသို့ဖြင့် သူသည် ကျွန်ုပ်ထံသို့ တဖြည်းဖြည်း ချဉ်းကပ်လာပုံမှာ ကျွန်ုပ်အား နေမင်း မထိုးဖောက်နိုင်စွမ်းသော အမှောင်ဖုံးရာ အရပ်သို့ နောက်ပြန် တွန်းပို့နေသကဲ့သို့ ရှိလေသတည်း။



လင်္ကာပိုဒ် ၆၁ မှ ၉၉

ဒန္တေနှင့် ဗာဂျယ်လ် တွေ့ဆုံခန်း

ကျွန်ုပ်သည် ချောက်ကမ်းပါးအောက်ခြေသို့ ပြန်လည်ဆင်းသက်ရန် ပြုနေစဉ်တွင် ရှေ့မှောက်၌ လူရိပ်သဏ္ဌာန်တစ်ခု ပေါ်လာလေသည်။ ထိုသူသည် ကာလကြာရှည် နှုတ်ဆိတ်နေခဲ့ဟန်ရှိသဖြင့် ၎င်း၏အသံမှာ အက်ကွဲနေ၏။ လူသူကင်းမဲ့သော ထိုအရပ်၌ သူ့အား မြင်လိုက်ရသောအခါ ကျွန်ုပ်က "သင်... လူစင်စစ်လော၊ သို့တည်းမဟုတ် တစ္ဆေဝိညာဉ်လော။ မည်သူပင်ဖြစ်စေကာမူ ကျွန်ုပ်အား ကယ်မသနားတော်မူပါ" ဟု အော်ဟစ်တောင်းပန်မိလေသည်။ ထိုအခါ သူက ဤသို့ပြန်ဖြေ၏။ "ကျွန်ုပ်ဟာ လူမဟုတ်တော့ပါ။ သို့သော် တစ်ချိန်ကမူ လူသားတစ်ဦး ဖြစ်ခဲ့ဖူးပါတယ်။ ကျွန်ုပ်၏ မိဘများဟာ လွမ်ဘာ့ဒ်လူမျိုးများဖြစ်ကြပြီး၊ မန်တူအာ ဒေသဟာ ၎င်းတို့၏ ဇာတိချက်ကြွေ မွေးရပ်မြေဖြစ်ပါတယ်။ ဂျူးလိယက်ဆီဇာ အုပ်စိုးချိန် နှောင်းပိုင်းတွင် ကျွန်ုပ်ကို မွေးဖွားခဲ့ပြီး၊ မှားယွင်းသော မိစ္ဆာနတ်ဘုရားများကို ကိုးကွယ်ကြသည့် ခေတ်ကာလ၊ ဩဂတ်စတပ် မင်းလက်ထက်တွင် ရောမမြို့၌ နေထိုင်ခဲ့ပေတယ်။ ကျွန်ုပ်ဟာ ကဗျာဆရာတစ်ဦးဖြစ်ခဲ့ပြီး ထရွိုင်မြို့ မီးဟုန်းဟုန်းတောက်လောင်ပြီးနောက် ထွက်ပြေးလာခဲ့သည့် အန်ခိုင်းဆစ်၏ သား၊ မြင့်မြတ်သော အက်ဏီးယပ်စ်  အကြောင်းကို သီကုံးစပ်ဆိုခဲ့ဖူးပါတယ်။ သို့သော် သင်ဟာ အဘယ်ကြောင့်များ ဤမျှဆင်းရဲပင်ပန်းသော နေရာသို့ ပြန်လှည့်လာရပါသလဲ။ ပျော်ရွှင်ခြင်းအပေါင်း၏ အစနှင့် အကြောင်းရင်းဖြစ်သော ထိုတောင်မွန်၊ တောင်မြတ်ဆီသို့ အဘယ်ကြောင့် မတက်လှမ်းပါသလဲ"



ကျွန်ုပ်လည်း မျက်နှာကို အောက်သို့ချကာ ရိုကျိုးစွာဖြင့် ပြန်လည်လျှောက်တင်လိုက်သည်။ "သို့ဆိုလျှင် သင်ဟာ အနှစ်သာရပြည့်ဝသော စကားလုံးတို့ မြစ်ရေသဖွယ် စီးဆင်းရာ စမ်းရေအိုင်ကြီးဟု တင်စားကြသည့် ထိုကဗျာဆရာကြီး ဗာဂျယ်လ်ပေလော။ အို... အခြားသော ကဗျာဆရာတို့၏ ဂုဏ်ကျက်သရေနှင့် အလင်းရောင်၊ သင်၏ စာပေများကို ကာလရှည်ကြာစွာ အမြတ်တနိုး စူးစိုက်လေ့လာခဲ့သော ကျွန်ုပ်၏ လုံ့လတို့ ယခုအခါ အရာထင်ပါစေသတည်း။ သင်ဟာ ကျွန်ုပ်၏ ဆရာသခင်ဖြစ်သလို၊ စာပေဖခင်လည်း ဖြစ်ပါတယ်။ ကျွန်ုပ်အား ဂုဏ်သတင်းကျော်စောစေသည့် မြင့်မြတ်သော ရေးဖွဲ့နည်းဟန်များကို သင်ထံမှ ကျွန်ုပ် သင်ယူခဲ့ရခြင်း ဖြစ်ပါတယ်။ ကျွန်ုပ် ပြန်လှည့်ပြေးလာရသည့် အကြောင်းရင်းဖြစ်သော ထိုသားရဲကို ကြည့်ပါလော့။ ဉာဏ်ပညာကြီးမားသော ဆရာသခင်၊ ကျွန်ုပ်၏ သွေးကြောတို့နှင့် နှလုံးခုန်သံများကို တုန်လှုပ်စေသည့် ထိုအရာ၏ ဘေးမှ ကျွန်ုပ်အား ကယ်တင်စောင့်ရှောက်တော်မူပါ"

ကျွန်ုပ် ငိုကြွေးနေသည်ကို မြင်သောအခါ သူက ဤသို့ မိန့်ဆိုလေသည်။ "သင်ဟာ ဤအရိုင်းမြေမှ လွတ်မြောက်လိုလျှင် အခြားလမ်းတစ်ခုမှ သွားရပေလိမ့်မယ်။ သင့်အား ဒုက္ခပေးနေသည့် ဤသားရဲမဟာ သူ၏ လမ်းကြောင်းကို မည်သူ့ကိုမျှ ဖြတ်သန်းခွင့်မပေးဘဲ တားဆီးသတ်ဖြတ်လေ့ရှိပေတယ်။ သူဟာ အလွန်ယုတ်မာကောက်ကျစ်သော သဘောသဘာဝရှိပြီး မည်မျှစားစေကာမူ ဝမ်းမဝနိုင်ဘဲ၊ စားပြီးလျှင် ယခင်ကထက်ပင် ပို၍ ဆာလောင်မွတ်သိပ်လေ့ရှိတတ်ပေတယ်"

Comments

  1. ကျေးဇူးပါ တင်ပေးပါဦး

    ReplyDelete
  2. ကျေးဇူးပါ

    ReplyDelete

Post a Comment

Popular posts from this blog

ဘာသာရေးနှင့် သိပ္ပံပညာ စာအုပ် စတင် ဖြန့်ချိပါပြီ

သြဒစ္ဆေ မော်ကွန်း စကားပြေ ၁