မြန်မာနိုင်ငံရဲ့ တန်ဖိုးနည်း ထုတ်ကုန်တစ်ခု
“We are one and we rise by lifting others. Women can do
anything…..”
စာသားကို
မသိထားရင် နားတောင် မလည်လောက်တဲ့ မီးကျိုးမောင်းပျက် အင်္ဂလိပ်စာ တစ်ပိုဒ်ကို ၁၀ တန်းကျောင်းသား
အလွတ်ကျက်ထားတဲ့ အက်ဆေးတစ်ပုဒ်လို မေ့မသွားအောင် ရွတ်ပြနေတဲ့ အမျိုးသမီးတစ်ယောက်ရဲ့
ဗီဒီယို တစ်ပုဒ်ကို ကြည့်မိလိုက်တယ်။ သူ့ရည်ရွယ်ချက်က မြန်မာနိုင်ငံကို ကိုယ်စားပြုချင်တဲ့
အလှမယ်တစ်ယောက် ဖြစ်ချင်တာတဲ့။ ဒီအထိက ပြဿနာမရှိသေးပါဘူး။ ဒါပေမဲ့ သူကိုယ်စားပြုတဲ့
မြို့နယ် (သို့) တိုင်းဒေသကို မိတ်ဆက်တဲ့အခါမှာတော့ စပ်စလူး နတ်ပူးသလို အပမှီသလို မျောက်လက်ထဲ
ငါးပိထည့်မိသလို ခုန်ပေါက်ပြီး အသံသေး အသံကြောင်နဲ့ အော်လိုက်တဲ့အခါမှာတော့ စောစောက
သူ့အပေါ် လေးစားမိတဲ့ ရှိစုမဲ့စု လေးစားသမှုတောင် ဖြတ်ခနဲဆိုသလို ပျောက်ကွယ်သွားတယ်။
ဒီအပြုအမူက
အမျိုးသမီးတွေရဲ့ စွမ်းအားကို ကိုယ်စားပြုချင်တယ်ဆိုတဲ့ သူ့ပြယုဂ်လား။ ဒိုင်အမျိုးသားတွေ
ကြိုက်ပြီး အမှတ်ပေးအောင်၊ ပရိတ်သတ်ထဲက ယောက်ျားတွေအမြင်မှာ သူ့ကို လိင်ပြယုဂ် (sex
appeal) အဖြစ် မြင်လာပြီး အင်တာနက်ကနေ လူကြိုက်များတဲ့
မဲရအောင် ရှိသမျှကို ဖော်ပြ လှုပ်ခါပြီး လမ်းလျှောက်ပြတဲ့ သူဟာ ဆက်ကပ်ထဲက မျောက်ဘဝကို
ရောက်မှန်းမသိ ရောက်နေတာကို သူ သိပါရဲ့လား။
သူ့ကို ဘာကြောင့်
ရွေးချယ်သင့်ပါသလဲဆိုတော့ မြန်မာနိုင်ငံက ကလေးတွေရဲ့ ပညာရေးကို ပြောင်းလဲချင်လို့ပါတဲ့၊ သဘာဝပတ်ဝန်းကျင်ကြီးကို စိမ်းလန်းတဲ့ ကမ္ဘာမြေအဖြစ်ပြောင်းလဲဖို့
တတပ်တအား ပါဝင်ချင်လို့ပါတဲ့ အစရှိသဖြင့် ကတိတွေပေးပြီး ပြန်ဆင်းသွားတယ်။ သူ့ရှေ့က
မြောက်များစွာသော အလှမယ်တွေတုန်းကလည်း ဒီလိုပဲ ကတိပေးခဲ့တာပဲ။ ဒါပေမဲ့ ကမ်ပိန်းကာလမှာ
လူမှုအကျိုးပြုလုပ်ငန်းတွေ လုပ်ကိုင်နေကြောင်းကို သူတို့ကို ကိုယ်စားပြုတဲ့ အဖွဲ့အစည်းရဲ့
လိုဂိုပါတဲ့ အင်္ကျီဝတ်ပြီး အလှူလုပ်ခဲ့တာကလွဲရင် ဘယ်သူကများ သရဖူရပြီးနောက်ပိုင်း
စင်ပေါ်မှာ ပေးခဲ့တဲ့ ကတိကို ဖြည့်ဆည်းပေးခဲ့ဖူးပါသလဲ။
Women
empowerment ဆိုတဲ့ စကားလုံးကို အလှမယ် ပါးစပ်က တစ်ခါထွက်တိုင်း Radioactivity
ကို သုတေသန လုပ်ခဲ့တဲ့ မာရီကျူရီ၊ ပထမဆုံး
အမျိုးသမီး ကွန်ပျူတာ ပရိုဂရမ်မာဖြစ်ခဲ့တဲ့ အေဒါ လဗ်လေ့စ်၊ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ
တက်ကြွလှုပ်ရှားသူ ဂျိန်းဂွဒ်အော၊ လူထုအရွေ့ကို စတင်ခဲ့တဲ့ ရိုဆာပါ့ခ်စ်၊ အမျိုးသမီးတွေကို
ဒုတိယတန်းစား နိုင်ငံသားအဆင့်ကနေ နိုင်ငံ့အရေးမှာ ပါဝင်နိုင်အောင် မဲပေးခွင့်ဆောင်ရွက်ခဲ့သူ
ဆူဇန်ဘီအန်သနီ အပါအဝင် အခြားသော အမျိုးသမီး အတတ်ပညာရှင်တို့ကို အားနာရတယ်။
အမျိုးသမီးဝါဒနဲ့
အလှမယ်ရွေးပွဲတွေရဲ့ စံနှုန်းက ပြောင်းပြန်သွားနေတယ်ဆိုတာ တွေ့ရတယ်။ ကျားမ တန်းတူ ညီမျှရေး၊
လုပ်ငန်းခွင်အတွင်း ညီမျှသော လုပ်ခ လစာ ရရှိရေး၊ ကိုယ်ဝန်နဲ့ပတ်သက်ပြီး ဆုံးဖြတ်ပိုင်ခွင့်ရှိရေး၊
အိမ်တွင်းအကြမ်းဖက်မှု လျှော့ချရေး အစရှိတဲ့ feminism values တွေဟာ မြန်မာနိုင်ငံမှာ တရိပ်ရိပ်တိုးတက်လာတဲ့
တန်ဖိုးနည်း ထုတ်ကုန် အလှမယ်ရွေးချယ်ပွဲတွေအောက်မှာ ပျောက်ဆုံးသွားကြတယ်။ အမျိုးသမီးတွေဟာ
အမျိုးသားတွေနဲ့ အတူတူပါပဲဆိုတဲ့ အမှန်တရားကို ဖောက်ဖျက်ပြီး အမျိုးသမီးတွေဟာ ကိုယ့်ကိုယ်ကိုယ်
ထုတ်ကုန်တစ်ခုအနေနဲ့ တင်ဆက်ပြသမှုတွေကိုပဲ ဆက်တိုက်တွေ့လာရတာကလည်း အလှမယ် ရွေးချယ်ပွဲတွေရဲ့
ဝမ်းနည်းဖွယ်ရာ အခြေအနေတစ်ခုပါပဲ။ အမျိုးသား အလှမောင် ရွေးချယ်ပွဲတွေလည်း အပေါ်မှာ
ပြောခဲ့တဲ့ အချက်များအတိုင်း ထိုနည်းလည်းကောင်း ဖြစ်ပါတယ်။
Comments
Post a Comment