သြဒစ္ဆေ မော်ကွန်း စကားပြေ ၅
ကဗျာ အတွဲ (၂)
လင်္ကာပိုဒ်
(၁) မှ (၃၄)
ညီလာခံကျင်းပခန်း
နှင်းဆီရောင် တောက်ပသော လက်အစုံရှိသည့် မိုးသောက်နတ်သမီး အီးယို့စ် ပေါ်ထွက်လာသည်နှင့်တပြိုင်နက် တယ်လစ်မက္ကပ်စ်သည် အိပ်ရာထက်မှထကာ မိမိကိုယ်ကို ၀တ်စုံပြည့် ၀တ်ဆင်လိုက်သည်။ သူသည် ချွန်ထက်သောဓါးရှည်ကို ပုခုံးတွင်လွယ်၍ ဖြူဖျော့သော ခြေထောက်တွင်လည်း ကြိုးသိုင်းဖိနပ်စီးကာ အဆောင်ထဲမှ နတ်ဘုရားတစ်ပါးကဲ့သို့ တင့်တယ်သော အဆင်းဖြင့် ထွက်လာခဲ့တော့၏။ ထို့နောက် သူသည် ကြည်လင်သောအသံရှိသည့် သံတော်ဆင့်တို့အား အာခီယန်အမျိုးကောင်းသားများကို ညီလာခံတက်စေရန် ကြေညာခိုင်းလေသည်။ သံတော်ဆင့်တို့ကလည်း ကျယ်လောင်သောအသံတို့ဖြင့် နန်းတော်အတွင်း လှည့်လည်ကြေညာပြီး ခဏတွင်းချင်းမှာပင် အာခီယန်သားတို့ ခန်းမအတွင်း၌ စုဝေးလာကြကုန်၏။ ထိုသူများအားလုံး စုံညီသောအခါ တယ်လစ်မက္ကပ်စ်သည် လက်တွင် ကြေးလှံတံကို ကိုင်ဆောင်၍ အမဲလိုက်ခွေးကြီး နှစ်ကောင်ခြံရံလျက် ခန်းမဆောင်တွင်းသို့ လှမ်း၀င်လာလေလျှင် အက်သီနာ နတ်သမီး၏ တန်ခိုးကြောင့် ထွန်းလင်းတောက်ပနေသော သူ့အား ကြင်ယာလောင်းလျာများက အံ့အားသင့်စွာ ငေးကြည့်ကြလေသည်။ မျိုးရိုးမြင့်သူများမှ ပေါက်ဖွားလာသော အစ်သက္ကပြည်သား လူကြီးသူမများကလည်း တယ်လစ်မက္ကပ်အား လမ်းဖယ်ပေးကြသောအခါ သူသည် ဖခင် အိုဒစ်စီးယပ်စ်၏ ထိုင်ခုံ၌ နေရာယူလိုက်၏။
ထို့နောက်
အသက်အရွယ်ကြီးရင့်ပြီး ဉာဏ်ပညာနှင့်ပြည့်စုံကာ မြင့်မြတ်သောအနွယ်၀င်
အီဂျစ်တီးယပ်စ် က စတင်၍ စကားဆို၏။မျိုးရိုးကောင်းသော မြင်းများကြောင့်
နာမည်ကြီးသော ဣလျံ မြို့ကို တိုက်ခိုက်ရန် ရွက်လွှင့်သွားသည့် အစ်သက္ကပြည့်ရှင်
သူရဲကောင်း အိုဒစ်စီးယပ်စ်၏ လှေသားများထဲတွင် လှံပစ်ကျွမ်းကျင်သော ၎င်း၏ သားဖြစ်သူ
အန်တီးဖပ်စ် လည်း ပါ၀င်ခဲ့ပေသည်။ သို့သော် ရက်စက်ကြမ်းကြုတ်လှသော ဆိုင်ကလော့ပ်
ဘီလူးက ၎င်း၏ ဂူအတွင်းတွင် အန်တီးဖပ်စ် ကို အစိမ်းလတ်လတ် သတ်ဖြတ်စားသောက်ခဲ့၏။
အီဂျစ်တီးယပ်စ်တွင် ကျန်ရှိသော သားသုံးယောက်အနက် သားနှစ်ယောက်သည် ဖခင်၏ ခြံအတွင်း
အလုပ်လုပ်ကိုင်လျက် ရှိကြသော်လည်း ကျန်သားတစ်ယောက်ဖြစ်သော ယူရီနိုးမပ်စ်ကမူ
အိုဒစ်စီးယပ်စ်၏ စံအိမ်တော်တွင် ကြင်ယာလောင်းလျာများ တစ်ဦးအဖြစ် ရောက်ရှိနေလေသည်။
အီဂျစ်တီးယပ်စ်သည် စစ်ထွက်သွားသော သားဖြစ်သူအား လွမ်းဆွတ်သတိရသောစိတ်ဖြင့်
ညီလာခံတွင် ပထမဦးစွာ စကားဆို၏။
"
အစ်သက္ကပြည်မှ အမျိုးကောင်းသားတို့...ကျုပ်စကားကို နားထောင်ကြလော့။ ကျုပ်တို့ဟာ
ဘုရင်မင်းမြတ် အိုဒစ်စီးယပ်စ် ရေယာဉ်စီးကာ ရွက်လွှင့်လို့ ခရီးထွက်သွားစဉ်ကတည်းက
တစ်ခါမျှ ယခုလို ညီလာခံမကျင်းပခဲ့ကြတာ အားလုံး အသိပါပဲ။ ယခု မည်သူကများ
ကျုပ်တို့ကို ညီလာခံတက်ရောက်ဖို့ရာ ဆော်ဩပါသလဲ။ ကျုပ်တို့ကို မည်သို့သောသူက
စကားပြောဆိုလိုတာပါလဲ။ အစ်သက္ကပြည်ရဲ့ စစ်သည်တွေ ပြန်လာပြီဆိုတဲ့ သတင်းများ
ကြားရသမို့ ကြေညာဖို့ ခေါ်လေသလားကွယ်။ ဒါမှမဟုတ် သူ့မှာ ပြည်သူလူထုနှင့် အရေးတကြီး
ဆွေးနွေးဖို့ရာ ကိစ္စများ ရှိလေသလား။ ဘယ်လိုပဲဖြစ်ပါစေ...ထိုသူမှာ အရေးကြီးကိစ္စ
ရှိရမယ်လို့ ကျုပ် ယုံကြည်ပါတယ်။ ထိုအမျိုးသားကို ဇုစ်နတ်မင်းကြီး
ကောင်းချီးပေးပါစေကွယ်"
လင်္ကာပိုဒ်
(၃၅) မှ (၈၄)
တယ်လစ်မက္ကပ်စ်မှ
သူ၏ အကြံကို ထုတ်ဖော်ပြောဆိုခန်း
ထိုသို့
မေးမြန်းလေသောအခါ အိုဒစ်စီးယပ်စ်၏သားတော်သည် ကျေနပ်အားရလျက် ထိုင်ခုံမှထကာ
စကားဆိုရန် ပြင်လေသည်။ သူသည် ပရိတ်သတ်များ၏ အလယ်၌ နေရာယူပြီးလျှင် ပိုင်ဆန်နာ
အမည်ရှိ သံတော်ဆင့်လက်မှ ကျိုင်းကို ကိုင်ဆောင်၍ ပညာရှိ အီဂျစ်တီးယပ်စ်၏ အမေးကို
ဖြေကြား၏။
"
ဤ အစည်းအဝေးကို ကျင်းပသူဟာ ကျွန်ုပ်ပါပဲ အဘိုးအို။ ကျွန်ုပ်မှာ စစ်သည်တို့ရဲ့
အပြန်ခရီးသတင်းကို ပေးစရာမရှိသလို သူတို့နှင့် ပတ်သက်တဲ့ အကြောင်းတစုံတရာလည်း
ပြောစရာမရှိပါဘူး။ ပြီးတော့ ဒီကိစ္စဟာ အရေးတကြီး ကိစ္စမဟုတ်ပေမယ့်လည်း
ကျွန်ုပ်အပေါ် ကျရောက်နေတဲ့ ဒုက္ခများကို သိစေလို၍သာ ဤ ညီလာခံကို ကျင်းပရပါတယ်
အဘိုး။ ကျွန်ုပ်ရဲ့ စံအိမ်တော်မှာ ဒုက္ခနှစ်သွယ် ကျရောက်နေပါတယ်။ ပထမမှာ တချိန်က သင်တို့ရဲ့
ဘုရင်၊ ကျွန်ုပ်၏ဖခင် အိုဒစ်စီးယပ်စ်အား ဆုံးရှုံးရခြင်းဖြစ်ပြီး ဒုတိယ ဒုက္ခကတော့
ကျွန်ုပ်တို့ စံအိမ်တော်ရဲ့ ပိုင်ဆိုင်မှုတွေကို ဓါးပြတိုက်သလို
ဖျက်ဆီးဖြုန်းတီးနေကြတဲ့သူတွေရဲ့ အရေးပါပဲ။ ကျွန်ုပ်ရဲ့ မိခင်ဟာ ဤသို့သော
ဒုက္ခတွေကို မမျှော်လင့်ထားဘဲ ဒီညီလာခံမှာ စုဝေးနေကြတဲ့ အစ်သက္ကပြည်ရဲ့
မြင့်မြတ်တဲ့ အနွယ်ဖွား သူကောင်းသားတွေကို စံအိမ်တော်ဆီ ဖိတ်ခေါ်ခဲ့ပါတယ်။
သူတို့တွေဟာ မိခင်ကို ချစ်မြတ်နိုးလှလွန်းလို့ ခန်းဝင်ပစ္စည်းတွေနှင့်တကွ
၀မ်းမြောက်၀မ်းသာစွာ လက်ဆက်ပေးနိုင်မယ့် အစ်ကားရီးယပ်စ်ရဲ့ အိမ်တော်ကိုတော့ဖြင့်
သွားရောက် မတည်းခိုကြဘဲ ကျွန်ုပ်ရဲ့ စံအိမ်တော်မှာရှိတဲ့ နွား၊ သိုး၊ ဆိတ်စတဲ့
တိရစ္ဆာန်များကို စိတ်ကြိုက်သတ်ဖြတ်ပြီး ဝိုင်အရက်နှင့်အတူ နေ့စဉ်ရက်ဆက်
သောက်စားပျော်ပါးနေကြတာမို့ သိုလှောင်ထားတဲ့ ရိက္ခာတိုက်ပါ
ပြုတ်ပြုတ်ပြုန်းတော့မယ့် အခြေအနေကို ရောက်ရှိနေပါပြီ။ ဤစံအိမ်တော်ကို
ကျွန်ုပ်ရဲ့ဖခင် အိုဒစ်စီးယပ်စ်ကဲ့သို့ စောင့်ရှောက်နိုင်မည့်သူ မရှိပါ။
ကျွန်ုပ်တို့ဟာ သန်စွမ်းကြံ့ခိုင်မှုလည်းမရှိကြသလို ခိုက်ရန်ဖြစ်ပွားလာတဲ့အခါမှာလည်း
ပိုလို့ ထိခိုက်နာကျင်ရမှာ သေချာပါတယ်လေ။ ဒါပေမဲ့ စံအိမ်တော်ကို အဓမ္မဖျက်ဆီးနေတဲ့
အမှုကတော့ သိပ်ကို မတရားလွန်းတာမို့ ကျွန်ုပ်လည်း သည်းမခံနိုင်တော့တဲ့အဆုံး ယခုလို
သတိပေးရခြင်း ဖြစ်ပါတယ်။
သင်တို့ဟာ
ကိုယ့်ကိုယ်ကိုယ် ရှက်ရွံ့သင့်သလို သင်တို့ရဲ့ အိမ်နီးနားချင်းနှင့်တကွ သင်တို့ကို
ဖျက်ဆီးချေမှုန်းပစ်မယ့် နတ်ဘုရားတို့ရဲ့ အမျက်ဒေါသကိုလည်း ကြောက်ရွံ့သင့်ပေတယ်။ အိုလံပပ်စ်တောင်ကို
ကြီးစိုးသော ဇုစ်နတ်မင်းနှင့် လူသားများ၏ တရားမျှတမှုကို စောင့်ကြပ်သော သီးမစ်
နတ်သမီးကို တိုင်တည်လို့ ကျွန်ုပ် ဤစကားကိုဆိုပါ၏။ ဤ ဒုက္ခများကို ကျွန်ုပ်
တစ်ကိုယ်တည်း ခံစားပါရစေ။ ဖခင် အိုဒစ်စီးယပ်စ်က စစ်ပွဲထဲမှာ ကြေးညိုရောင်
ညို့သကျည်းကာ ချပ်ဝတ် ဆင်မြန်းတတ်တဲ့ အာခီယန်နွယ်ဖွားစစ်သည်များကို
ရန်ပြုခဲ့လေတာကြောင့်များ သင်တို့က ကျွန်ုပ်ရဲ့ စံအိမ်တော်ကို ဤကြင်ယာလောင်းလျာများတွေ
ဖျက်ဆီးနေတာကို မျက်ကွယ်ပြုထားကြလေသလား။ သင်တို့ ဖြုန်းတီးနေတဲ့
စည်းစိမ်ဥစ္စာတွေဟာ ကျွန်ုပ်ပိုင်ဆိုင်တဲ့ စည်းစိမ်တွေသာ ဖြစ်လို့ကတော့ဖြင့်
အထွေအထူးမဆိုသာပါ။ ကျွန်ုပ်ကိုယ်တိုင် သင်တို့ တစ်ယောက်ချင်းစီကို အစ်သက္ကတခွင်
နှံ့စပ်အောင် ရှာဖွေပြီး တန်ရာတန်ကြေး အဖိုးအခကို အရယူပစ်မှာပါပဲ။ ယခုတော့ဖြင့်
သင်တို့ လုပ်ရပ်တွေဟာ ကျွန်ုပ်စိတ်နှလုံးကို ပြန်လည် အဖတ်ဆယ်မရအောင်အထိ လွန်လွန်ကျူးကျုး
ဖြစ်နေပါရောလားကွယ်ရို့"
စိတ်နှလုံး
မသာမယာဖြစ်နေသော တယ်လစ်မက္ကပ်စ်သည် လက်ထဲမှ ကျိုင်းကို မြေကြီးပေါ်သို့ ပစ်ချကာ
ငိုကြွေးလေတော့၏။ ပရိတ်သတ်များကလည်း ထိုဖြစ်အင်ကို ဂရုဏာသက်ကြသောကြောင့်
မင်းသားအား ပြန်လည် တုံ့ပြန်ခြင်း မပြုရက်ဘဲ တိတ်ဆိတ်ကာနေကြကုန်စဉ်တွင်
အန်တီးနူး၀ပ်စ်မှ ထ၍ စကားဆိုလေသည်။
လင်္ကာပိုဒ်
(၈၅) မှ (၁၂၈)
အန်တီးနူး၀ပ်စ်မှ
ကြင်ယာလောင်းလျာများ၏ ဆောင်ရွက်ချက်အား ရှင်းပြခန်း
"
အဟောအပြောကောင်းလှပြီး ရဲဝံ့လှပါသော မင်းသား တယ်လစ်မက္ကပ်စ်... အဘယ်ကြောင့် သင်က
ကျုပ်တို့ကို ပြစ်တင်စကား ဆိုဝံ့ရပါသလဲ။ သင်က ကျုပ်တို့ အာခီယန်နွယ်ဖွား ကြင်ယာလောင်းလျာများကို
ပြစ်တင်ပြောဆိုနေပေမယ့် တကယ်တမ်း အပြစ်ရှိသူ တရားခံဟာ ဉာဏ်နီဉာဏ်နက် ကြွယ်၀လှတဲ့
သင့်မိခင် သာဖြစ်ပေတယ်။ ယခုဆိုလျှင် သူက ကျုပ်တို့ အာခီယန်သားများရဲ့ နှလုံးသားကို
ချယ်လှယ်ချုပ်ကိုင်နေတာဟာ သုံးနှစ်ကျော်လို့ လေးနှစ်ထဲအထိရောက်နေတာ
အားလုံးအသိပါပဲ။ သူဟာ ကျုပ်တို့အားလုံးကို မျှော်လင့်ချက်ကြီးပေးကာ ကြိုးရှည်ရှည်နှင့်
လှန်ထားပေမယ့် သူ့ရဲ့ စိတ်ကတော့ အခြားကိစ္စတွေကိုသာ စိတ်၀င်စား နေပေတယ် သင်မင်းသားငယ်။
သင့်မိခင်ဟာ အဆောင်တော်အတွင်းမှာ ရက္ကန်းစင် ဆင်ပြီး ကျုပ်တို့အား
' အို...
ကျွန်မအားလက်ဆက်လိုသော အမျိုးကောင်းသားအပေါင်းတို့။ ယခုအခါ အိုဒစ်စီးယပ်စ်
မရှိတော့ပြီမို့ သင်တို့က ကျွန်မကို လက်ဆက်လိုကြသော်လည်း ကျွန်မ ဤ သူသေကောင်ပတ်ရန်
အထည်စအား ရက်လုပ် ပြီးသည့်တိုင်အောင် စိတ်ရှည်ရှည်ထားကာ စောင့်ကြပါဦး။ ဤအ၀တ်ဟာ
ရက်စက်လှတဲ့ သေခြင်းတရားနှင့် လေအာတီးစ်တို့ တွေ့ဆုံရတဲ့နေ့မှာ အသုံးပြုဖို့
အ၀တ်သာ ဖြစ်ပေတယ်။ အစ်သက္ကပြည်ကို ကြီးပွားတိုးတက်အောင် ပြုခဲ့တဲ့ လေအာတီးစ်
သေဆုံးတဲ့အခါ သူသေကောင်ပတ်စတောင် မရှိရရှာပါလားဆိုပြီး အစ်သက္ကပြည်မှ
အမျိုးသမီးများရဲ့ လှောင်ပြောင်ခြင်းကို မခံရလေအောင် ကျွန်မအား ပြီးမြောက်အောင်
ရက်လုပ်ရန် ခွင့်ပေးကြပါ' ဆိုတဲ့ စကားနှင့် လိမ်လည်လှည့်ဖျားသောကြောင့်
ကျုပ်တို့လည်း သဘောတူခဲ့ပါတယ်။ ပြီးနောက် သူဟာ ရက်ကန်းထည်ကို နေ့စဉ်ရက်ဆက်
ရက်လုပ်ခဲ့ပေမယ့်လည်း ညအချိန်ရောက်တဲ့အခါမှာတော့ မီးတိုင်ရဲ့ အလင်းရောင်ကို
အားပြုလို့ ရက်လုပ်ပြီးသား ချည်ကို ပြန်လည် ဖျက်ဆီးပစ်လေတယ်။ ဤနည်းကို သုံးပြီး
သင့်မိခင်ဟာ ကျုပ်တို့ကို သုံးနှစ်တိုင်တိုင် လှည့်ဖျားခဲ့တာပါပဲ။ ဒါပေမဲ့
လေးနှစ်မြောက်ရာသီ စတင်တဲ့ အခါမှာတော့ သင့်မိခင်ရဲ့ ပရိယာယ်ကို သိနားလည်တဲ့
ကိုယ်လုပ်တော် မိန်းမတစ်ဦးက ကျုပ်တို့ကို ၀န်ခံတာကြောင့် ကျုပ်တို့ကိုယ်တိုင်
အထည်စကို ဖျက်ဆီးနေတဲ့ သူ့ကို လက်ပူးလက်ကြပ်မိပါလေရောလား။ အဲဒီတော့မှပဲ
ကျုပ်တို့လည်း သူ့ကို အထည်စကို ပြီးမြောက်အောင် မြန်မြန်ဆန်ဆန်
ရက်လုပ်ခိုင်းခဲ့ရခြင်း ဖြစ်ပေတယ်။
သင်နှင့်
အာခီယန်ခေါင်းဆောင်များကိုလည်း ကျုပ်တို့ ကြင်ယာလောင်းလျာများက တခါတည်း
အဖြေပေးလိုက်ပါ့မယ်။ သင့်မိခင်ကို သူ့ဖခင် အစ်ကားရီးယပ်စ် သဘောတူသော
ယောက်ျားတစ်ဦးအား လျှင်မြန်စွာ ရွေးချယ်ပြီး လက်ထပ်ယူရန် စေခိုင်းပါ မင်းသား။
သင့်မိခင်က အက်သီနာနတ်သမီး ချီးမြှောက်သော ထက်မြက်လှတဲ့ ဉာဏ်စွမ်းနှင့် သေသပ်လှသော
လက်မှုပညာတို့ကို အသုံးချ၍ ကျုပ်တို့ကို ထပ်မံလှည့်ဖျားလာပါက ကျုပ်တို့ကလည်း
သင့်စံအိမ်တော်၏ ရိက္ခာများကို ဆက်လက် သုံးဖြုန်းနေရဦးမည်မှာ အသေအချာပင်ဖြစ်ပေတယ်။
သင့်မိခင်ရဲ့ ဉာဏ်စွမ်းဟာ ကျုပ်တို့ကြားဖူးတဲ့ ဟိုးရှေးရှေးအခါက တိုင်ရို ၊ ဩခမီနီ
နှင့် မိုင်စင်းနီ အမည်ရှိ ဂုဏ်သတင်း ကျော်ကြားလှတဲ့ အမျိုးသမီးများထက်ပင်
ကြီးမားလှပေမယ့် သူဟာ ထိုဉာဏ်စွမ်းကို တလွဲအသုံးပြုသူသာ ဖြစ်ပေတယ်။ ဖီနယ်လိုပီဟာ
သူရဲ့ ဉာဏ်စွမ်းကြောင့် ဂုဏ်ရှိန်မြင့်မားလာသော်ငြားလည်း သင့်စံအိမ်တော်ကတော့ဖြင့်
သူ့အတွက်ကြောင့် ဒုက္ခကြီးစွာ ဖြစ်ထွန်းရလိမ့်မယ်။ ကျုပ်တို့ကလည်း ဒီလူစုထဲက
တယောက်ယောက်ကို သူလက်မထပ်မချင်း ဤစံအိမ်မှ တစ်ဖဝါးမှ ခွာမှာမဟုတ်ပေဘူး" ဟု
ဆိုလေသည်။
Comments
Post a Comment