မြန်မာနိုင်ငံရဲ့ တန်ဖိုးနည်း ထုတ်ကုန်တစ်ခု

Image
  “We are one and we rise by lifting others. Women can do anything…..” စာသားကို မသိထားရင် နားတောင် မလည်လောက်တဲ့ မီးကျိုးမောင်းပျက် အင်္ဂလိပ်စာ တစ်ပိုဒ်ကို ၁၀ တန်းကျောင်းသား အလွတ်ကျက်ထားတဲ့ အက်ဆေးတစ်ပုဒ်လို မေ့မသွားအောင် ရွတ်ပြနေတဲ့ အမျိုးသမီးတစ်ယောက်ရဲ့ ဗီဒီယို တစ်ပုဒ်ကို ကြည့်မိလိုက်တယ်။ သူ့ရည်ရွယ်ချက်က မြန်မာနိုင်ငံကို ကိုယ်စားပြုချင်တဲ့ အလှမယ်တစ်ယောက် ဖြစ်ချင်တာတဲ့။ ဒီအထိက ပြဿနာမရှိသေးပါဘူး။ ဒါပေမဲ့ သူကိုယ်စားပြုတဲ့ မြို့နယ် (သို့) တိုင်းဒေသကို မိတ်ဆက်တဲ့အခါမှာတော့ စပ်စလူး နတ်ပူးသလို အပမှီသလို မျောက်လက်ထဲ ငါးပိထည့်မိသလို ခုန်ပေါက်ပြီး အသံသေး အသံကြောင်နဲ့ အော်လိုက်တဲ့အခါမှာတော့ စောစောက သူ့အပေါ် လေးစားမိတဲ့ ရှိစုမဲ့စု လေးစားသမှုတောင် ဖြတ်ခနဲဆိုသလို ပျောက်ကွယ်သွားတယ်။ ဒီအပြုအမူက အမျိုးသမီးတွေရဲ့ စွမ်းအားကို ကိုယ်စားပြုချင်တယ်ဆိုတဲ့ သူ့ပြယုဂ်လား။ ဒိုင်အမျိုးသားတွေ ကြိုက်ပြီး အမှတ်ပေးအောင်၊ ပရိတ်သတ်ထဲက ယောက်ျားတွေအမြင်မှာ သူ့ကို လိင်ပြယုဂ် (sex appeal) အဖြစ် မြင်လာပြီး အင်တာနက်ကနေ လူကြိုက်များတဲ့ မဲရအောင် ရှိသမျှကို ဖော်ပြ လှုပ်ခါပြီး လမ်းလျှောက်ပြတဲ့ သူဟာ ဆက်ကပ်ထဲက မျောက်ဘဝကို ရ...

မအိမ်ကံ - ဇာတ်ဆောင်လေလော ဗီလိန်လော

 ဆရာမ ခင်ခင်ထူးရေးသားတဲ့ မအိမ်ကံ မြန်မာ ဇာတ်လမ်းရှည်ဟာ မြန်မာ့ ကျေးလက် သဘာဝ၊ ယဥ်ကျေးမှု၊ ရိုးရာ၊ ဓလေ့ထုံးတမ်းနဲ့ နိုင်ငံရေး အကူးအပြောင်းကာလကို ဇောင်ချန်းကုန်းရွာသူ မအိမ်ကံရဲ့ ဘဝကို အခြေပြုလို့ အစပ်အဟပ်တည့်အောင် ရေးသားထားတဲ့ ဝတ္ထုတစ်ပုဒ်ဖြစ်ပါတယ်။

မအိမ်ကံကို ဖတ်ရတာဟာ အညာဒေသ အထူးသဖြင့် မြင်းခြံမြို့တဝိုက်က ကျေးလက်နေ အညာသူအညာသားတို့ရဲ့ နေထိုင်ပုံ၊ ပြောဆိုပုံ၊ စိတ်နေစိတ်ထားတို့ကို ထိုင်ရာမထ မျက်စိထဲ ကွက်ကွက်ကွင်းကွင်း ဘွင်းဘွင်းရှင်းရှင်း မြင်လာစေလောက်အောင်ကို ဆွဲဆောင်နိုင်စွမ်းရှိတာကိုလည်း ငြင်းမရပါဘူး။

အင်္ဂလိပ်အုပ်စိုးတဲ့ ခေတ်က ရင်ကွဲစရာ အဖြစ်အပျက်တွေ၊ တခါ ဂျပန်အုပ်ပြန်တော့ နိုင်ထက်စီးနင်း ပြုကျင့်ခံခဲ့ရတာတွေနဲ့ နောက်တဖန် အင်္ဂလိပ်ပြန်ရောက်လာပြီး အတုအယောင် လွတ်လပ်‌ရေးအောက်မှာ ဖြူ၊ နီ၊ ကွန် စသဖြင့် လူငယ်နိုင်ငံရေးသမားအုပ်စုတွေ ကွဲကြ၊ ပြဲကြတာကို ဖတ်ရတာကလည်း မျက်မှောက်ခေတ် နိုင်ငံရေးကို တဖန် ပြန်မြင်ယောင်ရစေလောက်အောင် အတွေးတိုးပွားရစေတယ်။

မအိမ်ကံဟာ ဇောင်ချန်းကုန်း ရွာသူကြီး ဦးသာထန်နဲ့ နောက်မိန်းမ ဇနီးသည် မပန်းရုံတို့ကနေ မွေးတဲ့ သမီး၊ ရှေ့အိမ်ထောင်က ကျန်တဲ့ အစ်ကို မြတ်သာကလည်း သူ့နှမကို ချစ်လိုက်တာမှ တုန်လို့။  ဒါပေမဲ့ လူပုံကလည်းလှ၊ ချမ်းသာတဲ့ အမျိုးထဲ မွေးသူလည်း ဖြစ်ပြန်ဆိုတော့ မအိမ်ကံမှာ ဘယ်သူမှ မမြှောက်ပေးရပါဘဲနဲ့ သွေးကြီးနေတာလေး တစ်ခုရှိတယ်။ အဲဒါကတော့ သူ အပျိုလေးဖြစ်တဲ့အခါ ဇောင်ချန်းကုန်းရွာမှာ ဖက်စိမ်းကွမ်းတောင်ကိုင် တစ်ယောက်ဖြစ်ချင်တာပါပဲ။

ဖက်စိမ်းကွမ်းတောင် ကိုင်ဖို့ ရွေးချယ်ခံရတဲ့ အပျိုက ဣ‌န္ဒြေသိက္ခာကြီးရတယ်၊ မပျံ့ရဘူး၊ မနန့်ရဘူး၊ ရည်းစားသညာ မရှိရစေ့ မဟုတ်ဘူးဆိုတောင် ယောက်ျားတကာကြား ဟိုလိုလို ဒီလိုလို သတင်းမထွက်ရဘူး၊ နောက်ပြီး မိစုံ ဖစုံနဲ့ ငယ်လင် ငယ်မယားကမွေးမှ ရွေးကြတာဆိုတာကို မအိမ်ကံမသိဘူး။ သိသွားရင် သူ့သမီး စိတ်ထိခိုက်မှာ စိုးလို့လည်း သူ့အမေက ဖုံးကွယ်ခဲ့တယ်။ ဒီလို ဖုံးကွယ်ခဲ့တာကိုက မအိမ်ကံကို တကယ်တော့ နှစ်နေခဲ့တယ်ဆိုတာကို ဘယ်သူမှ နားမလည်ခဲ့ကြဘူး။ အပျိုဖြစ်ရင် ဖက်စိမ်းကွမ်းတောင် ကိုင်လိုက်မဟဲ့လို့ ကြံထားတဲ့ မအိမ်ကံတစ်ယောက် တပါးယောက်ျားလေးနဲ့ ယိုးစွပ်ခံရလိုက်တဲ့အပြင်၊ သူ့မိခင်ဟာ ဖခင်နဲ့ ငယ်လင် ငယ်မယား မဟုတ်တဲ့အတွက်ကြောင့် သူဟာ ဖက်စိမ်းကွမ်း‌တောင်ကိုင်ဖို့ အရည်အချင်း မပြည့်မီကြောင်း သိလိုက်ရတဲ့အခါ အရာရာက အချိန်လွန်သွားခဲ့ပါပြီ။ ဒီအထိက ဇာတ်ကြောင်းမှာ မအိမ်ကံဟာ ဇာတ်ဆောင်ဖြစ်ခဲ့တယ်။ အနားမှာရှိတဲ့ ကျေးဥ၊ ရွှေမှုံ၊ သာအောင်၊ မြတ်သာ၊ ပြေသိမ်းတို့က ဇာတ်ရံတွေဖြစ်ခဲ့တယ်။

ဒါပေမဲ့ ဒီကနေ ဇာတ်လမ်း တဆစ်ချိုးကြတော့ မအိမ်ကံဟာ ဇာတ်ဆောင်မဟုတ်တော့ဘဲ ဗီလိန်ဖြစ်သွားတာကို တွေ့ရတယ်။ သူ့အစား ရွှေမှုံကို ဖက်စိမ်းကွမ်း‌တောင်ရွေးကြလို့ သူအငြှိုးထားတယ်။ ရွှေမှုံလို ကွမ်းတောင်ကိုင်ကိုမှ သူ့သားနဲ့ ပေးစားမယ်ပြောတဲ့ ကြီး‌‌စံရွှေကို သူအငြှိုးထားတယ်။ အစ်ကိုဖြစ်သူဟာ မြင်းခြံမှာ ကျောင်းတက်နေရင်းက အင်္ဂလိပ်ကို တိုက်ဖို့ တောခိုသွားတာမို့ အိမ်ရဲ့ တာဝန်တွေကို သူ ခါးစည်းခံခဲ့တယ်။ ကျေးလက်နေ ပြည်သူတို့ ပြာပုံတိုးရတဲ့ အကြောင်း ကောင်းကောင်းကြီး ပြောပြတယ်။ ဒါလည်း မအိမ်ကံ မမှုဘူး။ သူ မှုတာဟာ သူ့နေရာကို လုတယ်လို့ တဖတ်သတ် စွပ်စွဲထားတဲ့ ရွှေမှုံ၊ သူ့ကို အရှက်ခွဲတဲ့ ကြီးစံရွှေ နဲ့ သူ့သား သာအောင်။

လူဟာ ရိုးရိုးနေရင် ဘာမှသာ မဟုတ်တယ်။ မုန်းတဲ့သူရှိလာတော့ နေမကောင်းဖြစ်လည်း သူများလုပ်တယ် ထင်တယ်။ တိုက်တယ် ထင်တယ်။ ခိုက်တယ် ထင်တယ်။ အားအားနေ ဥပါဒါန်ကြောင့် ဥပဒ်သင့်တယ်။ ဒါကို မအိမ်ကံ ကောင်းကောင်းကြီး ခံစားရတယ်။ တက္ကသိုလ်ကျောင်းသား မောင်ပြေသိမ်းနဲ့ အိမ်ထောင်ကျပြီး မအိမ်မြိုင်နဲ့ မအိမ်ခိုင်ဆိုပြီး သမီးနှစ်ယောက်မွေးတော့ ဖက်စိမ်းကွမ်းတောင်ကိုင် ဖြစ်ရမယ်ဆိုတဲ့ ရည်မှန်းချက်က သမီးကြီး မအိမ်မြိုင်ဆီ ရောက်သွားတယ်။ သူမကိုင်ရတော့ သူ့သမီး ရအောင် ကိုင်ရစေ့မပေါ့။ မအိမ်မြိုင်ကတော့ သူ့အမေလောက် စိတ်ထဲမရှိ။ ဖက်စိမ်းကွမ်းတောင် ပေးတော့လည်း ကိုင်လိုက်မပေါ့၊ မပေးတော့လည်း နေသပပေါ့ဆိုတာမျိုး။ တဆက်တည်းမှာပဲ ရွှေမှုံ့မှာလည်း မှုံနသာဆိုတဲ့ သမီးမွေးထားတာဆိုတော့ မအိမ်ကံဟာ အလိုလိုနေရင်း သူ့သမီးအတွက် ပြိုင်ဘက်ဖြစ်လာတဲ့ မှုံနသာကို မျက်မုန်းကျိုးနေတယ်။ ဟိုကတော့ သူ့ကို ဖုတ်လေတဲ့ငါးပိ ရှိတယ်တောင် ထင်တာမဟုတ်။ ဒါကြောင့် ခြောက်ပစ်ကင်း သဲလဲစင် မအိမ်ကံဟာ ဒီဇာတ်လမ်းမှာ သူသာဇာတ်ဆောင်၊ သူသာ ဗီလိန်ဖြစ်လာပါတော့တယ်။

 


Comments

Popular posts from this blog

ဘာသာရေးနှင့် သိပ္ပံပညာ စာအုပ် စတင် ဖြန့်ချိပါပြီ

သြဒစ္ဆေ မော်ကွန်း စကားပြေ ၁

အစ္ဆရိယရကန် စကားပြေ ၁