အစ္ဆရိယရကန် စကားပြေ အတွဲ ၁ နိရယဘုံ

Image
  လွန်ခဲ့တဲ့ နှစ်ပေါင်း ၇၀၀ ကျော်တုန်းက လူတစ်ယောက် ရှိခဲ့ဖူးတယ်။ သူ့ကို မတရားစွပ်စွဲပြီး နိုင်ငံကနေ နယ်နှယ်ဒဏ်ပေးခဲ့တဲ့အတွက် သူ့ရဲ့ ကျန်ရှိတဲ့ ဘဝတလျှောက်လုံးမှာ မွေးရပ်မြေကို လွမ်းဆွတ်ပြီး နေခဲ့ရတယ်။ ဒါကြောင့် သူဟာ သူများနဲ့မတူဘဲ သူရောက်နေတဲ့ နယ်မှာသုံးတဲ့ ဘာသာစကားနဲ့ ကဗျာတစ်ပုဒ်ရေးသားခဲ့တယ်။ ဒီကဗျာဟာ သိပ်ကို နာမည်ကြီးသွားပြီး ဒီကဗျာကို ရေးသားတဲ့ နယ်သုံး ဘာသာစကားဟာလည်း အခုခေတ်ရဲ့ နိုင်ငံတော် ဘာသာစကားဖြစ်လာခဲ့တယ်။ ဒီလောက်ဆို ဘယ်သူလဲ ခန့်မှန်းနိုင်လောက်ပြီ ထင်ပါတယ်။ ဒန္တေ အယ်လီဂီယာရီပါ။ သူ့ရဲ့ Divine Comedy ကဗျာကြီးဟာ ဘုံ ၃ ဘုံကို လှည့်လည်သွားလာတဲ့ ခရီးစဥ်ကို ဖော်ပြထားတာဖြစ်ပြီး အီတလီနိုင်ငံ ဖလောရင့်စ်မြို့ရဲ့ နိုင်ငံအတွင်း အကြောင်းအရာတွေ အားလုံးကို အခြေပြုထားပါတယ်။ သူဟာ ကဗျာကြီးကို Comedy လို့ပဲ အမည်ပေးခဲ့တာပါ။ ၁၃ ရာစုခေတ်က Comedy ဆိုတဲ့ အဓိပ္ပါယ်ဟာ ဟာသ သက်သက် မဟုတ်ခဲ့ပါဘူး။ ခက်ခဲကြမ်းတမ်းတဲ့ ခရီးကို ဖြတ်သန်းပြီး အဆုံးမှာ ပျော်ရွှင်စရာနဲ့ အဆုံးသတ်သွားတဲ့ စာပေမျိုးကို ရည်ညွှန်းပါတယ်။ နောက်ပိုင်း ပုံနှိပ်တဲ့အခါမှာတော့ အယ်ဒီတာက Divine ဆိုတဲ့ စကားလုံးထည့်သွင်းခဲ့ပြီး ယနေ့ခေတ်အထိ Divin...

မိခင်သောက နှင့် မိခင်ဒေါသ

 မိခင် သောက နှင့် မိခင် ဒေါသ (သို့မဟုတ်) မဒ္ဒီဒေဝီ နှင့် မဒ္ဒဲရာ

ကုန်းဘောင်ခေတ်မှာ မင်းဘူး ဦးသြဘာသ ရေးသားခဲ့တဲ့ ဝေဿန္တရာဇတ်တော်ထဲကနေ ကောက်နှုတ်ထားတဲ့ မိခင်သောက စကားပြေဟာ ဝေဿန္တရာမင်းကြီးတစ်ယောက် သားတော် နဲ့သမီးတော်ဖြစ်ကြတဲ့ ဇာလီနဲ့ ကဏှာဇိန်တို့ကို ဇူဇကာပုဏ္ဏားကြီးထံ အစေခံအဖြစ် လှူဒါန်းလိုက်တဲ့အတွက် မိခင်ဖြစ်သူ မဒ္ဒီဒေဝီ ဘယ်လောက် ပူဆွေးသောက ရောက်ခဲ့ရသလဲဆိုတာကို ရေးဖွဲ့ထားတာပဲ ဖြစ်ပါတယ်။

မဒ္ဒီဒေဝီရဲ့ သားသမီးအပေါ် ချစ်စိတ်၊ သားသမီးတို့ကို မတွေ့ရတဲ့ အတွက် ပင်ပန်း နွမ်းနယ်စိတ်တို့ဟာ မင်းဘူး ဦးသြဘာသရဲ့ အရေးအဖွဲ့တို့ကြောင့် ဖတ်ရှုရသူအပေါင်းကိုလဲ ညှိုးငယ်တသ ဖြစ်စေရတာ အမှန်ပါပဲ။

မဒ္ဒီဒေဝီက တစ်နေ့တော့ သစ်သီးအရှာထွက်တဲ့အချိန်မှာ ဇူဇကာ ပုဏ္ဏားကြီး ရောက်လာပြီး ဇာလီနဲ့ ကဏှာဇိန်ကို အစေခံအဖြစ် သုံးဖို့ရာ ဝေဿန္တရာမင်းကြီးထံ အလှူခံခဲ့ပါတယ်။ မင်းကြီးဟာ အလှူခံပုဂ္ဂိုလ်ကို ငြင်းရက်သူ မဟုတ်လေတာကြောင့် သားနဲ့သမီးကို ချက်ချင်းဆိုသလိုပဲ ရေစက်ချပြီး လှူဒါန်းလိုက်လေတယ်။ ဒါကြောင့် မဒ္ဒီဒေဝီ ကျောင်းသင်္ခမ်းကို ပြန်ရောက်တဲ့အခါ သားသမီးတို့ကို မတွေ့လေတော့ သူမေးတဲ့ ဥပမာတွေက ရင်ကို ထိရှစေလောက်ပါတယ်။

“နွားမကြီးကို တွေ့တဲ့အခါ နွားသားပေါက်ကလေးတွေ ပျော်ရွှင်မြူးတူးကြသလို ကစားကြတဲ့ သားသမီး ဘယ်များရောက်နေပါလိမ့်။ သာနုဆိုတဲ့ တောင်မှာ ဆင်သွားရင်တောင် ခြေရာမထင်သလို သားသမီးတို့ကို မတွေ့ရပါတကား၊ ဆိတ်မကြီး အစာရှာရာမှ ပြန်ရောက်လာတဲ့အခါ မြေမှုန့်အလိမ်းလိမ်းနဲ့ ပေကျံကာ အနားလာပြီး ဆော့ကစားကြတဲ့ ဆိတ်ကလေးတွေနဲ့ တူတဲ့ သားသမီးတို့ ဘယ်များရောက်နေပါလိမ့်။ ငှက်များ ချီသွားသလော။ သားသမီးတို့ကို မမြင်ရတော့ လူသူကင်းမဲ့တဲ့ ကျောင်းသင်္ခမ်းဟာ သုဿာန်တစပြင်လိုပဲ ခြောက်ကပ်သွားလေစွ” လို့ ဆိုတယ်။

သူ့ရဲ့ မြည်တမ်းစကားတွေက ဥပမာ ဥပစာတွေနဲ့ ပြောပြတာမို့ စာဖတ်သူတွေကို သူဘယ်လောက်အထိ သားသမီးတွေကို အပူတပြင်းလိုက်ရှာနေသလဲဆိုတာကို သိသာထင်ရှားစေပါတယ်။ နောက်ပြီး မင်းကြီးက သားနဲ့သမီးကို လှူဒါန်းလိုက်ကြောင်း မပြောပြဘဲ ဆိတ်ဆိတ်နေလေတော့ သူက “ ထန်းပင်မှ ပြုတ်ကျသူကို ရိုက်ပုတ်သကဲ့သို့၊ စပါးကြီးမြွေကိုက်သူကို ရိုက်ခတ်သကဲ့သို့၊ သွေးပြည်ယိုစီးသော ဒဏ်ရာကို ဆူးငြောင့်ဖြင့် ထိုးသကဲ့သို့” တစ်ပူပေါ် နှစ်ပူဆင့် ခံစားရကြောင်း ထိထိမိမိ ပြောလေတယ်။ ဒီအဖွဲ့တွေကို ကြည့်ပြီး မဒ္ဒီဒေဝီက သားသမီးကို ဘယ်လောက်ချစ်ကြောင်း၊ သားသမီးပျောက်တဲ့အခါ ဘယ်လောက် ခံစားနေရကြောင်းနဲ့ လင်ယောက်ျားက စကားတခွန်းမဆိုဘဲ ဆိတ်ဆိတ်နေတဲ့အခါ ပိုလို့တောင် သောကများရကြောင်းကို စာဖတ်သူကို သိစေပါတယ်။ ဒီလိုနည်းနဲ့ မိခင်သောကကို မင်းဘူးဦးသြဘာသက ဖွဲ့ဆိုခဲ့ပါတယ်။



တဖက်မှာလဲ ၄၃၁ ဘီစီမှာ ယူရီပီးဒီးစ် ရေးသားခဲ့တဲ့ မဒ္ဒဲရာ ပြဇာတ်ဟာ မိခင် ဒေါသကို အကောင်းဆုံး ရေးဖွဲ့ထားတာကို တွေ့ရပြန်တယ်။  

မဒ္ဒဲရာဟာ ကိုးလ်ကပ်စ်ပြည့်ရှင် ဘုရင်ရဲ့ သမီးတော်ဖြစ်ပြီး မှော်ပညာမှာ တဖက်ကမ်းခတ် တတ်ကျွမ်းသူဖြစ်တယ်။ သူဟာ သြဒစ္ဆေကဗျာထဲက သူရဲကောင်း အိုဒစ်စီးယပ်စ်ကို ချုပ်ထားဖို့ ကြိုးစားခဲ့တဲ့ ဆာစီဆိုတဲ့ စုန်းမနဲ့ဆို တူမလည်းတော်တာမို့ ဟီလီယို့စ် နေမင်းဟာ မဒ္ဒဲရာနဲ့ အဘိုးတော်စပ်တယ်။

‌‌ဂျေဆင်ဟာ အိုင်အိုကပ်စ်ပြည်ရဲ့ နန်းကျဘုရင်သားဖြစ်တယ်။ ဦးလေးဖြစ်သူက နန်းလုထားတာမို့ အသက်ကြီးလာတော့ နန်းတော် အရိုက်အရာကို ပြန်တောင်းခဲ့ပေမဲ့ ဦးလေးက ကိုးလ်ကပ်စ်ပြည်က ရွှေရောင်သိုးမွှေးကို ယူပေးနိုင်ရင် နန်းပြန်အပ်မယ်လို့ဆိုတာကြောင့် ကိုးလ်ကပ်စ်ကို ထွက်လာခဲ့တယ်။ ဂျေဆင်စီးခဲ့တဲ့ အားဂို့စ်သင်္ဘောဟာ ကမ္ဘာပေါ်မှာ ပထမဆုံး ရေလမ်းခရီးသွားခဲ့တဲ့ သင်္ဘောလို့ ဂရိတွေက မှတ်တမ်းတင်တယ်။

မဒ္ဒဲရာဟာ ဂျေဆင်ကို မြင်မြင်ချင်း ကြိုက်နှစ်သက်တာမို့ သူကိုယ်တိုင်ပဲ သူ့နိုင်ငံက ရွှေရောင်သိုးမွှေးကို ခိုးပြီး သူ့မောင်နဲ့အတူ ဂျေဆင်နောက်ကို လိုက်လာခဲ့တယ်။ လမ်းရောက်တော့ မောင်ဖြစ်သူကို သူကိုယ်တိုင် ဓါးနဲ့ ခုတ်ပိုင်းပြီး ခန္ဓာကိုယ်အစိတ်အပိုင်းတွေကို လမ်းတလျှောက် ကျဲချခဲ့တာမို့ နောက်ကလိုက်လာတဲ့ လူတွေဟာ တိုင်းပြည် မင်းသားရဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေကို လိုက်ကောက်ရင်း မဒ္ဒဲရာနဲ့ ဂျေဆင်တို့ လွတ်သွားကြတယ်။ မဒ္ဒဲရာဟာ ဂျေဆင်ကို ဘယ်လောက်ချစ်ကြောင်း နိုင်ငံအထွတ်အမြတ်ထားရာ ရွှေရောင်သိုးမွေး ခိုးယူခဲ့တာနဲ့ မောင်ဖြစ်သူကို သတ်ဖြတ်ခဲ့တာက သက်သေခံနေတယ်။

ဂျေဆင်နဲ့ မဒ္ဒဲရာတို့ အိုင်အိုကပ်စ်မှာ အိမ်‌ထောင်ပြုပြီး သားနှစ်ယောက်မွေးတယ်။ ဂျေဆင်ဟာ အိုင်အိုကပ်စ် ပြည့်ရှင်ဖြစ်တာမို့ ရှင်ဘုရင်တို့ ထုံးစံအတိုင်း တခြားတိုင်းပြည်က ဂလောချေ မင်းသမီးနဲ့ အိမ်ထောင်ပြုဖို့ ဖြစ်လာတော့ မဒ္ဒဲရာ ဒေါသက မီးဟုန်းဟုန်း တောက်လောင်သလို တောက်လောင်လာခဲ့တယ်။ တိုင်းတပါးမှာ မကျင့်သုံးတော့တဲ့ သူ့ရဲ့ စုန်းပညာတွေက ဒေါသနဲ့အတူ တဖန်ပြည်လည် ပေါ်ထွက်လာခဲ့တာမို့ မဒ္ဒဲရာက ဂလောချေ မင်းသမီးကို သူ့အတတ်ပညာနဲ့ စီရင်ထားတဲ့ အဝတ်အစားတစ်စုံ မင်္ဂလာဆောင်ရင် ဝတ်ဖို့ လက်ဆောင်ပေးလိုက်တယ်။ ဂလောချေလဲ အဲဒီ အဝတ်ကို ဝတ်ပြီး စိတ်ရူးပေါက်ကာ နန်း‌တော်ထဲကနေ ခုန်ချပြီး သေသွားတယ်။

ဒီသတင်းကို ဂျေဆင် မသိခင်မှာပဲ မဒ္ဒဲရာဟာ နောက်ထပ် မထင်မှတ်ထားတဲ့ လက်စားချေမှုကို ကျူးလွန်ခဲ့ပြန်တယ်။ အဲဒါကတော့ သူနဲ့ ဂျေဆင်ရဲ့ ရင်နှစ်သည်းချာ သားနှစ်ယောက်ကို သူကိုယ်တိုင် ဓါးနဲ့ လည်လှီးသတ်ခဲ့တာပဲ။ ဂျေဆင် ရောက်လာတဲ့အခါမှာ အရာအားလုံး နောက်ကျခဲ့ပါပြီ။ ဂျေဆင်က သူ့သားနှစ်ယောက်ရဲ့ အလောင်းကို တွေ့ခွင့်ပေးပါလို့ တောင်းဆိုခဲ့ပေမဲ့ မဒ္ဒဲရာက သားနှစ်ယောက်အလောင်းကို နန်းတော်ဆောင်နဲ့အတူ မီးတင်ရှို့ခဲ့တယ်။ သူကိုယ်တိုင်ကလဲ အဘိုးဖြစ်သူ ဟီလီယို့စ် နေမင်းရဲ့ နတ်ရထားကို စီးပြီး အေသင်ကို ပြေးသွားတယ်လို့ ပြဇာတ်က အဆုံးသတ်ထားတယ်။

ယူရီပီးဒီးစ်ဟာ မိခင်တစ်ယောက်ရဲ့ သောကကို လက်စားချေခြင်းနဲ့ အကောင်းဆုံး ပုံဖော်ခဲ့တယ်။

Comments

Popular posts from this blog

ဘာသာရေးနှင့် သိပ္ပံပညာ စာအုပ် စတင် ဖြန့်ချိပါပြီ

သြဒစ္ဆေ မော်ကွန်း စကားပြေ ၁

အစ္ဆရိယရကန် စကားပြေ ၁