ဒန္တေ အယ်လီဂီယာရီနှင့် အစ္ဆရိယရကန်
- Get link
- X
- Other Apps
ဒန္တေ အယ်လီဂီယာရီ
ဒန္တေ
အယ်လီဂီယာရီကို ၁၂၆၅ ခုနှစ်တွင် ဖလောရင့်စ်မြို့၌ ဖွားမြင်ခဲ့သည်။ ဖခင်ဖြစ်သူ
အယ်လီဂီယာရို အယ်လီဂီယာရီမှာ ငွေတိုးချေးလုပ်ငန်းနှင့် အိမ်ခြံမြေလုပ်ငန်း
လုပ်ကိုင်သူဖြစ်ပုံရပြီး မိခင်မှာ ဘဲလာဖြစ်သည်။ အယ်လီဂီယာရီ မိသားစုသည်
အသိုင်းအဝိုင်းကောင်းမှ ဆင်းသက်လာသူများ ဖြစ်ကြသည်။ ဒန္တေ၏ ငယ်ဘဝအကြောင်းအရာ အများစုကို
၁၂၉၃ ခုနှစ်ဝန်းကျင်တွင် သူ ရေးသားပြီးစီးခဲ့သော “ဘဝသစ်” အမည်ရှိ ကဗျာစာအုပ်မှတဆင့် သိရှိရသည်။ ထိုကဗျာတွင် သူ၏
ကိုးနှစ်ပြည့် မွေးနေ့မတိုင်မီလေး၌ တွေ့ဆုံခဲ့ဖူးသည့် ဘီရာထရစ် ပေါ်တီနာရီ အပေါ်ထားရှိသော
စိတ်ကူးယဉ် အချစ်ဇာတ်လမ်းကို ဖော်ကျူးထားသည်။ ဘီရာထရစ်သည် ၁၂၉၀ ခုနှစ်တွင်
ကွယ်လွန်သွားခဲ့သော်လည်း ဒန္တေ၏ ဘဝတစ်လျှောက်လုံးတွင် စိတ်ကူးယဉ်ချစ်သူနှင့်
ကဗျာဉာဏ်ကွန့်မြူးရာ ဝိညာဥ်အဖြစ် တည်ရှိနေခဲ့သည်။ ၁၂၈၅ ခုနှစ် ဝန်းကျင်၌ ဒန္တေသည်
ဂျမ်မာ ဒိုနာတီနှင့် လက်ထပ်ခဲ့ပြီး သားသုံးယောက်နှင့် သမီးတစ်ယောက်
ထွန်းကားခဲ့သည်။
ဒန္တေ၏
ပုဂ္ဂိုလ်ရေးဘဝထက် သူ၏ လူမှုရေးနှင့် နိုင်ငံရေးဘဝကို မှတ်တမ်းအထောက်အထားအရ ပိုမိုခိုင်လုံစွာ
သိရှိရသည်။ သူ၏ အရင်းနှီးဆုံး မိတ်ဆွေများထဲတွင် ကဗျာဆရာ ဂွီဒို ကာဗယ်လ်ကန်တီနှင့်
၁၃ ရာစု ဖလောရင့်စ်မြို့သို့ ဂန္ထဝင်စာပေများ ယူဆောင်လာပေးသူအဖြစ် လူသိများသည့်
ဒဿနပညာရှင်၊ စာရေးဆရာ ဘရူနက်တို လာတီနီတို့ ပါဝင်ကြောင်း သိရှိရသည်။ ဒန္တေသည် ၁၂၉၂
ခုနှစ်တွင် ဆန်တာမာရီယာ နိုဗဲလား နှင့် ဆန်တာခရော့ချ်ဘုရားရှိခိုးကျောင်းများ၌
ဓမ္မဗေဒပညာရပ်ကို လေ့လာလိုက်စားခဲ့ပြီး ဂန္ထဝင်စာပေ၊ ဒဿနပညာနှင့် ဘာသာရေးဆိုင်ရာ
အတွေးအခေါ်များကို နှံ့စပ်ကျွမ်းကျင်သူ ဖြစ်လာခဲ့သည်။ ထိုခေတ်၌ ဖလောရင့်စ်မြို့၏
အစိုးရအဖွဲ့တွင် ပါဝင်နိုင်ရန်အတွက် အသက်မွေးဝမ်းကျောင်း အသင်းအဖွဲ့တစ်ခုခု၏
အသင်းဝင်ဖြစ်ရန် လိုအပ်သည်။ သို့ဖြစ်၍ ဒန္တေသည် ၁၂၉၅ ခုနှစ်တွင် ဆေးဆရာနှင့်
ဆေးဝါးကျွမ်းကျင်သူများအသင်းသို့ ဝင်ရောက်ကာ ထိုအခွင့်အရေးကို ရယူခဲ့သည်။ ၁၃၀၀
ပြည့်နှစ်တွင်မူ မြို့တော်၏ အမြင့်ဆုံးရာထူးဖြစ်သော အုပ်ချုပ်ရေးမှူးအဖြစ်
ရွေးချယ်တင်မြှောက်ခြင်း ခံခဲ့ရသည်။
သို့သော်
၁၃၀၂ ခုနှစ် အစောပိုင်းကာလတွင် ဒန္တေသည် ဖလောရင့်စ်မြို့၌ မျက်နှာသာပေးမခံရသည့်
အခြေအနေသို့ ရောက်ရှိသွားသည်။ ဒန္တေ၏ မိသားစုနှင့် နှစ်ပေါင်းများစွာ လက်တွဲခဲ့သော
အာဏာရ ‘ဂွက်ဖ်’အဖွဲ့ကြီးသည် ‘အဖြူဂိုဏ်း’ နှင့် ‘အမည်းဂိုဏ်း’ ဟူ၍ အုပ်စုနှစ်ခု
ကွဲသွားခဲ့သည်။ ဒန္တေသည် ပုပ်ရဟန်းမင်းကြီး ဘွန်နီဖာချီ (၈)နှင့် ၎င်း၏ ကိုယ်စားလှယ် ဗာလ်ဝါနယ်စား ချားလ်စ် မင်းသား တို့
ဖလောရင့်စ် နိုင်ငံရေးတွင် ဝင်ရောက်စွက်ဖက်သည်ကို ဆန့်ကျင်သော ‘အဖြူဂိုဏ်း’
အုပ်စုဘက်မှ ရပ်တည်ခဲ့သည်။ ပုပ်ရဟန်းမင်းကြီး၏ မူဝါဒကို ကန့်ကွက်ရန် ရောမမြို့သို့
စေလွှတ်သော ကိုယ်စားလှယ်အဖွဲ့နှင့်အတူ ဒန္တေ ရောက်ရှိနေစဉ် ချားလ်စ်သည် ဖလောရင့်စ်မြို့တွင်းသို့
ဝင်ရောက်စီးနင်းခဲ့သည်။ ထို့နောက် ဒန္တေနှင့် အခြားသူများကို
ပြည်နှင်ဒဏ်ပေးကြောင်း ကြေညာချက် ထုတ်ပြန်ခဲ့ပြီး အကယ်၍ ဖလောရင့်စ်အစိုးရလက်ထဲသို့
ဖမ်းဆီးမိပါက အရှင်လတ်လတ် မီးရှို့သတ်ရန် အမိန့်ချမှတ်ခဲ့သည်။
နောင်တွင်
ပြည်နှင်ဒဏ်သင့်သူများကို လွတ်ငြိမ်းခွင့် ပေးခဲ့သော်လည်း ဒန္တေသည် ဖလောရင့်စ်မြို့သို့
ဘယ်သောအခါမျှ ပြန်မရောက်ခဲ့တော့ပေ။ သူသည် အီတလီနိုင်ငံအနှံ့
ခရီးလှည့်လည်သွားလာနေစဉ် ၁၃၀၈ ခုနှစ်ဝန်းကျင်၌ “အစ္ဆရိယရကန်”
ကို စတင်ရေးသားခဲ့ပုံရသည်။ ပုံနှိပ်စက် မပေါ်သေးသော ထိုကာလတွင်
လက်ရေးမူဖြင့် ဖြန့်ဝေခဲ့သည့်တိုင် ထိုကဗျာရှည်ကြီးသည် စတင်ဖြန့်ချိသည်နှင့်
တပြိုင်နက် ဒန္တေအား ကျော်ကြားစေခဲ့သည်။ ဒန္တေသည် ဗီရိုနာမြို့တွင် ခြောက်နှစ်ခန့်
နေထိုင်ခဲ့ပြီးနောက် ဗင်းနစ်မြို့တွင် ဖျားနာခဲ့ကာ ၁၃၂၁ ခုနှစ်၊ စက်တင်ဘာလ ၁၄
ရက်နေ့၌ ရာဗင်နာ မြို့တွင်
ကွယ်လွန်အနိစ္စရောက်ခဲ့သည်။
ဒန္တေ အယ်လီဂီယာရီကို ကမ္ဘာ့အကြီးကျယ်ဆုံး ကဗျာဆရာများအနက် တစ်ဦးအဖြစ် သတ်မှတ်ကြသည်။ ၂၀ ရာစု ကဗျာဆရာ တီအက်စ် အဲလိယော့က “ကမ္ဘာကြီးကို ဒန္တေနှင့် ရှိတ်စပီးယားတို့က ခွဲဝေယူထားကြသည်။ တတိယလူဟူ၍ မရှိ” ဟု ဆိုခဲ့ဖူးသည်။
ဒန္တေ၏ ဘဝနှင့် ခေတ်ကာလ
အနောက်တိုင်း
ယဉ်ကျေးမှုတွင် ဒန္တေ၏ ဩဇာလွှမ်းမိုးမှုနှင့် ပါရမီကို ယှဉ်နိုင်သူဟူ၍ ဟုမ္မာနှင့်
ရှိတ်စပီးယားနှစ်ဦးသာ ရှိသည်ဟု ဆိုနိုင်သော်လည်း ၎င်းတို့၏
ပုဂ္ဂိုလ်ရေးဘဝများကိုမူ ကျွန်ုပ်တို့ ကောင်းစွာ မသိရှိရပေ။ အချို့သော
ဝေဖန်ရေးဆရာများသည် အိလျဒ်
နှင့် သြဒစ္ဆေ ကဗျာရှည်ကြီးများကို ဟုမ္မာ ရေးဖွဲ့ခဲ့ခြင်း ဟုတ်မဟုတ်နှင့်
ရှိတ်စပီးယား၏ ပြဇာတ်များအပေါ် သံသယဝင်ကြသည်။ သို့သော် ၁၉ ရာစု ဗြိတိန်စာရေးဆရာ
ဂျွန်ရပ်စကင်းက “ကမ္ဘာလောက၏ ဗဟိုချက်မ လူသား” ဟု တင်စားခေါ်ဝေါ်ခဲ့သည့် ဒန္တေ
အယ်လီဂီယာရီမှာမူ ကျွန်ုပ်တို့ ယနေ့ခေါ်ဝေါ်နေသော “အစ္ဆရိယရကန်” မည်သည့် မော်ကွန်းဝင် ကဗျာရှည်ကြီး၏
ပဲ့ကိုင်ရှင် စစ်စစ်ဖြစ်ကြောင်း ယုံမှားသံသယဖြစ်ဖွယ် မရှိပေ (နိရယဘုံ သည် ဤကဗျာရှည်ကြီး၏ အစိတ်အပိုင်း
သုံးခုအနက် တစ်ခုသာ ဖြစ်သည်)။ ဒန္တေသည် “အစ္ဆရိယရကန်” ၏ ဇာတ်ကြောင်းပြောသူ အဖြစ်သာမက အဓိက ဇာတ်ကောင်အဖြစ်ပါ ပါဝင်နေသဖြင့်
သူ၏ ပုဂ္ဂိုလ်ရေးနှင့် ကဗျာပါ အကြောင်းအရာများသည် ခွဲခြား၍မရအောင် ဆက်နွယ်နေသည်။
သူ၏ ဘဝအတွေ့အကြုံ ဖြစ်ရပ်မှန်များစွာသည် ကဗျာထဲတွင် ထင်ရှားစွာ ပါဝင်နေသဖြင့်
စာဖတ်သူများ အနေဖြင့် နောက်ခံ အတ္ထုပ္ပတ္တိ အသေးစိတ်ကို ချက်ချင်း နားလည်နိုင်ရန်
ခက်ခဲတတ်ရာ ရာစုနှစ်များစွာ တိုင်အောင် ပညာရှင်များနှင့် သုတေသီများ ပြုစုခဲ့သော
အဖွင့်အကျယ်များနှင့် မှတ်စုများကို ရှာဖွေဖတ်ရှုရန် လိုအပ်ပေမည်။
ဒန္တေ၏
လက်ရာများတွင် ပါဝင်သော အတ္ထုပ္ပတ္တိ အချက်အလက်များနှင့် ပတ်သက်၍ အခက်အခဲရှိသည်မှာ
၎င်းတို့သည် တကယ်ဖြစ်ပျက်ခဲ့သော သမိုင်းဖြစ်ရပ်များကို ရည်ညွှန်းခြင်းလော
သို့တည်းမဟုတ် ဒန္တေ၏ စိတ်ကူးယဉ် ဖန်တီးမှုများလော ဟူသည်ကို ခွဲခြားရန်
မလွယ်ကူခြင်းပင် ဖြစ်သည်။ ‘စာဆိုတော် ဒန္တေ’ သည် ထိုမော်ကွန်းကဗျာရှည်ကြီး၏
အဓိကဇာတ်ကောင် ‘ခရီးသည် ဒန္တေ’ လည်း ဖြစ်နေပြန်သည်။ ပုံမှန်အားဖြင့်
သူရဲကောင်းများနှင့် စစ်သည်တော်များသာ နေရာယူလေ့ရှိသည့် မော်ကွန်းကဗျာ အမျိုးအစားတွင် ဒန္တေသည် မိမိကိုယ်ကို
ဇာတ်လိုက်အဖြစ် ပုံဖော်ခဲ့ခြင်းမှာ အလွန် ရဲတင်းသော ကဗျာဖွဲ့နည်း ဖြစ်သည်။
သို့သော် ရလဒ်မှာမူ မည်သည့် ဝေဖန်ရေးဆရာကမျှ မငြင်းသာအောင် ကောင်းမွန်ခဲ့ခြင်းပင်။
ဒန္တေ၏ ကဗျာနှင့် ပတ်သက်၍ ပညာရှင်များ၏ ဆွေးနွေးငြင်းခုံမှုများသည် ၁၄
ရာစုအစောပိုင်း လက်ရေးမူများ စတင်ပေါ်ထွက်လာစဉ်ကတည်းက ရှိခဲ့သည်။ ဒန္တေနှင့်
ပတ်သက်၍ ရေးသားကြသည့် အစဉ်အလာသည် ထိုအချိန်မှ ယနေ့တိုင် ပြတ်တောက်ခြင်း မရှိခဲ့ဘဲ
ရှိတ်စပီးယား အပါအဝင် အခြားသော အနောက်တိုင်း စာရေးဆရာများနှင့် ယှဉ်လျှင်
ကျယ်ပြန့်မှုနှင့် ရှုပ်ထွေးနက်နဲမှုတို့၌ ပြိုင်ဘက်ကင်းသည်ဟု ဆိုနိုင်သည်။
သို့ရာတွင် ဒန္တေနှင့် ပတ်သက်၍ ကျွန်ုပ်တို့ အများအပြား သိရှိထားရသော်လည်း
(အများစုမှာ ကဗျာထဲမှ အချက်အလက်များဖြစ်သည်) သူ၏ လက်ရာများအနက်
မူရင်းလက်ရေးမူတစ်ခုမျှ ကျန်ရစ်ခဲ့ခြင်း မရှိပေ။ သူ၏ လက်ရာတိုင်းသည်
အလွန်ရှုပ်ထွေးသော လက်ရေးမူဆင့်ပွား သမိုင်းကြောင်းများဖြင့် ဆင်းသက်လာခဲ့ရာ
ယနေ့ခေတ် တည်းဖြတ်သူများ အကြားတွင် မည်သည့်မူက အကောင်းဆုံးဖြစ်သည် သို့မဟုတ်
အချို့သော (နာမည်သိပ်မကြီးသည့်) လက်ရာများသည် ဒန္တေ ကိုယ်တိုင်ရေး ဟုတ်မဟုတ်
စသည်ဖြင့် အကြီးအကျယ် ငြင်းခုံဆွေးနွေးနေကြဆဲ ဖြစ်သည်။
၁၂၆၅
ခုနှစ်၊ မေလ ၁၄ ရက်နှင့် ဇွန်လ ၁၃ ရက်အကြား အီတလီနိုင်ငံ၊ တပ်စကန်ဒေသရှိ ဖလောရင့်စ်မြို့၌
မွေးဖွားခဲ့သော ကလေးငယ်ကို ၁၂၆၆ ခုနှစ်၊ မတ်လ ၂၆ ရက်နေ့တွင် ဆန်ဂျိုဗာနီ ဘုရားကျောင်း၌
‘ဒူရန်တေ အယ်လီဂီယာရီ’ ဟု အမည်ပေး ကင်ပွန်းတပ်ခဲ့ကြပြီး နောင်တွင် ‘ဒန္တေ
အယ်လီဂီယာရီ’ ဟု အမည်တွင်လာသည်။ ဒန္တေ၏ မိဘများဖြစ်သော ဖခင် အယ်လီဂီယာရိုနှင့်
မိခင် ဘဲလာတို့သည် အလွန်အမင်း ချမ်းသာကြွယ်ဝသူများ၊ ထင်ရှားကျော်ကြားသူများ
မဟုတ်ကြသော်လည်း ပြည့်စုံကုံလုံသည့် အနေအထားတွင် ရှိသည်။ ထို့ကြောင့်လည်း ဒန္တေသည်
စီးပွားရေး အဆင့်အတန်းအပေါ် မူတည်၍ ရွေးချယ်သော ဖလောရင့်စ်မြို့၏
သမ္မတနိုင်ငံပုံစံ အစိုးရအဖွဲ့တွင် နောင်တစ်ချိန်၌ ပါဝင်နိုင်ခဲ့ခြင်း ဖြစ်သည်။
သူ၏ “ဘဝသစ်” ကဗျာကျမ်းတွင် ဒန္တေ ကိုယ်တိုင် ဖွင့်ဆိုဝန်ခံချက်အရ သူနှင့် ဘီရာထရစ်
ပေါ်တီနာရီတို့ အသက် ရှစ်နှစ်အရွယ်တွင် ပထမဆုံး စတင်တွေ့ဆုံခဲ့ကြပြီး ကိုးနှစ်အကြာ
၁၂၈၃ ခုနှစ်တွင် ထပ်မံတွေ့ဆုံခဲ့သည်ဟု ဆိုသည်။ ဤတွေ့ဆုံမှုသည် ဒန္တေ၏ ကဗျာနှင့်
ဉာဏ်ပညာ ဖွံ့ဖြိုးတိုးတက်မှုအတွက် အဆုံးအဖြတ်ပေးသော အခိုက်အတန့် ဖြစ်ခဲ့သည်။ ဘီရာထရစ်အပေါ်
ထားရှိသော တစ်ဖက်သတ်မေတ္တာ (ဘီရာထရစ်သည် ၁၂၉၀ တွင် ကွယ်လွန်သည်) သည် ဒန္တေကို
ကဗျာစတင်ရေးသားရန် တွန်းအားပေးခဲ့သည်။ ဒန္တေသည် ဂျမ်မာ ဒိုနာတီ ဆိုသူနှင့်
လက်ထပ်ခဲ့ပြီး (လက်ထပ်စာချုပ်မှာ ၁၂၇၇ ခုနှစ် ရက်စွဲဖြင့် ဖြစ်သည်) သားသမီး လေးဦး
ထွန်းကားခဲ့သည်ဟု ယူဆရသည်။
ဒန္တေသည်
ဖလောရင့်စ်မြို့ရှိ ဘာသာရေး အချက်အချာဌာနများဖြစ်သော ဒိုမီနီကန် ဂိုဏ်းဝင်များ၏
ဆန်တာမာရီယာ နိုဗဲလား ဘုရားကျောင်း၊ ဩဂတ်စတင်း ဂိုဏ်းဝင်များ၏ ဆန်တို စပီရီတို ဘုရားကျောင်းနှင့် ဖရန်စစ္စကန်
ဂိုဏ်းဝင်များ၏ ဆန်တာခရော့ချ် ဘုရားကျောင်းတို့မှ ဖွင့်လှစ်သော
စာသင်ကျောင်းများမှတဆင့် ကောင်းမွန်သော ပညာရေးကို သင်ယူခဲ့ရမည်မှာ
အသေအချာပင်ဖြစ်သည်။ သူသည် လက်တင်သဒ္ဒါကို ကျွမ်းကျင်ပိုင်နိုင်စွာ
တတ်မြောက်ခဲ့ပြီး (နောင်တွင် လက်တင်ဘာသာဖြင့် ကျမ်းများစွာ ပြုစုခဲ့သည်)၊ အလယ်ခေတ်
ပညာရေးတွင် အသုံးပြုသော လက်တင် ဂန္ထဝင်စာပေများနှင့် ဟောပြောမှုအတတ်ပညာများကို
ကျယ်ကျယ်ပြန့်ပြန့် ဖတ်ရှုလေ့လာခဲ့ရမည် ဖြစ်သည်။ ထို့အပြင် ကဗျာဆရာ ဘရူနက်တို
လာတီနီ (၁၂၂၀-၁၂၉၅) ၏ ဩဇာလွှမ်းမိုးမှု အောက်တွင်လည်း ရှိခဲ့သည်။ ဆရာဖြစ်သူ
လာတီနီ၏ လမ်းညွှန်မှုဖြင့် အရစ္စတိုတယ်နှင့် စစ်ဆီရိုတို့၏ လက်ရာများကိုသာမက
“နှင်းဆီလင်္ကာ”ကဲ့သို့သော ရှေးဟောင်း ပြင်သစ်စာပေများနှင့် ပရိုဗန်ဆယ် ဒေသသုံး ရှေးဟောင်းကဗျာများကိုပါ
လေ့လာခွင့် ရခဲ့သည်။ ပညာရှင်အချို့က ဒန္တေ၏ လက်ရာ ဟုတ်မဟုတ် ငြင်းခုံနေကြဆဲဖြစ်သော
“ပွင့်သောပန်း” အမည်ရှိ ကဗျာစုစည်းမှုကို ၁၂၈၅ နှင့် ၁၂၉၅ ခုနှစ် ကြားတွင်
ရေးသားခဲ့ခြင်းဖြစ်ပြီး “နှင်းဆီလင်္ကာ” ကို အကျဉ်းချုံးထားသော ဆွန်းနက်ကဗျာပုဒ်ရေ ၂၃၂ ပုဒ် ပါဝင်သည်။
သို့သော်
ဒန္တေ၏ အချစ်ကဗျာများက သူ့ကို သာမန်စာရေးဆရာအဖြစ်သာ ကျန်ရစ်မည့် အဖြစ်ဆိုးမှ
ကယ်တင်ပေးမည့် ဉာဏ်ကြီးရှင် အတွေးတစ်ခုကို ရရှိစေခဲ့သည်။ ဒန္တေသည် ဘီရာထရစ်
အမည်ရှိ မိန်းကလေးအပေါ်ထားရှိသော သူ၏ တစ်ဖက်သတ်မေတ္တာကို ဖွဲ့ဆိုထားသည့်
လွမ်းချင်းကဗျာ ၃၁ ပုဒ်ကို စကားပြေဖြင့် ဘောင်ခတ်၍ တင်ဆက်ရန် စိတ်ကူးရခဲ့သည်။ ၁၂၉၃
ခုနှစ်ဝန်းကျင်တွင် ပြီးစီးခဲ့သော “ဘဝသစ်” ကဗျာသည် ထိုခေတ်က စာဖတ်သူ
နည်းပါးခဲ့ပြီး နောင်တွင် ထွက်ပေါ်လာသည့် မော်ကွန်းကဗျာကြီး၏ ရိပ်မိုးမှုကိုပါ
ခံခဲ့ရသော်လည်း၊ ဒန္တေ၏ ကဗျာနှင့် ဉာဏလမ်းကြောင်းတွင် အခြေခံကျသော
ခြေလှမ်းသစ်တစ်ခု ဖြစ်လာခဲ့သည်။ ကဗျာဆရာ ကိုယ်တိုင်က မိမိ၏ အချစ်ကဗျာများကို
တင်ပြပြီး ထိုကဗျာများအပေါ် ပြန်လည်သုံးသပ်ချက်များ ထည့်သွင်းရေးသားခြင်းသည်
ထူးခြားသော တီထွင်မှုတစ်ခု ဖြစ်သည်။ ၎င်းသည် ရှေးယခင်က ရေးသားခဲ့သည်များကို
ပြန်လည်ဝေဖန်သုံးသပ်သည့် ခေတ်လွန် စာပေသဘောတရားနှင့်ပင် ဆင်တူနေသည်။ “ဘဝသစ်”
ကဗျာသည် မိမိကိုယ်ကို ဝေဖန်သုံးသပ်သော ပုံရိပ်များဖြင့် ပြည့်နှက်နေသည့်
မော်ကွန်းကဗျာကြီးတွင် ဒန္တေက အဓိကဇာတ်ကောင်အဖြစ် ပါဝင်ရန် ဆုံးဖြတ်လိုက်ခြင်း၏
ရှေ့ပြေးနိမိတ် ဖြစ်သည်။ ဤစာအုပ်ငယ်လေးတွင် “အစ္ဆရိယရကန်” ၏ အဓိက သော့ချက်ဖြစ်သော ဇာတ်ကောင်နှင့် ဇာတ်ကြောင်းပြောသူ
ကွဲပြားခြားနားပုံ (လူတစ်ယောက်တည်း ဖြစ်သော်လည်း ရှုထောင့်မတူညီပုံ) ကို
စတင်တွေ့မြင်နိုင်သည်။ ပို၍ အရေးကြီးသည်မှာ “ဘဝသစ်” ကဗျာတွင် ပါဝင်သော ဘီရာထရစ်၏
တော်လှန်ပြောင်းလဲထားသော အခန်းကဏ္ဍဖြစ်သည်။ စကားပြေဖြင့် ရှင်းလင်းချက်များ
ပေါင်းစပ်လိုက်ခြင်းအားဖြင့် ဘီရာထရစ်သည် ကောင်းချီးမင်္ဂလာ၊ ကယ်တင်ခြင်းတို့နှင့်
ဆက်စပ်နေသူအဖြစ် လည်းကောင်း၊ အထူးသဖြင့် နံပါတ်ကိုး (သုံးဂဏန်း၏ နှစ်ထပ်ကိန်း၊
သုံးပါးတစ်ဆူ ခရစ်ယာန်ဘာသာ ၏ သင်္ကေတ) နှင့် ဆက်စပ်နေသူအဖြစ်
လည်းကောင်း ဒန္တေက ပုံဖော်ခဲ့သည်။ သူ (ဘီရာထရစ်)၏ သေဆုံးမှုသည် “ဘဝသစ်” ကဗျာ၏
ဇာတ်ကြောင်းပြောသူကို ပျက်စီးလုနီးပါး ဖြစ်စေခဲ့သော်လည်း
ဝမ်းနည်းပူဆွေးမှုများကြားမှပင် ဒန္တေသည် ဘီရာထရစ်အား ခရစ်တော်၏ သင်္ကေတအဖြစ် “အစ္ဆရိယရကန်”
တွင် မပါဝင်လာမီကပင် သူ၏ ကယ်တင်ရှင် လမ်းပြအဖြစ် အာရုံပြု ကြည်ညိုခဲ့သည်။
ဘီရာထရစ်
အမှန်တကယ် ရှိခဲ့ပါသလား။ ဘီရာထရစ် ပေါ်တီနာရီ အမည်ရှိ အမျိုးသမီး တစ်ဦး
ရှိခဲ့သည်မှာ မှန်ကန်သော်လည်း သူသည် ဒန္တေအပေါ် ဤမျှ လွှမ်းမိုးမှု ရှိခဲ့ပါသလား
သို့မဟုတ် အမျိုးသမီးတစ်ဦး၏ အခန်းကဏ္ဍကို တော်လှန်ပြောင်းလဲရန် ဒန္တေ၏ စိတ်ကူးယဉ်
ဖန်တီးမှု သက်သက်သာဖြစ်သလား ဆိုသည်ကိုကား သက်သေပြရန် ခက်ခဲပါသည်။ ဒန္တေ၏ စကားကိုသာ
အထောက်အထား ပြုရမည်ဖြစ်သည်။ အသက် ရှစ်နှစ်အရွယ် ဒန္တေသည် ဘီရာထရစ်ကို
မြင်တွေ့ပြီးနောက် ကဗျာ အရေးအသားအထွတ်အထိပ်သို့ ရောက်သည်အထိ စွဲလမ်းခဲ့သည်မှာ
ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ၊ ဒန္တေ၏ အဆိုအရ ထိုငယ်ချစ် သံယောဇဉ်သည် သူ၏ ဘဝနှင့်
စိတ်ကူးစိတ်သန်းများကို ပြောင်းလဲပစ်ခဲ့သည်ဟု ဆိုသည်။ ဤသို့ဖြင့် ဒန္တေသည်
အလယ်ခေတ် အချစ်ကဗျာများ၏ ရိုးရာဓလေ့ဖြစ်သော ‘ချီးမွမ်းခြင်း ကဗျာဖွဲ့နည်း’ ကို
အမြင့်ဆုံး အဆင့်သို့ မြှင့်တင်ပေးခဲ့သည်။ အမျိုးသမီးတစ်ဦး၏ အချစ်သည်
အမျိုးသားတစ်ဦးကို နူးညံ့သိမ်မွေ့စေသည်ဟူသော နန်းတွင်းကဗျာ အစဉ်အလာထက် ကျော်လွန်၍
အမျိုးသမီးတစ်ဦး၏ မေတ္တာသည် အမျိုးသားတစ်ဦးကို (သို့မဟုတ် ကဗျာဆရာတစ်ဦးကို)
ဘုရားသခင်ထံသို့ ပို့ဆောင်ပေးနိုင်ကြောင်း ဒန္တေက အတည်ပြုခဲ့သည်။ ဤအချက်သည်
ထိုခေတ်က ဘာသာရေးအရ စော်ကားမှုဟုပင် ယူဆနိုင်သော အနေအထား ဖြစ်သည်။
တချိန်တည်းမှာပင် ၎င်းသည် တေးဆိုကဗျာဆရာများ၏ ရာဂစိတ်ဆန္ဒကို ဖော်ကျူးမှုများမှ
ခွာ၍ ချစ်သူနှင့် အချစ်ခံရသူကြားတွင် နောင်အခါ သန့်ရှင်းစင်ကြယ်သော “ပလေတိုနစ်
အချစ်”ဟု ခေါ်ဝေါ်ကြမည့် ဆက်ဆံရေးမျိုးကို စာပေ၌ ဖန်တီးလိုက်ခြင်းလည်း ဖြစ်သည်။
“ဘဝသစ်”
ကဗျာပြီးစီးချိန်နှင့် ၁၃၀၂ ခုနှစ် ပြည်နှင်ဒဏ်မခံရမီ ကြားကာလ ဆယ်နှစ်ခန့်တွင်
ဒန္တေသည် စာရေးခြင်းနှင့် မြို့ပြအုပ်ချုပ်ရေးတွင် ပါဝင်ခြင်းဟူသော အလုပ်နှစ်ခုကို
ခွဲဝေလုပ်ကိုင်ခဲ့သည်။ ၁၂၈၉ ခုနှစ်တွင် ဒန္တေသည် ဖလောရင့်စ် ဂွက်ဖ်များက အာရက်ဇိုမြို့မှ
ဂီဘီလိုင်းများကို အနိုင်ရခဲ့သည့် ကမ်ပယ်လ်ဒီနို တိုက်ပွဲတွင် မြင်းတပ်သားအဖြစ်
ပါဝင်ခဲ့သည်။ အစဉ်အလာအားဖြင့် ဂွက်ဖ်များသည် ပုပ်ရဟန်းမင်းကြီး ဘက်တော်သားများ
ဖြစ်ကြပြီး ဂီဘီလိုင်းများသည် ရောမအင်ပါယာ ဘက်တော်သားများ ဖြစ်ကြသည်။ သို့သော်
အီတလီ မြို့ပြနိုင်ငံများ၏ ပြင်းထန်ခါးသီးသော ပြိုင်ဆိုင်မှုများက ထိုအခြေအနေကို
ပို၍ ရှုပ်ထွေးစေခဲ့သည်။ မိမိ၏ ရန်သူက ဂွက်ဖ်ဖြစ်လျှင် ကိုယ်က ဂီဘီလိုင်း
ဖြစ်သွားတတ်ပြီး ပြောင်းပြန်လည်း ဖြစ်တတ်သည်။ မိသားစုများနှင့်
ဆွေမျိုးစုများအကြား ပဋိပက္ခများသည် အင်ပါယာနှင့် ပုပ်ရဟန်းမင်းကြီး
အားပြိုင်မှုထက် ပို၍ အရေးပါလေ့ရှိသည်။ ဖလောရင့်စ်သည် အစဉ်အလာအားဖြင့် ဂွက်ဖ်မြို့တော်
ဖြစ်သော်လည်း ဂွက်ဖ်အချင်းချင်း စစ်ခင်းနေသော အုပ်စုများလည်း ကွဲပြားနေပြန်သည်။
‘အမည်းရောင် ဂွက်ဖ်’ ဂိုဏ်းသားများသည် သဘောထားတင်းမာပြီး ပုပ်ရဟန်းမင်းကြီးနှင့်
ရင်းနှီးသော ဆက်ဆံရေးရှိကြသည်။ ဒန္တေ၏ ပါတီဖြစ်သော ‘အဖြူရောင် ဂွက်ဖ်’ ဂိုဏ်းသားများမှာမူ
နိုင်ငံရေးတွင် သဘောထား ပိုမိုပျော့ပျောင်းကြသည်။
၁၃၀၀
ပြည့်နှစ်တွင် ဖလောရင့်စ်မြို့သည် လူဦးရေ တစ်သိန်းခန့် ရှိပြီး ၁၃၄၈ ခုနှစ်
ပလိပ်ကပ်ရောဂါဆိုးကြီး မတိုင်မီတွင် ၁၀ သိန်း ၂ သောင်းခန့်အထိ တိုးတက်လာခဲ့သည်။ ဤ
အီတလီ မြို့ပြနိုင်ငံသည် ဗဟိုကျသော တည်နေရာ၊ တက်ကြွသော သမ္မတနိုင်ငံ
အုပ်ချုပ်ရေးစနစ်နှင့် ကြီးမားသော ကြွယ်ဝချမ်းသာမှုတို့ကြောင့် ထိုခေတ်ကာလ
နိုင်ငံရေးတွင် အလွန် အရေးပါခဲ့သည်။ သိုးမွေး၊ ပိုးထည် နှင့် ချည်ထည်များ ထုတ်လုပ်သော
အထည်အလိပ် လုပ်ငန်းများနှင့် နိုင်ငံတကာ ဘဏ်လုပ်ငန်းများကြောင့်
ကမ္ဘာ့ကုန်သွယ်ရေးတွင် ပင်လယ်ရေကြောင်း အားကောင်းသော ဗင်းနစ်မြို့ကိုပင်
ယှဉ်ပြိုင်နိုင်ခဲ့သည်။ ဖလောရင့်စ် နိုင်ငံရေးသည် ဂီဘီလိုင်းနှင့် ဂွက်ဖ်နှစ်ဖွဲ့ကြား
တိုက်ပွဲများကိုသာမက လူတန်းစား ပဋိပက္ခများကိုပါ ထင်ဟပ်နေသည်။ ဆင်းရဲသား အလုပ်သမား
လူတန်းစားနှင့် အုပ်ချုပ်သူ လူတန်းစားတို့အကြား၊ ထို့ပြင် အုပ်ချုပ်သူ လူတန်းစား
အချင်းချင်းကြား (ရှေးဟောင်း မင်းမျိုးမင်းနွယ်မဟုတ်သော်လည်း အာဏာရှိသော လူကုံထံ
အထက်တန်းစားများနှင့် ဂုဏ်သိက္ခာ နည်းပါးသော်လည်း လူဦးရေများပြားသော ကုန်သည်၊
ရှေ့နေ၊ လက်မှုပညာရှင်၊ ဆိုင်ရှင်များ ပါဝင်သည့် လူလတ်တန်းစားများအကြား)
ပဋိပက္ခများ ရှိနေခဲ့သည်။ မိသားစု၊ ဘာသာရေးနှင့် မိတ်ဆွေဖွဲ့မှုများဖြင့်
ဆက်နွယ်နေသော်လည်း ပဋိပက္ခများကြောင့် အကြမ်းဖက်မှု၊ အဓိကရုဏ်းနှင့် စစ်ပွဲများ
မကြာခဏ ဖြစ်ပွားလေ့ရှိပြီး ရှုံးနိမ့်သူများမှာ ဘဏ္ဍာရေးအရ ဖျက်ဆီးခံရခြင်းနှင့်
ပြည်နှင်ဒဏ် ပေးခံရခြင်းတို့ဖြင့် အဆုံးသတ်လေ့ရှိသည်။ ပြည်တွင်း
ပဋိပက္ခများကြောင့် ပြင်ပ မဟာမိတ်များကို ရှာဖွေလာကြရာမှ ဖလောရင့်စ်၏ အခြေအနေမှာ
ပိုမိုရှုပ်ထွေးလာခဲ့သည်။
၁၄
ရာစုတွင် ဖလောရင် ရွှေဒင်္ဂါး သည် ဥရောပ စီးပွားရေး၏ စံသုံးငွေကြေး ဖြစ်ခဲ့သည်။ ၂၄ ကာရက်ရှိသော
ရွှေစစ်စစ်ဖြင့် ပြုလုပ်ထားသဖြင့် တရားဝင် ငွေကြေးအဖြစ် နေရာအနှံ့ လက်ခံကြသည်။
ဖလောရင့်စ်ဘဏ်များ၏ လျင်မြန်သော ဆက်သွယ်ရေး၊ စာရင်းကိုင်စနစ် တီထွင်မှုနှင့်
ပြည်ပတွင် လည်ပတ်သော လုပ်ငန်းများကြောင့် ဖလောရင့်စ်သည် အလယ်ခေတ် ဝန်ဆောင်မှု
လုပ်ငန်းများ၏ မြို့တော်ဖြစ်လာသည်။ တပ်စကန် ဘဏ်လုပ်ငန်းရှင်များသည် ဥရောပတခွင်မှ
ပုပ်ရဟန်းမင်းကြီး၏ အခွန်ဘဏ္ဍာများကို ကောက်ခံပေးရာမှ ကြီးမားသော အကျိုးအမြတ်များ
ရရှိခဲ့သည်။ ထိုအမြတ်အငွေများဖြင့် ၁၂၅၀ မှ ၁၃၂၀ ခုနှစ်အတွင်း ဖလောရင့်စ်မြို့တွင်
အဆောက်အအုံများ အကြီးအကျယ် ဆောက်လုပ်ခဲ့သည်။ ယနေ့ခေတ် ကမ္ဘာလှည့် ခရီးသည်များ
လာရောက်လည်ပတ်နေကြသော ဘာဂျယ်လို၊ ဆန်တာ ခရော့ချ်နှင့် ဆန်တာ မာရီယာ နိုဗယ်လာ ဘုရားကျောင်းများ၊
ဆန်တာ မာရီယာ ဒယ်ဖီယိုရယ် ဘုရားရှိခိုးကျောင်းကြီး၊ ပါလာဇို ဗက်ခီယိုနန်းတော်နှင့်
နေအိမ်တိုက်တာများသည် ဒန္တေ၏ ခေတ်ကာလတွင် စတင်တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။ ဖလောရင့်စ်သားများသည်
ဥရောပ စီးပွားရေးတွင် နေရာအနှံ့ ကြီးစိုးထားသဖြင့် ပုပ်ရဟန်းမင်းကြီး တစ်ပါးက
သူတို့ကို (ရေ၊ မြေ၊ လေ၊ မီး အပြင်) “ပဉ္စမမြောက် ဓာတ်ကြီး”ဟုပင်
တင်စားခေါ်ဝေါ်ခဲ့သည်။ ဖလောရင့်စ် ဘဏ်လုပ်ငန်းရှင်များသည် နိုင်ငံခြား
ဘုရင်များအတွက် အခွန်ကောက်ခံပေးခြင်း၊ ဥရောပ စစ်ပွဲများတွင် နှစ်ဖက်စလုံးကို
ငွေချေးခြင်းများ ပြုလုပ်ခဲ့သဖြင့် အတိုးကြီးစားသူများအဖြစ် နာမည်ဆိုးဖြင့်
ကျော်ကြားခဲ့သည်။ ၎င်းတို့သည် ရေတပ်တစ်ခုကို ပိုင်ဆိုင်ပြီး တရုတ်နှင့် အိန္ဒိယအထိ
ကုန်သွယ်မှု ပြုခဲ့ကြသည်။ ထိုကြွယ်ဝမှုများဖြင့် ဗိသုကာပညာရှင်များ၊
ပန်းချီဆရာများနှင့် ပန်းပုဆရာများကို ထောက်ပံ့ပေးခဲ့ရာ ဖလောရင့်စ်သည် အနုပညာ
မြို့တော် ဖြစ်လာခဲ့သည်။ ဒန္တေ၊ ပေထရာ့ချ် နှင့် ဘိုကာချီယို တို့ ကွယ်လွန်ချိန်တွင် ၎င်းတို့သည် အီတလီ စာပေကို ဖန်တီးခဲ့ပြီး
ယနေ့ခေတ် အီတလီ ဘာသာစကား ပုံစံကို ချမှတ်ပေးခဲ့သည်။ ရှေးဟောင်း ပြင်သစ်စာ၊
ရှေးဟောင်း အင်္ဂလိပ်စာတို့နှင့် မတူဘဲ၊ ရှေးဟောင်း အီတလီစာသည် “ဖလောရင့်စ်၏
သရဖူသုံးဆူ” ဟု တင်စားခံရသော ဤပုဂ္ဂိုလ်ကြီး သုံးဦးကြောင့် ယနေ့ခေတ် အီတလီစာနှင့်
များစွာ ကွာခြားမှု မရှိတော့ပေ။
ဖလောရင့်စ်မြို့၏
ဘာသာရေး ဘဝသည်လည်း သက်ဝင်လှုပ်ရှားမှု ရှိသည်။ မြို့နေလူထုသည် စက်ရုံ၊
အလုပ်ရုံများနည်းတူ ဘုရားကျောင်းကိစ္စများကိုလည်း စိတ်ဝင်စားကြသည်။ အမှန်စင်စစ်
မြို့၏ အနုပညာ လက်ရာအများစုမှာ ဘာသာရေး အလှူရှင်များကြောင့် ပေါ်ထွန်းလာခြင်း
ဖြစ်သည်။ အလယ်ခေတ် ဖလောရင့်စ်သား တစ်ဦး၏ ဘဝသည် ပုခက်အတွင်းမှ
သင်္ချိုင်းရောက်သည်အထိ ဘာသာရေး ထုံးတမ်းများဖြင့် လည်ပတ်နေသည်။
ဘုန်းတော်ကြီးများနှင့် ဘာသာရေး အသင်းအဖွဲ့များသည် ပညာရေးနှင့် လူမှုရေး
စောင့်ရှောက်မှုများကို အဓိက ထောက်ပံ့ပေးသူများ ဖြစ်ကြသည်။ နောက်ရာစုနှစ်တွင်
အချမ်းသာဆုံး ပုဂ္ဂိုလ်တစ်ဦး ဖြစ်လာမည့် ဖရန်စစ္စကို ဒန္နီတီ သည် သူ၏
စာရင်းစာအုပ်ကို “ဘုရားသခင်နှင့် အကျိုးအမြတ်၏ နာမတော်၌” ဟူသော စကားဖြင့်
စဖွင့်ခဲ့သည်။ စီးပွားဥစ္စာ ကြွယ်ဝလာမှုနှင့်အတူ ကိုယ်ကျင့်တရား ပျက်ပြားလာမှုသည်
ဒန္တေ၏ “နိရယဘုံ” (ငရဲခန်း) ကဗျာတွင် အဓိက အကြောင်းအရာ
တစ်ခု ဖြစ်လာခဲ့သည်။ “လူသစ်” ဟု ဒန္တေ ခေါ်ဝေါ်ခဲ့သော စီးပွားရှာသမားများကြောင့် ဖြစ်ပေါ်လာသည့်
အသင်းတော်နှင့် လူ့အဖွဲ့အစည်း၏ ကိုယ်ကျင့်တရား ပျက်စီးမှုကို ဒန္တေ၏ ရှေးရိုးစွဲ
အမြင်က လက်မခံနိုင်ခဲ့ပေ။ ဒန္တေသည် ပြုပြင်ပြောင်းလဲရေး တရားဟောဆရာများ နည်းတူ
ဒေါသထွက်နေသော ပရောဖက် ဂျာရမိုင်းယားကဲ့သို့ မကောင်းမှုများကို ပြင်းထန်စွာ
ဝေဖန်ခဲ့သည်။ သို့သော် ဖလောရင့်စ်မြို့သည် ၁၃ ရာစုနှင့် ၁၆ ရာစုအကြား အေသင်နှင့်
ရောမမြို့တို့၏ ဂုဏ်ရောင်ကိုပင် ယှဉ်နိုင်သော ယဉ်ကျေးမှုနှင့် စီးပွားရေး
အချက်အချာဌာန ဖြစ်လာခဲ့သည်။
ကုန်သည်များသည်
ပြည်တွင်းပဋိပက္ခများက စီးပွားရေးကို ထိခိုက်စေကြောင်း သဘောပေါက်လာသောအခါ
ပဋိပက္ခလျှော့ချရန် နည်းလမ်းသစ် ရှာဖွေခဲ့ကြသည်။ ၁၂၉၃ ခုနှစ်တွင် ဂွက်ဖ်အဖွဲ့၏
ထောက်ခံမှုဖြင့် “တရားမျှတမှု အမိန့်ပြန်တမ်းများ” ကို ထုတ်ပြန်ကာ ဖွဲ့စည်းပုံ
အခြေခံဥပဒေကို ပြောင်းလဲခဲ့သည်။ ၎င်းအရ မြို့ပြအစိုးရတွင် ပါဝင်လိုသူသည် အဓိက
အသက်မွေးဝမ်းကျောင်း အသင်းအဖွဲ့ တစ်ခုခု၏ အဖွဲ့ဝင် ဖြစ်ရမည်ဟု သတ်မှတ်လိုက်သည်။
အလယ်ခေတ် အသင်းအဖွဲ့ များသည်
ခေတ်သစ် အလုပ်သမား သမဂ္ဂများနှင့် မတူဘဲ ပိုင်ဆိုင်မှုရှိသူများကိုသာ
လက်ခံလေ့ရှိသည်။ ၁၂၉၅ ခုနှစ်တွင် ဒန္တေသည် သမားတော်နှင့်
ဆေးဝါးကျွမ်းကျင်သူများအသင်းသို့ ဝင်ရောက်ခဲ့သည်။ သူသည် မြို့တော်အုပ်ချုပ်ရေးမှူး
ခုနစ်ဦးအနက် တစ်ဦးအဖြစ် နှစ်လကြာ တာဝန်ထမ်းဆောင်ခဲ့သော်လည်း ဤတာဝန်က ဒန္တေအတွက်
ဘေးသင့်စေခဲ့သည်။ ရာထူးရယူလိုက်ခြင်းက သူ့ကို အရေးပါသော ‘အဖြူရောင် ဂွက်ဖ်’
တစ်ဦးအဖြစ် သတ်မှတ်လိုက်သကဲ့သို့ ဖြစ်သွားပြီး၊ ‘အမည်းရောင် ဂွက်ဖ်’ များ
အာဏာသိမ်းသောအခါ ပစ်မှတ်ထားခြင်း ခံခဲ့ရသည်။ ၁၃၀၂ ခုနှစ်တွင် ပုပ်ရဟန်းမင်းကြီးထံ
သွားရောက်သော သံတမန် သုံးဦးအနက် တစ်ဦးအဖြစ် ရောမမြို့၌ ရောက်ရှိနေစဉ် ဒန္တေသည်
ပြည်နှင်ဒဏ် ပေးခံရပြီး၊ ဖလောရင့်စ်မြေကို ပြန်နင်းပါက သေဒဏ်ပေးမည်ဟု
အမိန့်ချမှတ်ခံခဲ့ရသည်။
ဒန္တေ၏
ပြည်နှင်ဒဏ်သည် ၁၃၂၁ ခုနှစ်တွင် ငှက်ဖျားရောဂါဖြင့် ကွယ်လွန်သည်အထိ
ကြာမြင့်ခဲ့သည်။ သူသည် ဗီရိုနာမြို့စား ကန်ဂရန်ဒီ ဒယ်လာစကာလာ ၏ စောင့်ရှောက်မှုကို
ခံယူပြီးနောက် ရာဗင်နာမြို့စား ဂွီဒို နိုဗယ်လို ၏ လက်အောက်တွင် ခိုလှုံရင်း
ကွယ်လွန်ခဲ့သည်။ သူသည် ပြည်နှင်ဒဏ် ခံနေရစဉ် ကာလများအတွင်း “အစ္ဆရိယရကန်” ကို ရေးသားခဲ့သည်။ သူ၏ ရုပ်အလောင်းကို
ဖလောရင့်စ်မြို့တွင် မဟုတ်ဘဲ ရာဗင်နာမြို့၌သာ မြှုပ်နှံထားပြီး ယနေ့တိုင်
ရှိနေဆဲဖြစ်သည်။ “အစ္ဆရိယရကန်” သည် ဖလောရင့်စ်မြို့ပြင်ပတွင် ရေးသားခဲ့သော်လည်း ဖလောရင့်စ်နှင့်
တပ်စကန် ဒေသ၏ ဝိသေသလက္ခဏာများ ထင်ဟပ်နေသည်။ ကဗျာသည် ထိုခေတ် အီတလီ၏ နိုင်ငံရေး
ပဋိပက္ခများကို ရောင်ပြန်ဟပ်နေပြီး ဒန္တေ အနေဖြင့် သူ၏ နိုင်ငံရေး ရန်သူများကို
ကလဲ့စားချေရန် အခွင့်အရေး ရရှိခဲ့သည်။ နိရယဘုံ ထဲမှ အမှတ်ရစရာ အကောင်းဆုံး
ဇာတ်ကောင်များသည် ၁၄ ရာစု ဖလောရင့်စ်မြို့၏ နိုင်ငံရေး ပဋိပက္ခများထဲမှ သမိုင်းဝင်
လူပုဂ္ဂိုလ်များ ဖြစ်ကြသည်။ ဒန္တေသည် သူ၏ ဒေါသ သို့မဟုတ် လေးစားမှုတို့ကို
အရင်းခံကာ သမိုင်းမှ လူပုဂ္ဂိုလ်များကို (ဒန္တေ ဖန်တီးထားသော ငရဲတွင်
ကျရောက်နေသူများ ဖြစ်စေကာမူ) စာပေကမ္ဘာ၏ အဓိက ဇာတ်ကောင်ကြီးများ အဖြစ်သို့
ပြောင်းလဲ ပုံဖော်ပေးခဲ့လေသည်။
အစ္ဆရိယရကန် အကြောင်း အကျဉ်းချုပ်
ဤကဗျာရှည်ကြီး
အတွင်း၌ ဒန္တေ သည် သူ၏ ဖန်တီးမှုလက်ရာကို “ရကန်” (ဟာသကဗျာ) ဟုသာ ရိုးရှင်းစွာ
ရည်ညွှန်းလေ့ရှိသည်။ နောက်ပိုင်း ၁၆ ရာစု၊ ရီနေးဆွန်းခေတ် ဗင်းနစ်မြို့တွင်
ပုံနှိပ်ထုတ်ဝေသော လက်ရေးမူတစ်ခု၌ ခေါင်းစဉ်တွင် “အစ္ဆရိယ” (မွန်မြတ်သော) ဟူသည့်
နာမဝိသေသနကို ထပ်မံဖြည့်စွက်ခဲ့ရာ ထိုအချိန်မှစ၍ ယနေ့တိုင် အမည်တွင်လာခဲ့သည်။
ဤကဗျာရှည်ကြီးသည် ဟုမ္မာ၏ အိလျဒ်နှင့် သြဒစ္ဆေတို့ဖြင့် အနောက်တိုင်းစာပေတွင်
အစပြုခဲ့သော မော်ကွန်းကဗျာ အစဉ်အလာမှ ဖွဲ့စည်းပုံနှင့် အကြောင်းအရာ အများအပြားကို
ရယူထားသည်။ ဒန္တေသည် ဂရိဘာသာစကားကို နားမလည်သောကြောင့် ဟုမ္မာ၏ လက်ရာများကို
မဖတ်ရှုနိုင်ခဲ့ပေ။ သို့သော် ဗာဂျယ်လ် ၏ လက်တင် မော်ကွန်းကဗျာ “အက်ဏီးယပ်စ်” ကို ဒန္တေလောက် နှံ့စပ်သူ ရှားပါးလှသည်။ ဒန္တေသည် ဟုမ္မာ၏
သင်ခန်းစာများကို ဗာဂျယ်လ်၏ ကဗျာမှတဆင့် သွယ်ဝိုက်၍ လေ့လာသင်ယူခဲ့သည်။
ရောမမြို့တည်ခြင်းကို ဂုဏ်ပြုဖွဲ့ဆိုရာတွင် ဗာဂျယ်လ်က သူ၏ လက်တင်အင်ပါယာ
မြို့တော်သည် တချိန်ချိန်တွင် ခရစ်ယာန်ဘာသာ၏ မြို့တော် ဖြစ်လာလိမ့်မည်
ဟူ၍သော်လည်းကောင်း၊ လက်တင်လူမျိုးများသည် ခရစ်ယာန်ဘာသာဝင်များ ဖြစ်လာလိမ့်မည်
ဟူ၍သော်လည်းကောင်း ကြိုတင်မခန့်မှန်းနိုင်ခဲ့ပေ။ ရောမသမ္မတနိုင်ငံနှင့် အင်ပါယာ၏
ဆက်နွယ်မှု၊ တဖက်တွင်လည်း ခရစ်ယာန်ဘာသာ ထွန်းကားလာမှုနှင့် ရောမတို့၏
ဆက်နွယ်မှုများသည် ဒန္တေက ရောမမြို့အကြောင်း စဉ်းစားတိုင်း သူ၏ အတွေးထဲတွင်
အမြဲရှိနေခဲ့သည်။
ဗာဂျယ်လ်၏
လက်တင်ကဗျာသည် “အစ္ဆရိယရကန်”ကို ဖြစ်ပေါ်စေမည့် အတွေးအခေါ်များကို ပုံဖော်ရာတွင်
အရေးပါဆုံးသော လက်ရာတစ်ခု ဖြစ်လာခဲ့သည်။ ဒန္တေသည် ယနေ့ခေတ်တွင် လူသိနည်းသော အခြား
လက်တင် မော်ကွန်းကဗျာများကိုလည်း ဂရုတစိုက် ဖတ်ရှုခဲ့သည်။ ထိုစာအုပ်များထဲမှ
တစ်ခုမှာ ရောမ ပြည်တွင်းစစ်အကြောင်း ရေးဖွဲ့ထားပြီး ကြောက်မက်ဖွယ်
သတ္တဝါဆန်းများနှင့် အံ့ဖွယ်မြင်ကွင်းများ ပါဝင်သည့် လူကန် ၏ “ဖာဆာလီယာပြည်တွင်းစစ်ပွဲ” ဖြစ်သည်။ သူသည် စတာတီယပ် ၏ လက်တင်
မော်ကွန်းကဗျာ နှစ်ပုဒ်ကိုလည်း နှစ်သက်သည်။ ၎င်းတို့မှာ ထရိုဂျန်စစ်ပွဲ အတွင်းမှ
အာခီးလိစ် အကြောင်း ရေးဖွဲ့ထားပြီး မပြီးပြတ်သေးသော “အာခီးလိယဒ်” နှင့် သီးဘီးစ်မြို့မှ အီးဒီးပပ်စ်၏
သားများ အာဏာလုပွဲအကြောင်း ရေးဖွဲ့ထားသည့် ပို၍ အရေးပါသော “သီးဘဒ်” ကဗျာတို့ ဖြစ်ကြသည်။ အိုဗစ်၏ “အသွင်ပြောင်းလဲခြင်း” ကျမ်းသည် ဒန္တေအတွက် ဂန္ထဝင်
ဒဏ္ဍာရီဆိုင်ရာ ကဗျာများကို လေ့လာရာတွင် ဩဇာအကြီးမားဆုံးသော ရင်းမြစ် ဖြစ်ခဲ့သည်။
သို့သော်
စာရေးသူ ကိုယ်တိုင်က မော်ကွန်းကဗျာ၏ အဓိက ဇာတ်ကောင်ဖြစ်နေသည့် “အစ္ဆရိယရကန်” ၏ ဖွဲ့စည်းပုံမျိုးသည် ရှေးဟောင်း
ဂန္ထဝင်စာပေများတွင် မရှိခဲ့ဖူးပေ။ ဤဇာတ်ကောင်သည် စစ်သည်တော် သို့မဟုတ်
မြို့တည်ထောင်သူ မဟုတ်ဘဲ သာမန်လူသားတစ်ဦးသာ ဖြစ်သည်။ ဟုမ္မာ သို့မဟုတ် ဗာဂျယ်လ်တို့သည်
၎င်းတို့၏ မော်ကွန်းကဗျာများတွင် မိမိတို့ကိုယ်ကို သူရဲကောင်းအဖြစ် ထည့်သွင်းရန်
အိပ်မက်ပင် မက်ခဲ့ဖူးမည် မဟုတ်ပေ။ ‘စာဆိုတော် ဒန္တေ’ ၏ ကဗျာထဲမှ ‘ခရီးသွား ဒန္တေ’ သည်
လူသားတိုင်း ဖြတ်သန်းသွားလာရမည်ဟု ကဗျာဆရာ ယုံကြည်ထားသော ခရီးစဉ်တစ်ခုကို
လျှောက်လှမ်းခဲ့သည်။ “အစ္ဆရိယရကန်” တွင် ဂန္ထဝင် မော်ကွန်းကဗျာ အင်္ဂါရပ်များဖြစ်သည့် အနုပညာကိုစောင့်ကြပ်သည့်
မျု့စ်နတ်သမီးများကို ပင့်ဖိတ်ခြင်း၊ ခမ်းနားသော ဥပမာပေးဖွဲ့ဆိုမှုများ၊
ဘုရားများထံမှ စေလွှတ်သော တမန်တော်များ၊ မြင့်မြတ်သော ကဗျာစာသားများ၊ ရှေးဟောင်း
ဂရိနှင့် ရောမ စာပေဒဏ္ဍာရီများမှ သတ္တဝါဆန်းများ ပါဝင်နေသော်လည်း ဤကဗျာကြီး၏
အခြေခံအုတ်မြစ်မှာ ဘာသာရေး သက်သက်သာ ဖြစ်သည်။ ၎င်းသည် ခရစ်ယာန်
မော်ကွန်းကဗျာတစ်ပုဒ် ဖြစ်ပြီး ပို၍ တိကျစွာ ဆိုရလျှင် ကက်သလစ် မော်ကွန်းကဗျာ တစ်ပုဒ် ဖြစ်သည်။
အနောက်တိုင်း
စာပေသမိုင်းတွင် ပထမဆုံးအကြိမ် အနေဖြင့် မော်ကွန်းကဗျာ တစ်ပုဒ်၏ တန်ဖိုးများနှင့်
စံနမူနာများသည် အလယ်ခေတ်က နားလည်လက်ခံထားသော ခရစ်ယာန်ဘာသာ၏ အခြေခံ သဘောတရားများမှ
ဆင်းသက်လာခြင်း ဖြစ်သည်။ ၎င်းသည် ထိုခေတ်က ကြီးစိုးခဲ့သော စိန့်သောမတ်စ် အာကီးနပ်စ်၏
ဓမ္မဗေဒမှတဆင့် ကြားခံဖော်ပြသော ကက်သလစ်ဝါဒ ဖြစ်သကဲ့သို့ စိန့်ဩဂတ်စတင်း ၊
စိန့်ဖရန်စစ် ၊ စိန့်ဘန်နီဒစ် ၊ စိန့်ဒိုမီနစ် ၊ စိန့်ဘာနာ့ဒ် နှင့်
စိန့်ဘိုနာဗန်ချာ စသော ပုဂ္ဂိုလ်များ၏ စာပေများ၊ ဟောကြားချက်များနှင့်
စံနမူနာများလည်း ပါဝင်သည်။ စစ်ဆီရို ၊ ဘိုသီးယပ်စ် နှင့် အရစ္စတိုတယ်တို့၏
ရှေးဟောင်း ဒဿနပညာရပ်များသည် ခရစ်ယာန် အမြင်ဖြင့် စစ်ထုတ်ထားသော အတွေးအခေါ်များ
ဖြစ်ကြသည်။ ထို့အတူ ကမ္ဘာမြေကို ဗဟိုပြုထားသော တော်လမီ ၏ စကြဝဠာ ပုံစံနှင့် လက်တင်ဘာသာဖြင့် ရေးသားထားသော ပညာရှင်များ၏ ဖွင့်ဆိုချက်များ သို့မဟုတ်
ဂရိကျမ်းများကို အာရပ်တို့က ဖွင့်ဆိုထားသည်ကို လက်တင်ဘာသာသို့ ပြန်ဆိုထားသည့်
ကျမ်းများအပေါ် အခြေခံထားသော ဂန္ထဝင် ဟောပြောမှုအတတ်ပညာများသည်လည်း ဤကဗျာတွင်
ပါဝင်နေသည်။
ဥရောပနည်းတူ
အီတလီတွင်လည်း အလယ်ခေတ်၏ အရေးအပါဆုံးသော ဒဿနပညာရှင်မှာ အရစ္စတိုတယ်ဖြစ်ပြီး ဒန္တေက
သူ့ကို (နိရယဘုံ အခန်း ၄၊ လင်္ကာပိုဒ် ၁၃တွင်) “သိမြင်သူတို့၏ ဆရာသခင်” ဟု
တင်စားခေါ်ဝေါ်ခဲ့သည်။ ဒန္တေ မွေးဖွားချိန်၌ အရစ္စတိုတယ်၏ လက်ရာ ၅၀ ကျော်ကို
လက်တင်ဘာသာသို့ ပြန်ဆိုပြီးဖြစ်သည်။ သို့သော် ထိုလက်ရာများကို ပညာရှင်များ၏
ရှင်းလင်းချက် သို့မဟုတ် အာရပ်
ဖွင့်ဆိုရှင်းလင်းချက်များနှင့် တွဲဖက်၍ ဖတ်ရှုလေ့ရှိသည်။ ဒန္တေ၏ ခေတ်ကာလတွင်
ပလေတိုကိုမူ “တီမေးယပ်စ်” ကျမ်း၏ မပြည့်မစုံ လက်တင်ဘာသာပြန်မှ လွဲ၍ မည်သူမျှ ကောင်းစွာ
မသိရှိကြပေ။ ၁၅ ရာစု ဖလောရင့်စ်မြို့မှ မဲဒီချီမိသားစုက ပလေတို၏ လက်ရာအားလုံးကို
လက်တင်ဘာသာသို့ ပြန်ဆိုထုတ်ဝေရန် ကူညီထောက်ပံ့ပေးသော အချိန်ရောက်မှသာ ပလေတိုသည်
အရစ္စတိုတယ်၏ ပြိုင်ဘက်အဖြစ် ထွက်ပေါ်လာခဲ့သည်။
ခရစ်ယာန်
ဒဿနနှင့် ဓမ္မဗေဒ အသိပညာ ကြွယ်ဝမှုအပြင် ဒန္တေသည် ထိုခေတ်ကာလ အနေအထားနှင့်
ယှဉ်လျှင် သမ္မာကျမ်းစာ နှံ့စပ်မှု၌လည်း အလွန် ကျယ်ပြန့်သည်။ ထိုခေတ်က ကက်သလစ်
ဘာသာဝင် အများစုသည် ကျမ်းစာကို တရားဟောကြားချက်များထဲတွင် ကိုးကားပြောဆိုမှသာ
ကြားဖူးကြခြင်း သို့မဟုတ် ဝတ်ပြုဆုတောင်းပွဲများတွင် အသံကျယ်ကျယ် ဖတ်ပြသည်ကိုသာ
နားထောင်ရလေ့ရှိသည်။ သို့မဟုတ် ဘုရားကျောင်းများရှိ နံရံဆေးရေးပန်းချီများနှင့် ပလ္လင်နောက်ခံ
ပန်းချီကားများတွင် သရုပ်ဖော်ထားသည်ကိုသာ မြင်ဖူးကြသည်။ လူတိုင်း မိမိဘာသာ
ယဇ်ပုရောဟိတ် လုပ်နိုင်သည်ဟု ပြုပြင်ပြောင်းလဲရေးဝါဒက မကြေညာမီ ရာစုနှစ်များစွာ
အလိုက သာမန်လူတန်းစားများ ကျမ်းစာဖတ်ရှုခြင်းမှာ အလွန်ရှားပါးသည်။ ဒန္တေသည်
ထိုအလေ့အထမှ ကွဲထွက်နေသော ခြွင်းချက်တစ်ခု ဖြစ်ပြီး သူဖတ်ရှုခဲ့မည့်
သမ္မာကျမ်းစာမှာ စိန့်ဂျရုမ်း ၏ လက်တင် ဗားလ်ဂိတ် ကျမ်းမူကွဲ တစ်ခုခု ဖြစ်ပေလိမ့်မည်။ “အစ္ဆရိယရကန်” တွင် ဒန္တေသည် သမ္မာကျမ်းစာမှ
ကိုးကားချက် ပေါင်း ၆၀၀ နီးပါးကို ထည့်သွင်းထားပြီး၊ အရစ္စတိုတယ်ထံမှ ၄၀၀
နီးပါးနှင့် ဗာဂျယ်လ်ထံမှ ၂၀၀ နီးပါး ကိုးကားထားသည်။ စိတ်ဝင်စားဖွယ် ကောင်းသည်မှာ
ဂန္ထဝင်စာပေမှ ကိုးကားချက်များနှင့် ကျမ်းစာမှ ကိုးကားချက် အရေအတွက်မှာ တူညီလုနီးပါး
ဖြစ်နေခြင်း ဖြစ်သည်။ ၎င်းသည် သူ၏ ကဗျာထဲတွင် ဂန္ထဝင်နှင့် ခရစ်ယာန် အစဉ်အလာ
နှစ်ခုကို ပေါင်းစပ်ရန် ဒန္တေ၏ သိစိတ်ဖြင့် ရည်ရွယ်ချက်ရှိရှိ ဆန္ဒပြုမှုကို
သက်သေထူနေသည်။
ဒန္တေ၏
မော်ကွန်းကဗျာကြီး၏ အဓိက အကြောင်းအရာမှာ ကွယ်လွန်ပြီးနောက် ဝိညာဉ်များ၏ အခြေအနေ
ဖြစ်သည်။ ထို့ကြောင့် ကဗျာတစ်ခုလုံးကို အပိုင်းကြီး သုံးပိုင်း ခွဲခြားထားပြီး
အပိုင်း တစ်ခုစီသည် ခရစ်ယာန်တို့ ယုံကြည်သော သေပြီးနောက် ဘဝ ဖြစ်နိုင်ချေ
သုံးခုနှင့် သက်ဆိုင်နေသည်။ နိရယဘုံ အခန်း ၂၀ တွင် ဒန္တေသည် ငရဲဘုံအကြောင်း
ဖွဲ့ဆိုထားသော အပိုင်းကို “ပထမသီချင်း” ဟု ရည်ညွှန်းထားသည်။ အီတာလျံစကားဖြင့် “ကန်ဇိုနီ” ဆိုသည်မှာ ယေဘုယျ သဘောအရ “သီချင်း” ဟု
အဓိပ္ပာယ်ရသော်လည်း တိကျသော ကဗျာအမျိုးအစား တစ်ခုကိုလည်း ရည်ညွှန်းနိုင်သည်။
၎င်းသည် ရှည်လျားသော ဖွဲ့စည်းပုံရှိပြီး စာပိုဒ်ရေ အတော်များများ ပါဝင်ကာ
နိဂုံးချုပ် စာပိုဒ်တို တစ်ခု ပါရှိသည့် ရတု ကဗျာအမျိုးအစားနှင့် ဆင်တူသည်။ ဒန္တေသည်
အီတလီ “ကန်ဇိုနီ” ပုံစံ၏
ကြွယ်ဝသော ကဗျာဖွဲ့နည်း အလားအလာများကို တန်ဖိုးထားသည်။ ပါပဝိသောဓနဘုံ (ဝိညာဉ်သန့်ရာဘုံ)၏
အဆုံး အခန်း ၃၄၊ လင်္ကာပိုဒ် ၁၄၀ တွင် သူသည် ကဗျာ၏ အပိုင်းကြီး သုံးပိုင်းကို
ရည်ညွှန်းရန်အတွက် ပို၍ အဓိပ္ပာယ်ပြည့်ဝသော “ကန်တီကယ်”
(ဘုရားသခင်ကျေးဇူးချီးမွမ်းသည့် သီချင်း) ဟူသည့် ဝေါဟာရကို သုံးစွဲခဲ့သည်။ သူ၏
မော်ကွန်းကဗျာကို “ကန်ဇိုနီ” ဟု ခေါ်ဆိုခြင်းက ဒန္တေ၏ လောကီဆန်သော အချစ်ကဗျာနှင့်
ကိုယ်ကျင့်တရားဆိုင်ရာ လွမ်းချင်းကဗျာ ရေးဖွဲ့ခဲ့သည့် ဇာစ်မြစ်ကို
ပြန်ပြောင်းသတိရစေသည်။ “ကန်တီကယ်” ဟု ခေါ်ဆိုခြင်းကမူ ဤဝေါဟာရသည် သမ္မာကျမ်းစာလာ (ဗားလ်ဂိတ် ကျမ်းလာ ဆော်လမွန်သီချင်း) ကို အမှတ်ရစေသဖြင့် ကဗျာတွင် ပါဝင်သော အကြောင်းအရာ၏ ဘာသာရေး
သဘောသဘာဝကို သတိပေးနေသည်။ ဒန္တေ အသုံးပြုသော ဤဝေါဟာရ နှစ်ခုသည် သူ၏ ကဗျာရှည်ကြီး
အတွင်း၌ လွန်စွာ ကွာခြားသော စာပေနှင့် ဒဿန အစဉ်အလာများကို ပေါင်းစပ်ရန်
ရည်ရွယ်ချက်ကို ထင်ဟပ်စေသည်။ တနည်းအားဖြင့် “ဘဝသစ်” ကဗျာမှ လောကီဆန်သော
အချစ်ကဗျာများ၊ နန်းတွင်းအချစ်အစဉ်အလာများနှင့် သမ္မာကျမ်းစာထဲမှ အကြီးမြတ်ဆုံးသော
လွမ်းချင်းကဗျာများကို ပေါင်းစပ်ထားခြင်း ဖြစ်သည်။
ဒန္တေသည်
သူ၏ မော်ကွန်းကဗျာ အပိုင်းကြီး သုံးပိုင်း (ဤ "သုံး" ဂဏန်းသည်
သုံးပါးတစ်ဆူဝါဒ ကို
ညွှန်းဆိုသည်) ကို ခေါ်ဝေါ်သော ဝေါဟာရများအပြင်၊ ကန်တီကယ် သုံးခု၏ အပိုင်းခွဲ ၁၀၀ ကို ခေါ်ဝေါ်ရန်အတွက် “ကန်တို” ဟူသော
ဝေါဟာရကို အသုံးပြုထားသည်။ ကန်တို သည် အီတလျံဘာသာစကားဖြင့် ကဗျာ၊ သီချင်းနှင့်
သီဆိုခြင်း ဟု အဓိပ္ပာယ်ရသည်။ ကဗျာတွင် ပါဝင်သော ကန်တို (သီချင်း၏ အခန်း) များကို
အောက်ပါအတိုင်း ခွဲခြားထားသည်။ နိရယဘုံတွင် ၃၄ ပုဒ်၊ ပါပဝိသောဓနဘုံနှင့်
ပါရာဒိသုဘုံတို့တွင် ၃၃ ပုဒ်စီ ပါဝင်သည်။ ဒန္တေသည် နိရယဘုံ ၏ ပထမဆုံး ကန်တို
(အခန်း) ကို ဤလက်ရာတစ်ခုလုံးအတွက် နိဒါန်းအဖြစ်
သတ်မှတ်ထားသည်မှာ ထင်ရှားသည်။ ထို့ကြောင့် ကဗျာ၏ ဂဏန်းသင်္ချာ ဖွဲ့စည်းပုံမှာ ၁ +
၃၃ (နိရယဘုံ) + ၃၃ (ပါပဝိသောဓနဘုံ) + ၃၃ (ပါရာဒိသုဘုံ) = ၁၀၀ ဖြစ်သည်ဟု ဆိုနိုင်သည်။ ဒန္တေ၏
သင်္ကေတ ဂဏန်းများအပေါ် စွဲလမ်းနှစ်သက်မှုကို ထောက်ရှုလျှင် ဤကဲ့သို့
စီစဉ်ဖွဲ့စည်းမှုသည် ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်ထားခြင်း ဖြစ်သည်မှာ သေချာသည်။
ဒန္တေ၏
ကဗျာတွင် “တာဇာရီမာ” ကာရန်စနစ်ဖြင့်
ရေးစပ်ထားသော ၁၁ လုံးစပ် ကဗျာစာကြောင်းရေ ၁၄,၂၃၃ ပါဝင်သည်။ ကန်တို (အခန်း) တစ်ခုစီ၏ အရှည်မှာ စာကြောင်းရေ ၁၁၅ မှ ၁၆၀ ကြား ရှိတတ်သည်။ ၁၁
လုံးစပ် ကဗျာဖွဲ့နည်းသည် ဒန္တေ၏ မြင့်မြတ်သော စံနမူနာကို လိုက်၍ အီတလီ
စာပေလောကတွင် အဆင့်မြင့်မားသော ကဗျာဖွဲ့နည်း ဖြစ်လာခဲ့သည်။ ၎င်းသည် ရှိတ်စပီးယား၏
ပြိုင်ဘက်ကင်းသော ၁၀ လုံးစပ် ကာရန်မဲ့ကဗျာသည် အင်္ဂလိပ်ကဗျာရေးဖွဲ့နည်းတွင်
နေရာတစ်နေရာ ရယူထားသကဲ့သို့ ဖြစ်သည်။ ယေဘုယျအားဖြင့် လောင်းဖဲလိုး
၏ ဘာသာပြန်ကဲ့သို့သော အောင်မြင်သည့် ဒန္တေ၏ အင်္ဂလိပ်ဘာသာပြန်
လက်ရာများသည် ကာရန်ညီကဗျာထက် ကာရန်မဲ့ကဗျာဖြင့်သာ ရေးဖွဲ့လေ့ရှိကြသည်။
အီတလီကဗျာကို အသံဖိမှုဖြင့် မတိုင်းတာဘဲ စာကြောင်းတစ်ကြောင်းတွင် ပါဝင်သော အသံထွက်
(ဝဏ္ဏ)အရေအတွက်ဖြင့် တိုင်းတာသည်။ အီတလီ ဝေါဟာရ အများစုသည် နောက်ဆုံးစာလုံး၏
ရှေ့အလုံးတွင် အသံဖိလေ့ ရှိသောကြောင့် ၁၁ လုံးစပ် ကဗျာတွင် ၁၀ လုံးမြောက် အသံထွက်၌
အသံဖိမှု ရှိလေ့ရှိသည်။ သို့သော် ၁၀ လုံးစပ် သို့မဟုတ် ၁၂ လုံးစပ်
စာကြောင်းများလည်း ကဗျာတွင် ရံဖန်ရံခါ ပါဝင်တတ်ပြီး အသံဖိမှု စည်းမျဉ်းကို
လိုက်နာကြသည်။ ၁၀ လုံးစပ်တွင် ၁၀ လုံးမြောက် (နောက်ဆုံးလုံး) ၌ အသံဖိပြီး၊ ၁၂
လုံးစပ်တွင် ၁၀ လုံးမြောက်၌ အသံဖိသည်။
ဒန္တေ၏
ကြီးကျယ်သော ကာရန်စနစ် တီထွင်မှုမှာ “တာဇာရီမာ” ဖြစ်သည်။ ဤ ပြိုင်ဘက်ကင်းသော ဇာတ်ကြောင်းပြော ကဗျာပုံစံတွင်
စာကြောင်း သုံးကြောင်းပါသော အပိုဒ်များပါရှိသည်။ ပထမစာကြောင်းနှင့်
တတိယစာကြောင်းတို့ ကာရန်ညီပြီး၊ ဒုတိယစာကြောင်းသည် နောက်ထပ် အပိုဒ်သစ်၏ ပထမနှင့်
တတိယစာကြောင်းတို့နှင့် ကာရန်ညီသည်။ တာဇာရီမာ ၏ ပုံသေနည်းမှာ aba bcb cdc
d... wxw xyx yzy z ဟူ၍ ဖြစ်သည်။ ကန်တို (အခန်း) တစ်ခုစီသည်
တစ်လှည့်စီ ကာရန်ယူသော စာကြောင်းစုံတွဲဖြင့် စတင်ပြီး
စာကြောင်းတစ်ကြောင်းတည်းဖြင့် အဆုံးသတ်သည်ကို သတိပြုပါ။ ကဗျာစာကြောင်း အဆုံးသတ်ရှိ
ကာရန်များကို အဓိကထားသောကြောင့် ဤကာရန်စနစ်သည် စာကြောင်းခွ၍ အဓိပ္ပာယ်ဆက်ခြင်းကို
နည်းပါးစေသည်။ အင်္ဂလိပ်ဘာသာစကားသည် အီတလီနှင့် ယှဉ်လျှင် ကာရန်ညီသော စကားလုံး
နည်းပါးသဖြင့် ဒန္တေ၏ တာဇာရီမာ ကို အင်္ဂလိပ်ဘာသာပြန်များတွင် လိုက်နာရန်
ကြိုးပမ်းမှု အများစုသည် ဆိုးရွားစွာ ကျရှုံးခဲ့ရသည်။ သုံးကြောင်းတစ်ပါဒ်
အစဉ်လိုက် ထပ်ကျော့နေသော ကာရန်စနစ်သည် သုံးပါးတစ်ဆူ ဘုရားသခင်ကို ရည်ညွှန်းနေသည်မှာ ထင်ရှားသည်။ သို့သော်
သိပ်မထင်ရှားလှသော ဒန္တေ၏ အခြားရည်ရွယ်ချက် တစ်ခုမှာ တာဇာရီမာ စနစ်သည် သူ၏ လက်ရေးမူများကို
စာကူးချသူများ၏ (မတော်တဆ ဖြစ်စေ၊ တမင်သက်သက် ဖြစ်စေ) ပြင်ဆင်ရေးသားခြင်းများ နှင့်
ပုံနှိပ်စက်ပေါ်ပြီးနောက် စာဖတ်သူများ၏ ပြင်ဆင်ခြင်းများမှ အကာအကွယ် ပေးနိုင်ရန်
ဖြစ်သည်။ ကျွန်ုပ်တို့ထံတွင် အစ္ဆရိယရကန်၏ မူရင်းလက်ရေးမူ မရှိသော်လည်း ရာစုနှစ်
ခြောက်ခု ကြာပြီးသည့်တိုင် ယနေ့အထိ ဖတ်ရှုနေကြသော ဒန္တေ၏ ကဗျာစာသားများသည် သူ
တီထွင်ခဲ့သော ကာရန်စနစ်ကြောင့် သူ မူလရေးသားခဲ့သည့် အတိုင်း တိကျမှန်ကန်သော
ပုံစံဖြင့် ကျန်ရှိနေပေသည်။
(ပီတာ
ဘွန်ဒန်နယ်လာ၊ ဘန်းစ်အန်နိုဘယ်စာပေတိုက် ၂၀၀၃ ထုတ်မှ ကောက်နုတ်တင်ပြပါသည်။)
- Get link
- X
- Other Apps
Comments
Post a Comment