ဘာသာရေးနှင့် သိပ္ပံပညာ စာအုပ် စတင် ဖြန့်ချိပါပြီ
အီတလီပြည်အတွက်
ကယ်တင်ရှင်
"ထိုသားရဲမဟာ သတ္တဝါများစွာနှင့်
မိတ်လိုက်ပေါင်းသင်းလေ့ရှိပြီး သူ့ကို နာကျင်စွာ သေဆုံးစေမည့် 'မုဆိုးခွေးအာဇာနည်' ပေါ်ထွန်းမလာမချင်း နောင်တွင်လည်း
ဆက်လက်၍ ကျူးလွန်နေဦးမှာ ဖြစ်တယ်။ ထိုအာဇာနည်ဟာ မြေယာနှင့် ဥစ္စာဓနအပေါ် မှီခို တက်မက်သူမဟုတ်ဘဲ၊ ဉာဏ်ပညာ၊ မေတ္တာနှင့်
သီလတရားတို့၌သာ မွေ့လျော်သူ ဖြစ်ပေလိမ့်မယ်။ သူ၏ ဇာတိမြေဟာ
ဖဲလ်ထရိုမြို့နှစ်မြို့ကြား၌ ရှိလိမ့်မယ်။ သူဟာ ကာမီလာ၊ ယူရီယာလပ်စ် ၊ တာနပ်စ် နှင့်
နီးဆပ်စ် တို့ အသက်ပေးသွားခဲ့ရသည့် အီတလီပြည်အောက်ပိုင်းဒေသအတွက် ကယ်တင်ရှင်
ဖြစ်လာလတ္တံ့။ ထိုသူဟာ မနာလိုဝန်တိုခြင်းစိတ်မှ စေလွှတ်လိုက်သော ထိုဝံပုလွေမကို
ငရဲပြည်သို့ ပြန်လည်ရောက်ရှိသည်အထိ မြို့တိုင်းစေ့ လိုက်လံမောင်းနှင်ပေလိမ့်မယ်"
ငရဲပြည်ခရီးစဉ်၏ လမ်းပြ ဗာဂျယ်လ်
"သို့ဖြစ်၍ ကျွန်ုပ်၏ အကြံအစည်အရ၊ သင်
ကျွန်ုပ်နောက်သို့သာ လိုက်ခဲ့ပေလော့။ ကျွန်ုပ် သင့်အား လမ်းပြအဖြစ် ဤနေရာမှတဆင့်
ထာဝရ တည်ရှိနေသော အရပ် (နိရယဘုံ) သို့ ခေါ်ဆောင်သွားပေမယ်။ ထိုအရပ်၌
မျှော်လင့်ချက်မဲ့စွာ အော်ဟစ်ညည်းညူသံများကို သင် ကြားရလိမ့်ပေမယ်။ ဒုတိယအကြိမ်
သေဆုံးခြင်းကို တောင့်တလျက် ဆင်းရဲဒုက္ခခံစားနေရသည့် ရှေးဟောင်းဝိညာဉ်များကိုလည်း
မြင်တွေ့ရပါလိမ့်မယ်။ ထို့နောက် တချိန်ချိန်တွင် ပါရာဒိသုဘုံသို့ ရောက်လိမ့်မည်ဟု
မျှော်လင့်ချက်ဖြင့် မီးလျှံများကြား၌ ငြိမ်းချမ်းစွာ ရှိနေသူများကိုလည်း တွေ့ရပေမယ်။
အကယ်၍ သင်ဟာ ပါရာဒိသုဘုံရှိ ထိုသူများထံသို့ တက်လှမ်းလိုလျှင်မူ ကျွန်ုပ်ထက်
သင့်လျော်ထိုက်တန်သော ဝိညာဉ်တစ်ပါးက သင့်အား လမ်းပြပေပါလိမ့်မယ်။ ကျွန်ုပ်တို့
လမ်းခွဲချိန်၌ အသင့်အား ထိုဝိညာဉ်ထံတွင် ကျွန်ုပ်အပ်နှံခဲ့ပါမယ်။
အဘယ်ကြောင့်ဆိုသော် အထက်အရပ်ကို အစိုးရသော ဘုရားသခင်ဟာ သူ၏ ပညတ်တော်များကို
ပုန်ကန်ခဲ့ဖူးသော ကျွန်ုပ်ကဲ့သို့သောသူအား သူ၏ မြို့တော် (ပါရာဒိသုဘုံ) သို့
ဝင်ရောက်ခွင့် မပေးသောကြောင့် ဖြစ်ပါတယ်။ ထိုအရှင်သခင်ဟာ နေရာခပ်သိမ်းကို
အစိုးရသော်လည်း ထိုနေရာတွင်မူ ကိုယ်တိုင်စံမြန်း၍ ထီးနန်းစိုက်ထူထားပေတယ်။ အရှင်သခင်၏
အရွေးချယ်ခံရသောသူဟာ မည်မျှပင် ဝမ်းမြောက် ပျော်ရွှင်လိုက်ပါမည်နည်း"
ထိုအခါ ကျွန်ုပ်က "အို... ကဗျာဆရာ၊ သင်
မသိကျွမ်းခဲ့ဖူးသော ဘုရားသခင်ကို တိုင်တည်၍ ကျွန်ုပ် တောင်းပန်ပါရစေ။
ဤဆိုးရွားလှသော ဘေးဒုက္ခများမှ လွတ်မြောက်နိုင်ရန်နှင့် စိန့်ပီတာ၏ တံခါးဝ အပါအဝင်
သင်ပြောပြသော ဝမ်းနည်းပူဆွေးနေသူများကို တွေ့မြင်နိုင်ရန် ကျွန်ုပ်အား ထိုအရပ်သို့
ခေါ်ဆောင်သွားပေးပါလော့" ဟု ဆိုလိုက်၏။
ထို့နောက် သူသည် ရှေ့မှ စတင်ထွက်ခွာ၍၊
ကျွန်ုပ်လည်း သူ့နောက်သို့ လိုက်ပါသွားလေသည်။
ဒန္တေ၏ သံသယစိတ်
နေ့အချိန်သည်ကား ကုန်ဆုံးလေပြီဖြစ်သလို
ညချမ်းအချိန်၏ မှိုင်းပျပျ လေထုသည် ကမ္ဘာမြေပေါ်ရှိ သတ္တဝါအပေါင်းကို
လုပ်ငန်းဆောင်တာများမှ အနားယူစေပြီ ဖြစ်သည်။ သို့သော် ကျွန်ုပ်တစ်ဦးတည်းသာလျှင်
စိတ်နှလုံးပင်ပန်းဖွယ်ရာ ခရီးကြမ်းအတွက်လည်းကောင်း၊ သနားစဖွယ်
မြင်ကွင်းများအတွက်လည်းကောင်း စိတ်ပိုင်းဆိုင်ရာ စစ်ပွဲတစ်ခု ဆင်နွှဲရန်
ပြင်ဆင်နေမိသည်။ ထိုအရာများကို ကျွန်ုပ်၏ စိတ်အာရုံထဲ၌ အမှားအယွင်းမရှိ
ပြန်လည်မှတ်တမ်းတင်ရပေမည်။
အို... ဉာဏ်ပညာအရှင်သခင်များနှင့်
ဖန်တီးမှုစွမ်းအားတို့... ယခုအချိန်တွင် ကျွန်ုပ်အား ကူညီစောင့်ရှောက်ကြပါကုန်။
ကျွန်ုပ် မြင်တွေ့ခဲ့သမျှကို ရေးထွင်းမှတ်သားထားသော မှတ်ဉာဏ်စွမ်းအား... သင်၏
မြင့်မြတ်မှုကို ဤနေရာတွင် ပြသပါလော့။
ကျွန်ုပ်က စတင်မေးမြန်းလိုက်သည်မှာ
"ကျွန်ုပ်၏ လမ်းပြ ကဗျာဆရာကြီး... မတ်စောက်ခက်ခဲသော ဤခရီးလမ်းသို့
ကျွန်ုပ်အား မအပ်နှံမီ၊ ကျွန်ုပ်တွင် ထိုက်တန်သော ပါရမီစွမ်းအား ရှိ၊ မရှိကို
ဦးစွာ ဆန်းစစ်ပေးတော်မူပါ။ ဆဲလ်ဗီးယပ်စ် ၏ ဖခင်ဖြစ်သူ အက်ဏီးယပ်စ် သည်
ခန္ဓာကိုယ်နှင့်တကွ အာရုံခံစားမှုများ ရှိနေဆဲဖြစ်ပါလျက်နှင့် ထာဝရဘုံသို့
သွားရောက်ခဲ့သည်ဟု သင် ပြောခဲ့ဖူးပါတယ်။ မကောင်းမှုဟူသမျှကို ဆန့်ကျင်တော်မူသော
ဘုရားသခင်သည် အက်ဏီးယပ်စ်မှ ဆင်းသက်လာမည့်သူများနှင့် အကျိုးရလဒ်များကို
မြော်တွေး၍ ထိုသို့အခွင့်ပေးခဲ့ခြင်း ဖြစ်ရာ၊ ဉာဏ်ပညာရှိသူတို့အတွက် ဤသည်မှာ
ဖြစ်သင့်သောအရာဟု ထင်မြင်ယူဆနိုင်ပါတယ်။ အဘယ်ကြောင့်ဆိုသော် သူဟာ ရောမအင်ပါယာနှင့်
သူတော်စင် ရှင်ပေါလု၏ အရိုက်အရာကိုဆက်ခံသော သာသနာပိုင် ပုပ်ရဟန်းမင်းကြီးတို့
စံမြန်းရာ မြင့်မြတ်သော နေရာကို တည်ထောင်ရန် ရွေးချယ်ခံရသူ ဖြစ်သောကြောင့်တည်း။
သင် ဂုဏ်ပြုရေးဖွဲ့ခဲ့သော ထိုခရီးစဉ်မှတစ်ဆင့် အက်ဏီးယပ်စ်ဟာ သူ၏
အောင်မြင်မှုနှင့် ပုပ်ရဟန်းမင်းကြီး၏ နေရာကို ဖြစ်ပေါ်စေမည့် အကြောင်းအရာများကို
သိရှိခဲ့ရပေတယ်။ ထို့နောက်တွင်လည်း ရွေးချယ်ခံရသူ သူတော်စင် ရှင်ပေါလုက
ကယ်တင်ခြင်းလမ်းသို့ ဝင်ရောက်ရာတွင် ခိုင်မာသော ယုံကြည်မှုကို သက်သေပြရန် ထိုနေရာ
(ပရဒိသုဘုံ)သို့ သွားရောက်ခဲ့ပြန်ပါတယ်။
သို့သော် ကျွန်ုပ်သည်ကား အဘယ်ကြောင့်
သွားရပါမည်နည်း။ မည်သူက ခွင့်ပြုပါသနည်း။ ကျွန်ုပ်ဟာ အက်ဏီးယပ်စ် မဟုတ်သလို၊ ရှင်ပေါလုလည်း
မဟုတ်ပါ။ ကျွန်ုပ်ဟာ ထိုခရီးစဉ်နှင့် ထိုက်တန်သူဖြစ်ကြောင်း ကိုယ့်ကိုယ်ကိုယ်
မယုံကြည်သလို၊ အခြားသူများကလည်း ထင်မှတ်ကြမည် မဟုတ်ပါ။ သို့ဖြစ်၍ ကျွန်ုပ်
လိုက်ပါသွားခဲ့လျှင် မိုက်မဲရာ ကျလိမ့်မည်ကို စိုးရွံ့မိပါတယ်။ သင်ဟာ
ဉာဏ်ပညာကြီးမားသူ ဖြစ်သည့်အားလျော်စွာ ကျွန်ုပ် ပြောပြသည်ထက် ပိုမို
နားလည်သဘောပေါက်ပါလိမ့်မယ်" ဟု ဖြစ်လေသည်။ ထို့နောက် ကျွန်ုပ်သည် ဆန္ဒရှိခဲ့သည်ကို
မလိုလားတော့သကဲ့သို့ ပြန်လည်ရုပ်သိမ်းလိုက်သူ၊ အတွေးသစ် ဝင်လာသဖြင့် ရည်ရွယ်ချက်
ပြောင်းလဲကာ စတင်ခဲ့သမျှကို စွန့်လွှတ်လိုက်သူ တစ်ဦးကဲ့သို့ပင် ထိုမှောင်မိုက်သော
ကမ်းပါးတွင် စိတ်အားထက်သန်ခဲ့သော လုပ်ဆောင်မှုကို အတွေးဖြင့်သာ ချေဖျက်ရင်း
ရပ်တန့်နေမိတော့လေသည်။
Comments
Post a Comment