အစ္ဆရိယရကန် စကားပြေ အတွဲ ၁ နိရယဘုံ

Image
  လွန်ခဲ့တဲ့ နှစ်ပေါင်း ၇၀၀ ကျော်တုန်းက လူတစ်ယောက် ရှိခဲ့ဖူးတယ်။ သူ့ကို မတရားစွပ်စွဲပြီး နိုင်ငံကနေ နယ်နှယ်ဒဏ်ပေးခဲ့တဲ့အတွက် သူ့ရဲ့ ကျန်ရှိတဲ့ ဘဝတလျှောက်လုံးမှာ မွေးရပ်မြေကို လွမ်းဆွတ်ပြီး နေခဲ့ရတယ်။ ဒါကြောင့် သူဟာ သူများနဲ့မတူဘဲ သူရောက်နေတဲ့ နယ်မှာသုံးတဲ့ ဘာသာစကားနဲ့ ကဗျာတစ်ပုဒ်ရေးသားခဲ့တယ်။ ဒီကဗျာဟာ သိပ်ကို နာမည်ကြီးသွားပြီး ဒီကဗျာကို ရေးသားတဲ့ နယ်သုံး ဘာသာစကားဟာလည်း အခုခေတ်ရဲ့ နိုင်ငံတော် ဘာသာစကားဖြစ်လာခဲ့တယ်။ ဒီလောက်ဆို ဘယ်သူလဲ ခန့်မှန်းနိုင်လောက်ပြီ ထင်ပါတယ်။ ဒန္တေ အယ်လီဂီယာရီပါ။ သူ့ရဲ့ Divine Comedy ကဗျာကြီးဟာ ဘုံ ၃ ဘုံကို လှည့်လည်သွားလာတဲ့ ခရီးစဥ်ကို ဖော်ပြထားတာဖြစ်ပြီး အီတလီနိုင်ငံ ဖလောရင့်စ်မြို့ရဲ့ နိုင်ငံအတွင်း အကြောင်းအရာတွေ အားလုံးကို အခြေပြုထားပါတယ်။ သူဟာ ကဗျာကြီးကို Comedy လို့ပဲ အမည်ပေးခဲ့တာပါ။ ၁၃ ရာစုခေတ်က Comedy ဆိုတဲ့ အဓိပ္ပါယ်ဟာ ဟာသ သက်သက် မဟုတ်ခဲ့ပါဘူး။ ခက်ခဲကြမ်းတမ်းတဲ့ ခရီးကို ဖြတ်သန်းပြီး အဆုံးမှာ ပျော်ရွှင်စရာနဲ့ အဆုံးသတ်သွားတဲ့ စာပေမျိုးကို ရည်ညွှန်းပါတယ်။ နောက်ပိုင်း ပုံနှိပ်တဲ့အခါမှာတော့ အယ်ဒီတာက Divine ဆိုတဲ့ စကားလုံးထည့်သွင်းခဲ့ပြီး ယနေ့ခေတ်အထိ Divin...

သြဒစ္ဆေ မော်ကွန်း စကားပြေ ၄

 

လင်္ကာပိုဒ် (၃၆၅) မှ (၄၂၀)

တယ်လစ်မက္ကပ်စ်မှ ကြင်ယာလောင်းလျာများအား စကားဆိုခန်း

 

သို့သော် မှောင်ရိပ်ကြီးစိုးလျက်ရှိသော ခန်းမဆောင်အတွင်းမှာကား ကြင်ယာလောင်းလျာများတို့သည် ဖီနယ်လိုပီအား လက်ဆက်ယူနိုင်ရန် ကြွားဝါလျက် ရှိကြကုန်၏။ ထိုအခါ အမြော်အမြင်ရှိသော တယ်လစ်မက္ကပ်စ်က စတင်၍ စကားဆိုလေသည်။

" ကျွန်ုပ်၏မိခင်အား လက်ဆက်လိုကြသော ကြင်ယာလောင်းလျာ အမျိုးကောင်းသားများတို့.... ယခုတော့ဖြင့် နတ်ဘုရားလို သံသာလှတဲ့ ဤသီချင်းသည်ရဲ့ တေးဂီတကို အနှောင့်အယှက်ကင်းကင်းနှင့် နားဆင်ကာ ပျော်ပွဲရွှင်ပွဲကို ဆက်လက်ကျင်းပကြရအောင်ပါ။ မနက်ဖြန် မနက်ခင်း ရောက်လျှင်ဖြင့် သင်တို့အား ဤစံအိမ်တော်ကြီးမှ ထွက်ခွာဖို့ရာ ကျွန်ုပ်ရဲ့ ကြေညာချက်ကို ကြားနာကြရန် သင်တို့အားလုံး စုဝေးကြပါလေ။ သင်တို့ရဲ့ ကိုယ်ပိုင်ရိက္ခာနှင့်အတူ ဤစံအိမ်တော်မှ ထွက်ခွာကာ လိုရာအရပ်တွင် ပျော်ရွှင်စွာ စားသောက်ကြပါ။ အိမ်ရှင်တစ်ဦးရဲ့ ပိုင်ဆိုင်မှုကို ပြန်လည် ပေးလျော်ဖို့ စိတ်ကူးမရှိဘဲ သုံးဖြုန်းပစ်တာက သင်တို့အတွက် အကျိုးအမြတ်လို့ ယူဆလျှင်ဖြင့် သင်တို့ ဆန္ဒရှိသလို ပြုကြပါ။ ဒါပေမဲ့ ကျွန်ုပ်ကတော့ သင်တို့ရဲ့ လုပ်ရပ်ကို ဇုစ်နတ်မင်းကြီးဆီ တိုင်တည်ပြီး နတ်မင်းကြီးရဲ့ ဆန္ဒအတိုင်း ဤစံအိမ်တော်အတွင်းမှာပဲ သင်တို့ အသက်နှင့် ခန္ဓာကိုယ်ကို အိုးစားကွဲအောင် ကြံရပေဦးမပေါ့"

ထိုသို့သော ရဲဝံ့တည်ကြည်သည့် စကားကို ကြားရလေလျှင် ကြင်ယာလောင်းလျာများတို့သည် ဆွံ့အကာ နှုတ်ခမ်းကို ဖိကိုက်လျက် ငြိမ်နေကြ၏။ ထို့နောက် ယူပီးသီးစ်၏ သားဖြစ်သူ အန်တီးနူး၀ပ်စ် က သူ့အား တုံ့ပြန်စကားဆိုလေသည်။

" မင်းသား တယ်လစ်မက္ကပ်စ်... သင့်ကို ဤကဲ့သို့ ရဲဝံ့တဲ့စကားကို ပြောဆိုရန် နတ်ဘုရားများကပင် သင်ပေးလေသလားလို့ ကျုပ်ထင်မှတ်ပေတယ်။ အစ်သက္ကတိုင်းပြည်ရဲ့ ထီးနန်းအရိုက်အရာသာ သင့်ရဲ့ မွေးရာပါ ခံစားခွင့်ဆိုပေမယ့် ခရိုးနို့စ်ရဲ့ သားတော် ဇုစ်နတ်မင်းကြီးက သင့်ကို အစ်သက္ကပြည်ရဲ့ ဘုရင်အရာ အပ်နှင်းဖို့ဆိုသည်မှာ ဘယ်သောအခါမှ ဖြစ်လာလိမ့်မယ်မဟုတ်"

 

ဤသို့ဆိုလေလျှင် မင်းသားကလည်း

" ဇုစ်နတ်မင်းကြီးက ကျွန်ုပ်ကို ထီးနန်းအရိုက်အရာ အပ်နှင်းမယ့်အရေး သင် သည်လောက်တောင် စိုးကြောက်သလား အန်တီးနူး၀ပ်စ်။ လူသားတစ်ယောက်အတွက် ဘုရင်ဖြစ်ရတယ်ဆိုတာ ကြောက်စရာကောင်းတယ်လို့များ သင်ထင်နေရော့လား။ ဘုရင်အရိုက်အရာ အပ်နှင်းခံလိုက်ရတာနှင့် တပြိုင်နက် ဘုန်းတန်ခိုးအာနုဘော်တိုးပွားလာပြီး စည်းစိမ် အာဏာ ကြီးပွားလာတတ်တာမို့ အဘယ်သို့‌သောသူက ဘုရင်မဖြစ်ချင်ဘဲ နေပါလိမ့်မလဲ။ သို့ပေမဲ့ ဤအစ်သက္ကပြည်မှာ အရွယ်သုံးပါး စုံလင်တဲ့ အာခီယန်နွယ်၀င် အမျိုးကောင်းသားတို့ များစွာရှိကြပေတယ်။ ထိုလူထဲက တစ်ယောက်ဟာ အိုဒစ်စီးယက်စ်ရဲ့ အရိုက်အရာကို စံစားရမှာ မှန်ပေမယ့် ဤစံအိမ်တော်ကတော့ ကျွန်ုပ်ရဲ့ ဖခင် အိုဒစ်စီးယပ်စ် ကိုယ်တိုင် အမွေချန်ရစ်ခဲ့တာမို့ ကျွန်ုပ်သာ စံအိမ်တော်ရဲ့ အရှင်သခင်ဖြစ်ပေတယ်"

ဟု ပြောသောအခါ ပိုလီဘတ်စ် ၏ သားဖြစ်သူ ယူရစ်မက္ကပ်စ် ကလည်း

" ဟုတ်ပါပေတယ် တယ်လစ်မက္ကပ်စ်။ အစ်သက္ကပြည်ကို ဘယ်သူအုပ်စိုးရမလဲဆိုတဲ့ မေးခွန်းဟာ နတ်ဘုရားတို့ရဲ့ အလိုတော်ကျဖြစ်တာမို့ သင့်စံအိမ်တော်ကို သင်စောင့်ရှောက်ထိန်းသိမ်းလိုတာ သဘာ၀ကျပါတယ်။ သင့်စံအိမ်တော်ရဲ့ ပိုင်ဆိုင်မှုကို အခြားသူတွေ သင့်အလိုကိုဆန့်ကျင်လို့ ယူငင် သုံးစွဲခြင်း မပြုရအောင် သင်ကောင်းစွာ စောင့်ထိန်းပါလေ။ ဒါပေမဲ့ ကျုပ်ကတော့ စောစောက သူစိမ်း ဘယ်ရောက်သွားသလဲဆိုတဲ့ မေးခွန်းကိုသာ မေးလိုပါတယ်။ သူဟာ ဘယ်တိုင်းဒေသကလာတာပါလဲ။ သူ့ရဲ့ မိဘဆွေမျိုးတွေဟာ အဘယ်သို့သောသူများဖြစ်ကြပြီး မွေးဖွားရာဒေသကရော ဘယ်နေရာများပါလိမ့်။ သူဟာ သင့်ဖခင်ရဲ့ သတင်းကို သယ်ဆောင်လာသူများ ဖြစ်နေရော့သလား။ ဒါမှမဟုတ် သူ့အကြောင်းကိစ္စသက်သက်နှင့်ပဲ အစ်သက္ကပြည်ကို ရောက်လာပါသလား။ ထိုသူစိမ်း ပျောက်ကွယ်သွားလိုက်ပုံကဖြင့် တယ်လည်း လျှင်မြန်ဖျတ်လတ်တဲ့ လူပေပဲကွယ်ရို့။ သူ့ကိုကြည့်ရတာ သာမန်လူဖြစ်ပုံမရပေမယ့် သူ့အကြောင်းတောင် စုံလင်အောင် သိခွင့်မရလိုက်ပါလားကွယ်"

 ဟု စီကာပတ်ကုံး မေးမြန်းလေတော့သည်။

ထိုအမေးကို မင်းသားက

 

" သင် ယူရစ်မက္ကပ်စ်...ကျွန်ုပ်ရဲ့ဖခင်ဟာ မရဏပြည်ကို ရောက်သွားပြီဟုသာ ကျွန်ုပ် ယုံကြည်ပေတယ်။ ဒါကြောင့် ဘယ် အရပ်ကလာတဲ့သူဖြစ်နေပါစေ၊ သူ့စကားအား ကျွန်ုပ် မယုံကြည်ပါ။ ကျွန်ုပ်ရဲ့မိခင် သူ့အဆောင်တော်တွင်း ဖိတ်ကြားကာ မေးမြန်းလေ့ရှိတဲ့ နတ်၀င်သည်ရဲ့ ဟောကိန်းကိုလည်း ကျွန်ုပ် တစိုးတစိမျှ မသက်၀င်ပါ။ အဆိုပါ သူစိမ်းဟာ ကျွန်ုပ်ဖခင်ရဲ့ မိတ်ဆွေဟောင်းတဖြစ်လဲ ပင်လယ်ပျော်မျိုးများဖြစ်တဲ့ တာဖီယန်နွယ်၀င် တာ‌ဖော့စ် လူမျိုးများရဲ့ ဘုရင် အန်ခီယာလပ်စ်ရဲ့ သားတော် မန်းတီးစ်သာ ဖြစ်၏" ဟု ဖြေကြားလိုက်လေတော့သည်။

 

လင်္ကာပိုဒ် (၄၂၁) မှ (၄၄၄)

တယ်လစ်မက္ကပ်စ်နှင့် ယူရီကလေးယား တွေ့ဆုံခန်း

 

ထို့နောက် ၎င်းတို့သည် တေးသီချင်းနှင့် အကအခုန်များဆီသို့သာ စိတ်ရောက်ကုန်ကြပြီးလျှင် ညချမ်းရောက်သည်အထိ စည်းစိမ်ယစ်ကြပြီး ၎င်းတို့ အဆောင်ရှိရာဆီသို့ အနားယူရန် အသီးသီး ပြန်ကြလေတော့၏။ သို့သော် တယ်လစ်မက္ကပ်စ်မှာမူ ခန်းမဆောင် အပေါ်ထပ်ရှိ သူ၏ အိပ်ဆောင်အတွင်းသို့ အတွေးများစွာဖြင့် တစ်လှမ်းချင်း လှမ်း၀င်သွား‌လေသည်။ အိပ်ဆောင်တွင်းတွင် ပိုင်ဆန်နာ ၏သား၊ အော့ပ်စ် မှ ပေါက်ဖွားသော သမီးဖြစ်သည့် အထိန်းတော်မိန်းမကြီး ယူရီကလေးယား က မီးတိုင်ကို စောင့်ကြပ်ကာ ခစားနေ၏။ ထိုအထိန်းတော်သည် ဘုရင်ဟောင်းဖြစ်သော လေအာတီးစ်က သူ ငယ်စဉ်ကတည်းကပင် နွားကောင်ရေ နှစ်ဆယ်ဖြင့် ၀ယ်ယူခဲ့ကာ နန်းတွင်း စံအိမ်တော်တွင် ကိုယ်လုပ်တော်အဖြစ် သွတ်သွင်းထားသော်လည်း ကြင်ယာတော် ဇနီးသည်၏ ဒေါသကို ကြောက်ရွံ့သောကြောင့် မတော်ကောက်ခဲ့ရသော အပျိုတော်ဖြစ်သည်။ ယူရီကလေးယား သည် မင်းသားငယ် တယ်လစ်မက္ကပ်စ်အား ငယ်စဉ်ကတည်းကပင် ချစ်ခင်မြတ်နိုးပြီး ထိန်းကျောင်းလာခဲ့သော အထိန်းတော်ကြီးဖြစ်ရုံမျှမက ယခုပင်လျှင် မင်းသားငယ် အိပ်ဆောင်တွင် မလှုပ်မယှက် သစ္စာရှိစွာ မီးတိုင်ကို စောင့်ကြပ်ပေးနေလေသည်။ မင်းသားသည် အိပ်ဆောင်တံခါးကို ဖြည်းညှင်းစွာ တွန်းဖွင့်ပြီး အိပ်ရာထက်၌ ထိုင်ကာ သင်တိုင်းအင်္ကျီကို ချွတ်ပြီးလျှင် အထိန်းတော်လက်ထဲသို့ ထည့်လိုက်၏။အထိန်းတော်ကြီးကလည်း သင်တိုင်းအ၀တ်အား ညင်သာစွာ ခေါက်သိမ်း၍ ကုတင်ဘောင်ပေါ်၌ လွှားတင်ကာ အိပ်ဆောင်အတွင်းမှ ထွက်ပြီး ငွေတံခါးလက်ကိုင်ရှိ သားရေကြိုးဖြင့် တံခါးကို စေ့ပိတ်လိုက်၏။ ထို့နောက် မင်းသားငယ် တယ်လစ်မက္ကပ်သည်လည်း အိပ်ရာထက်၌ သိုးမွှေးခြုံ‌ စောင် လွှမ်းရုံကာ အက်သီနာ နတ်သမီး၏ အကြံဉာဏ်ကို ပြန်လည် အောက်မေ့နေတော့လေသတည်း။       

Comments

Popular posts from this blog

ဘာသာရေးနှင့် သိပ္ပံပညာ စာအုပ် စတင် ဖြန့်ချိပါပြီ

သြဒစ္ဆေ မော်ကွန်း စကားပြေ ၁

အစ္ဆရိယရကန် စကားပြေ ၁