ဘာသာရေးနှင့် သိပ္ပံပညာ စာအုပ် စတင် ဖြန့်ချိပါပြီ
အက်သီနာ
မှ တယ်လစ်မက္ကပ်စ်အား ဖခင်၏သတင်း ရှာဖွေရန် ခိုင်းစေခန်း
အကြောင်းစုံကို
သိရသောအခါ အမျက်ဒေါသထွက်လာသော အက်သီနာ နတ်သမီးက သူ့အား ဤသို့ဆိုပြန်သည်။
"
ထိုသို့ဆိုလျှင် သင်ဟာ အရှက်တရားကင်းမဲ့လှတဲ့ ကြင်ယာလောင်းလျာများကို
နှင်ထုတ်နိုင်ရန်အတွက် အိုဒစ်စီးယပ်စ်ကို ကျိန်းသေပေါက် လိုအပ်နေပြီ ဖြစ်ပေတယ်။
အက်ဖစ်ယာဒေသက မားမရပ်စ်ရဲ့ သားတော် အီလပ်စ်ဆီကနေ အစ်သက္ကပြည်သို့အပြန်ခရီးမှာ
ကျုပ်အိမ်တော်တွင် ခရီးတထောက်နားပြီး ပျော်ပျော်ရွှင်ရွှင် ယမကာသောက်သုံးခဲ့ဖူးတဲ့
သံခေါင်းစွပ်၊ ဒိုင်း နှင့် အမွှာလှံတံကိုင်ဆောင်ထားသော သူရဲကောင်း
အိုဒစ်စီးယပ်စ်ကို ယခုပင်လျှင် နန်းတော်တံခါး၀ရှေ့ ငွားငွားစွင့်စွပ် ရပ်နေတာကို
ကျုပ် မြင်ချင်မိစမ်းပါဘိ။ အိုဒစ်စီးယပ်စ်ဟာ သူရဲ့ ကြေးချွန်တပ် မြားထိပ်မှာ
သုတ်လိမ်းဖို့ အဆိပ်တောင်းခံဖို့အတွက် ထိုဒေသသို့ လျင်မြန်လှတဲ့ ရေယာဉ်စီးပြီး
သွားခဲ့တာ ဖြစ်ပေတယ်။ အီလပ်စ်က သူ့ရဲ့ တောင်းဆိုချက်ကို ငြင်းပယ်လိုက်ပေမယ့်လည်း
အိုဒစ်စီးယပ်စ်ကို ချစ်ခင်တဲ့ ကျုပ်ဖခင်ကတော့ဖြင့် သူ့ဆန္ဒအတိုင်း
လိုက်လျောခဲ့ပါတယ်လေ။ ယခု ကျုပ်ပြောသော စကားများထဲမှ အိုဒစ်စီးယပ်စ်သာလျှင် ဤ ကြင်ယာလောင်းလျာများကို
မင်္ဂလာပွဲ တောင့်တရမယ့် အစား အသက်နှင့်ခန္ဓာအိုးစားမကွဲဖို့ရာ ပြေးရလေအောင်
ကြံဆောင်တတ်မှာ အမှန်ပါ။သို့ပေမဲ့ အိုဒစ်စီးယပ်စ်ရဲ့ အိမ်ပြန်ခရီးဟာ
နတ်ဘုရားတို့ရဲ့ ဆန္ဒအပေါ် မူတည်နေသေးပေတာမို့ ကျုပ်ကတော့ဖြင့်
သင်ကိုယ်တိုင်သာလျှင် ထိုသူများကို စံအိမ်တော်မှ ဖယ်ခွာဖို့ရာ
ဆောင်ရွက်သင့်တယ်လို့ ယုံကြည်မိပါတယ်။
ကျုပ်၏
အကြံစကားကို မှတ်သားပါလော့။ မနက်ဖြန်ပင် အာခီယန်နွယ်၀င် သူကောင်းသားများကို
မျက်နှာစုံညီ စုဝေးစေပြီး နတ်ဘုရားများအား တိုင်တည်ကာ စကားဆိုပါလေ။ကြင်ယာလောင်းလျာများကို
၎င်းတို့ နေရပ် အသီးသီးသို့ ပြန်လည်ထွက်ခွာရန် ပြောဆိုပါ အဆွေ။ သင့်မိခင်က
လက်ဆက်ရန် ဆန္ဒရှိတယ်ဆိုပါကလည်း သူ့ဖခင်ရဲ့ အိမ်သို့ စေလွှတ်ပြီး မင်္ဂလာပွဲအတွက်
လိုအပ်သည့် အစီအမံများကို ထိုနေရာ၌သာ ခမ်းခမ်းနားနား ပြင်ဆင်ပါစေ။ ထို့အပြင်
သင့်ကို ကျုပ် အကြံဉာဏ်တစ်ခု ထပ်မံပေးလိုပါသေးတယ်။ တက်ခတ်သမား နှစ်ဆယ်နှင့်အတူ
ခိုင်ခံ့ကောင်းမွန်သော ရေယာဉ်သင်္ဘောကို ဦးစီးပြီး ပျောက်ဆုံးနေသော သင့်ဖခင်ရဲ့
သတင်းကို ရှာဖွေပါ။ လမ်းခရီးမှာ တွေ့ကြုံရတဲ့ လူအချို့ထံမှ သို့မဟုတ်
ဇုစ်နတ်မင်းကြီးရဲ့ သတင်းစကားကို သယ်ဆောင်လာတဲ့သူတို့ထံမှ သင့်ဖခင်၏ သတင်းကို
ကြားရပေအံ့။ ပထမဦးစွာ ပိုင်းလော့စ် ပြည်သို့ ရွက်လွှင့်၍ နတ်စတာ ဘုရင်အား မေးမြန်းပါလေ။
ထို့နောက် စပါတာပြည်သို့သွားကာ ထရွိုင်စစ်ပွဲမှ မွေးရပ်ဌာနီဆီ ပြန်ရောက်နိုင်ခဲ့သော
နောက်ဆုံးအသုတ်ဖြစ်တဲ့ အာခီယန် စစ်သူရဲကောင်းတို့ရဲ့ ခေါင်းဆောင် ရွှေရောင်ဆံနွယ်ရှင်
ဘုရင် မန္နလေးယပ်စ်အား မေးမြန်းရပေမယ်။ တကယ်လို့ သင့်ဖခင်ဟာ အသက်ရှင်လျက်ရှိပြီး
အစ်သက္ကတိုင်းသို့ ပြန်လည် ရွက်လွှင့်နေကြောင်း သတင်းရရှိလျှင် သင့်အနေနှင့်
ဖခင်အား နောက်ထပ် တစ်နှစ်လောက် ထပ်မံစောင့်စိုင်းသင့်ပေတယ်။ သို့ပေမဲ့
၎င်းသေဆုံးကြောင်း ကြားရလျှင်ဖြင့် သင်လည်း အစ်သက္ကတိုင်းသို့ ပြန်ပြီး ဖခင်အတွက်
ဂုဏ်ကျက်သရေရှိစွာ ဖုတ်ကြည်းသင်္ဂြိုလ်၍ အုတ်ဂူပြုလုပ်ကာ သင့်မိခင်အား သတို့သားအသစ်နှင့်
လက်ဆက်ရန် ကြည်ဖြူစွာ သဘောတူပါ အဆွေ။ ဤသို့သော အစီအစဉ်များကို စေ့စေ့စပ်စပ်
ဆောင်ရွက်ပြီးလျှင် သင်၏ လက်ရုံးရည်၊ နှလုံးရည်တို့ကို ကောင်းစွာအသုံးချ၍
သင့်စံအိမ်တော်၌ ရမ်းကားနေကြသော ကြင်ယာလောင်းလျာများအား
ပရိယာယ်မာယာသုံး၍လည်းကောင်း၊ ပွင့်လင်းမြင်သာသော နည်းဖြင့်လည်းကောင်း ယောက်ျားပီသစွာ
သုတ်သင်ချေမှုန်းရန် ဆောင်ရွက်သင့်ပါပေတယ်။ ဖခင်ကို သတ်ဖြတ်ခဲ့တဲ့အမှုအတွက် ဉာဏ်နီ
ဉာဏ်နက်များလှတဲ့ အီဂျစ်သပ်စ်ကို ပြန်လည် လက်စားချေခဲ့သော အိုရက်စ်တီးစ် ၏
သတင်းကို သင် ကြားဖူးပါ၏လော။ သင်၏ ယခု လုပ်ဆောင်ချက်များကိုလည်း
နောင်လာနောက်သားတို့က ပြောစမှတ်ပြုကာ ဂုဏ်ပြုကြမည်မှာ အမှန်ပင် ဖြစ်ပေတယ်
တယ်လစ်မက္ကပ်စ်။ ယခုတော့ဖြင့် ကျုပ်ကို စောင့်ဆိုင်းနေကြရှာတဲ့ သင်္ဘောသားများရှိရာ
ရေယာဉ်ဆီကို သွားရပေဦးမယ်။ ကျုပ်ပြောသော စကားများအား သေချာစွာ မှတ်သားထားပါ
အဆွေ"
အက်သီနာ
နတ်သမီးမှ ငှက်အသွင်ဖြင့် ပြန်လည်ကြွချီခန်း
တယ်လစ်မက္ကပ်စ်က
နတ်သမီးအား
"
မိတ်ဆွေ သင်ဟာ ကျွန်ုပ်ကို ရင်၀ယ်သားကို ဆုံးမသော အဖလို ကြင်နာစွာ
ဆုံးမတတ်ပါပေတယ်။ သင့်စကားကို ကျွန်ုပ် ဘယ်သောအခါမျှ မေ့လျော့မည် မဟုတ်ပါ။ သင့်
ရေယာဉ်ဆီသို့ သွားရောက်ရန် ဆန္ဒပြင်းပြနေပေမယ့်လည်း ကျွန်ုပ်ရဲ့စံအိမ်တော်မှာ
ရေချိုးသုတ်သင်ပြီး အနားယူပါဦးလား အဆွေ။ ကျွန်ုပ်ကို တန်ဖိုးရှိလှသော အကြံဉာဏ်
ပေးတဲ့ သင့်ကိုလည်း ကျွန်ုပ်က တဖန် ပြန်လည်၍ ကျေးဇူးဆပ်လိုပါတယ်။ ပြီးမှ
သင်လိုရာခရီးသို့ ရွှင်ပျသော စိတ်နှလုံးဖြင့် ခရီးဆက်ပါလေ"
ဟု
ပြောလျှင် ကြည်လင်သန့်ရှင်းသည့် အကြည့်ဖြင့် နတ်သမီးကလည်း
"
ယခုတော့ဖြင့် ကျုပ်ကို ဆွဲမထားပါလင့် အဆွေ တယ်လစ်မက္ကပ်စ်။ သို့ပေမဲ့ ကျုပ်ကို သင်
ကတိပေးထားတဲ့ လက်ဆောင်ပဏ္ဏာထဲမှ အကောင်းဆုံးနှင့် အလှပဆုံးသော တံစိုးလက်ဆောင်ကိုသာ
ကျုပ် ပြန်လာသောအခါတွင် ပေးအပ်ပါချေ။ ကျုပ်ကလည်း သင့်ကို လက်ဆောင်တစ်ခု ပြန်လည်
ပေးအပ်ပါအံ့" ဟု တုံ့ပြန်၏။
ထို့နောက်
ကြည်လင်သန့်ရှင်းသော မျက်လုံးအစုံရှိသည့် အက်သီနာ နတ်သမီးသည် ငှက်အသွင်ယူ၍
မိုးကောင်းကင်သို့ တဟုန်ထိုးပျံတက်ကာ ပျောက်ကွယ်သွားလေသည်။ အက်သီနာ နတ်သမီးသည်
တယ်လစ်မက္ကပ်စ်၏ ရင်တွင်းမှ ဖခင်ကို လွမ်းဆွတ်သတိရစိတ်နှင့် ရဲစွမ်းသတ္တိကို
လှုံ့ဆော်ပေးခဲ့သည်မှာ အမှန်ဖြစ်၏။ မင်းသားငယ်သည်လည်း သူနှင့် စကားဆိုခဲ့သည်မှာ
နတ်ဒေဝါ တစ်ပါးဖြစ်သည်ကို ရိပ်စားမိလေလျှင် ဝမ်းသာအားရဖြစ်လျက် စိတ်အားတက်ကြွကာ ကြင်ယာလောင်းလျာများ
ပျော်ပါးရာဆီသို့ သွားရောက်၍ နဂိုအတိုင်း ထိုင်မြဲထိုင်နေလေသည်။
တယ်လစ်မက္ကပ်စ်မှ
မိခင် ဖီနယ်လိုပီအား ပြစ်တင်ပြောဆိုခန်း
ပရိတ်သက်တို့သည်
အစ်သက္ကပြည်၏ ကျော်ကြားလှသော သီချင်းသည် သီဆိုဖျော်ဖြေလျက်ရှိသော နတ်သမီး အက်သီနာ၏
လက်ချက်ကြောင့် ထရိုဂျန်စစ်ပွဲမှ မွေးရပ်ဌာနီဆီ ပြန်ရောက်မလာနိုင်ကြသည့်
အာခီယန်စစ်သားတို့အကြောင်းကို နားဆင်နေကြလေသည်။ ထိုစဉ် အစ်ကားရီးယပ်စ် ၏ သမီးတော်
ဖီနယ်လိုပီသည် ၎င်း၏ အဆောင်တော်အတွင်းမှ ထိုသီချင်းအားကြားရလေလျှင်
အစေခံမိန်းမနှစ်ဦး ခြံလျက်၍ လှေကားထက်မှ သက်ဆင်းလာတော့၏။ သူသည် ကြင်ယာလောင်းလျာများကို
လှမ်းတွေ့ရသောအခါ မျက်နှာအား တောက်ပထည်ဝါသော ပုဝါစဖြင့် လွှမ်းခြုံ၍
ခန်းမဆောင်တံခါး၀၌ ကိုယ်လုပ်တော်မိန်းမများ ခြံရံလျက် ရပ်နေကာ မျက်ရည်စများဖြင့်
ပြည့်နှက်နေသော မျက်လုံးအစုံဖြင့် သီချင်းသည်အား စကားဆိုလေသည်။
"
ဖီးမီးယပ်စ်...သင်ဟာ ကျွန်မတို့ကို ပျော်ရွှင်စေရန်အတွက် သာယာနာပျော်ဖွယ်ကောင်းတဲ့
လူသားများနှင့် နတ်ဘုရားတို့ရဲ့ ပုံပြင်များကို သီဆိုတတ်သူဖြစ်ပေတယ်။ သင်
ဤစံအိမ်တော်တွင်း ရှိနေစဉ် ဧည့်သည်များကို ဖျော်ဖြေရန်အတွက် ထိုကဲ့သို့သော
သီချင်းများကိုသာ သီဆိုပါလေ။ ကျွန်မဟာ ကြီးမားလှစွာသော သောကဝေဒနာကို
ခံစားနေရတဲ့အတွက် ကျွန်မရဲ့ အသည်းနှလုံးကို နာကျင်အောင် လှုပ်ခတ်နိုင်စွမ်းတဲ့
ဤသီချင်းကိုကား ယခုပင် ရပ်ပါလော့။ ဟဲလက်စ် မှ အားဂတ်စ် မြို့ထိ တိုင်အောင်
ဂုဏ်သတင်းကျော်ကြားလှတဲ့ ကျွန်မ လင်ယောက်ျားရဲ့ ချစ်လှစွာသော မျက်နှာတော်ကို ကျွန်မ
ယနေ့ထက်တိုင်ပင် မမေ့နိုင်သေးပါ"
ထိုအခါ
သားတော် တယ်လစ်မက္ကပ်စ်အား မိခင်အား
"
မိခင်...သားမောင်တို့ကို ဖျော်ဖြေလျက်ရှိတဲ့ သီချင်းသည်ကို အဘယ်ကြောင့်များ
အပြစ်ဆိုရပါသလဲ။ သီချင်းသည်မှာ အပြစ်မရှိပါ။ ကျွန်ုပ်တို့ အမှန်တကယ်ပင်
အပြစ်တင်ရမည့်သူမှာ လူသားများကို စိတ်ထင်တိုင်း အပြစ်ပေးတတ်တဲ့ ဇုစ်နတ်မင်းကြီးသာ
မဟုတ်ပါလော။ ပရိတ်သတ်တွေဟာ အသစ် အသစ်သော သီချင်းကိုသာ နားသောတဆင်လိုတာမို့
ဤသီချင်းသည်က ကံအကြောင်းမလှသော ဒါနန် သားတို့ရဲ့ အကြောင်းကို
သီချင်းစပ်ဆိုပင်လျှင်မူ အပြစ်မဆိုထိုက်ပါချေ။ သင်ဟာ ဖခင် အိုဒစ်စီးယပ်စ်
တစ်ယောက်တည်းအတွက်သာ သင့် စိတ်နှလုံး ကြေကွဲ၀မ်းနည်းနေရပေမယ့် ထရွိုင်မြို့မှ
မွေးရပ်မြေသို့ ပြန်မလာနိုင်ကြတဲ့ အခြား စစ်သည် အများအပြားလည်း ရှိသေးတာကို
သတိပြုသင့်ပေတယ်။ ထို့အပြင် ဤကိစ္စများဟာ ယောက်ျားသားများနှင့်သာ သက်ဆိုင်ပေတယ်။ ထို့ကြောင့်
ယခုပင် သင့် အဆောင်တော်သို့ ပြန်ပြီး သင့်လုပ်ငန်းတာ၀န်များဖြစ်တဲ့
ရက္ကန်းစင်နှင့် ဗိုင်းလိပ်တံများကြားမှာ တာ၀န်ကျေပွန်အောင် ဆောင်ရွက်ကာ သင့်
ကိုယ်လုပ်တော်မိန်းမများကိုလည်း တာ၀န် ခွဲဝေပေးပါလော့။ ကျွန်ုပ်ဟာ ဤစံအိမ်တော်ကို
ဦးစီးဆောင်ရွက်ရသူ ဖြစ်တဲ့အတွက် ကျွန်ုပ် စကားအတိုင်းသာ ဆောင်ရွက်ပါ မိခင်"
ဟုပြောလေသည်။
သားမောင်၏
စကားများကို ကြားရလေလျှင် မိခင် ဖီနယ်လိုပီလည်း အံ့ဩမှင်တက်စွာဖြင့်
သားမောင်စကားကို ရင်၀ယ်ပိုက်ကာ ကိုယ်လုပ်တော်မိန်းမများ ခြံရံလျက် အဆောင်တော်သို့
ပြန်လည် ကြွချီလေသည်။ ထို့နောက် ၎င်းသည် အဆောင်တော်အတွင်းတွင် လင်ယောက်ျားဖြစ်သူ
အိုဒစ်စီးယပ်စ်အတွက် စိတ်မကောင်းခြင်းကြီးစွာဖြင့် သည်းထန်စွာ ငိုကြွေးလေသောအခါ ကြည်လင်သန့်ရှင်းသော
မျက်လုံးအစုံရှိသည့် အက်သီနာ နတ်သမီးပင် မနေသာတော့ဘဲ သူ့အား အိပ်ပျော်စေရန်
ဆောင်ရွက်ပေးရလေတော့သတည်း။
Comments
Post a Comment