The LOST Luggage


အခန်း (၃) (က)

ည ၁၁ နာရီကျော်လာပြီဖြစ်သဖြင့် ညစောင့် အဂ္ဂသည် အသင့်ဖျော် ကော်ဖီတစ်ခွက်ကို ‌ရေနည်းနည်းဖြင့်ဖျော်ကာ တစ်ကျိုက်တည်း မော့ချလိုက်သည်။ သူ ဒီအဆောက်အဦးမှာ ညစောင့်လုပ်နေသည်မှာ ၆ လပင်ကျော်လာပြီ ဖြစ်သော်လည်း အဆောက်အဦးအတွင်းတွင် မည်သည့်လုပ်ငန်းလုပ်ကိုင်ကြကြောင်း သူမသိ။ သူ့တာဝန် မဟုတ်တာကြောင့်လည်း ပါမည်။ သူ့တာဝန်က ညနေ ၆ နာရီအရောက် အလုပ်ကိုရောက်အောင်လာပြီး နေ့ဆိုင်း ဦးလေးကြီးနှင့် လူစားလဲကာ ညပိုင်းအတွက် ညစောင့် တာဝန်ယူရန်ဖြစ်သည်။ ပြန်တွေးကြည့်လျှင် သူ့ကို အလုပ်ပေးသည်မှာလည်း ထို နေ့ဆိုင်းတာဝန်ယူသော လုံခြုံရေးတာဝန်ခံ ဦးမျိုးသာလျှင်ဖြစ်သည်။ ဦးမျိုးက အသက်အရွယ်ကလည်း ရလာသဖြင့် ညရေးညတာ တာဝန်မယူနိုင်တော့သောကြောင့်သာ အဂ္ဂကို ငှားခဲ့ခြင်း ဖြစ်မည်ဟု သူထင်သည်။ ထို့ပြင် တစ်ပတ်တစ်ခါ ရှင်းသည့် လစာကိုလည်း ဦးမျိုးကသာ သူ့ကို ရှင်းပေးတတ်သည် မဟုတ်ပါလား။ ထို့ကြောင့် အဂ္ဂလည်း တစ်စုံတရာ အထွန့်တက်ကာ မေးမြန်းမနေတော့ဘဲ သူ့တာဝန်ကိုသာ ကျေပြွန်အောင် ထမ်းဆောင်ခဲ့လေသည်။

အဆောက်အဦးကြီးနှင့် အဂ္ဂ၏ လုံခြုံရေးတဲက အတော်လေး လှမ်းသဖြင့် အဆောက်အဦး တစ်ခုလုံး၏ ပုံသဏ္ဌာန်ကိုကောင်းကောင်းမြင်နိုင်သည်။ ထိုအဆောက်အဦးကြီးသည် စုစုပေါင်း ၇ ထပ်ခန့်မြင့်မားသော်လည်း စတုရန်းပုံဆောက်လုပ်ထားသဖြင့် အံစာတုံးကြီးတစ်တုံးနှင့်ပင် ဆင်တူနေသည်။ အောက်ဆုံးထပ် အဝင်ပေါက်တွင် မှန်တံခါးတပ်ထားပြီး ကိုယ်ပိုင် ကီးကတ်ရှိမှသာ ဝင်ရောက်နိုင်သည်။ အဂ္ဂတွင် ထိုအထဲသို့ ဝင်ရောက်ရန် ကီးကတ်မရှိ။ သူ့တာဝန်သည် ကားအဝင်အထွက် အဆင်ပြေစေရန် အပေါက်စောင့်ပေးပြီး ကလေးများနှင့် အခြားသောသူများ ခိုးဝင်ခြင်းမရှိအောင် ကာကွယ်ရန်သာ ဖြစ်သဖြင့် သူ့ကို အ‌ဆောက်အဦးထဲသို့ ဝင်ရန် ကီးကတ်မပေးထားခြင်းဖြစ်မည်ဟု သူထင်သည်။ များသောအားဖြင့် အဆောက်အဦးဆီသို့ ဝင်ရောက်လာသော ကားများမှာ ဆေးရုံလူနာတင်ယာဥ်များကဲ့သို့ နောက်ဖွင့်ကားများဖြစ်သဖြင့် အထူးကုဆေးရုံကြီးများလားလို့လည်း အဂ္ဂတွေးမိသည်။

ကော်ဖီခါးခါးကို တစ်ကျိုက်တည်းဖြတ်လိုက်သဖြင့် လျှာဖျားတွင် ပူခနဲဖြစ်သွားကာ အနီးရှိ ရေသန့်ဘူးမှ ရေတစ်ငုံခန့်ကို မျှောချလိုက်ရသေးသည်။ ထို့နောက် သူသည် ဂိတ်‌စောင့်တဲကလေးထဲရှိ ထိုင်ခုံတွင် ပြန်ထိုင်ကာ ခြံတံခါးပတ်ဝန်းကျင်ရှိ စီစီတီဗီကင်မရာ များကို စစ်ကြည့်သည်။ ဘာမျှ ထူးခြားနေတာ မတွေ့။ ယခင်ကလိုပဲ တိတ်ဆိတ်ငြိမ်သက်ကာ ခပ်ပျပျ ညမီး၏ အလင်းရောင်ကိုသာ သူ စကရင်ပေါ်မှာ တွေ့လိုက်ရသည်။ မနက်ဖြန် စနေနေ့ဖြစ်သဖြင့် အိမ်မှာ အပြတ်နားလိုက်မည်ဟု တွေးကာ အဂ္ဂက သူ့ဖုန်းထဲက ဂျူအိုလင်ဂို အပ်ပလီ‌ကေးရှင်းမှ အင်္ဂလိပ်စာ သင်ခန်းစာအချို့ကို လေ့လာနေလိုက်သည်။ အနားတွင်လည်း အဝေးသင် အီးမေဂျာ ဒုတိယနှစ်အတွက် အဆိုင်းမန့် ပေပါရေးရန် စာအုပ်က အသင့်ရှိနေသည်။ အဆိုင်းမန့်အတွက် ဌာနမှူးက ကိုယ့်ဘဝတွင် မမေ့နိုင်ခဲ့သော နေ့တစ်နေ့အကြောင်းကို ဝတ္ထုကဲ့သို့ ရေးသားရမည်၊ အနည်းဆုံး ဇာတ်ကောင် ၅ ဦးခန့် ပါဝင်ရမည်၊ ပေပါ ၁၅ မျက်နှာရှိရမည်ဟု မှာလိုက်သဖြင့် စာစမရေးခင် အဂ္ဂက သွေးပူလာအောင် ဂရမ်မာလေ့ကျင့်ခန်း လုပ်လိုက်ဦးမည်ဟု တွေးသည်။

အမှန်ဆို အဂ္ဂ၏ အသက်အရွယ်က ကျောင်းပြီးသင့်နေပြီဖြစ်သော်လည်း ၂၀၂၀ ခုနှစ် အစပိုင်းတွင် ဖြစ်ပွားခဲ့သော ကိုဗစ်ရောဂါ ကပ်ဆိုးကြီးကြောင့် ကျောင်းနားကာ နယ်ပြန်သွားခဲ့ရသဖြင့် ယခုလို ဒုတိယနှစ်တွင် ကမောက်ကမဖြစ်ကာ တစ်နေရသည်။ မွေးရပ်ဖြစ်သော နယ်မြို့တွင် မိဘလက်ငုပ်လက်ရင်းဖြစ်သည့် လယ်အလုပ်ကိုလည်း မလုပ်ချင်သဖြင့် ကျောင်းတက်ရင်း အလုပ်လုပ်မည်ဟု  ဆုံးဖြတ်ကာ ၂၀၂၅ ခုနှစ်တွင်မှ ရန်ကုန်ပြန်ရောက်လာခဲ့လေသည်။ ရန်ကုန် ပြန်ရောက်ရောက်ချင်း အလုပ်တစ်ခု ကြိုးစားရှာဖွေခဲ့သော်လည်း ရန်ကုန်မြို့၏ လူဦးရေနှင့် အလုပ်အကိုင်တို့မှာ ပြောင်းပြန် အချိုးကျနေပြန်သောကြောင့် အခု ညစောင့်အလုပ်မှာသာ မြဲနေရသည်။ ညစောင့်အလုပ်ဟုဆိုသော်လည်း ဒီအလုပ်က ဆန်းတော့ဆန်းသည်။ ညနေ ၆ နာရီကနေ မနက် ၆ နာရီအထိ ဒီလုံခြုံရေးတဲထဲမှာ စောင့်ကြပ်ပေးရုံလစာက အဂ္ဂ ရန်ကုန် ပြန်ရောက်ရောက်ချင်း စတိုးဆိုင်အချို့မှာ အင်တာဗျူးဝင်တုန်းကပေးသော လစာထက် ၂ ဆခန့် ပိုများနေသည်။ ထို့အပြင် ဒီတဲလေးထဲမှာ ထိုင်နေရင်း သူသဘောကျသည့် အင်္ဂလိပ်စာနှင့် တခြားသော အရာများကို အချိန်ယူကာ လေ့လာနိုင်သဖြင့် အဂ္ဂအတွက် ဒီအလုပ်က တစ်ချက်ခုပ်ပြီး သုံး၊ လေးချက်ခန့် ပြတ်နေသလိုဖြစ်နေသောကြောင့် မြဲနေတာလည်း ဖြစ်သည်။

ဂျူအိုလင်ဂို သင်ခန်းစာ ၃ မပြီးခင်မှာပင် ခြံတံခါးဆီမှ အသံကို အဂ္ဂကြားလိုက်ရသည်။ စီစီတီဗီ စကရင်တွင်လည်း တိုယိုတာ အဖြူကားလေး တစ်စီးပေါ်လာသဖြင့် သူအံ့သြသွားသည်။ ပုံမှန်ဆို အဆောက်အဦးဆီကို ညဘက်လာတတ်တာ နောက်ဖွင့် ဗန်ကားတွေပဲ မဟုတ်ပါလား။ သူ ဒီအလုပ် လုပ်စဥ် ၆ လအတွင်း အိမ်စီးကားတစ်စီး ညဘက် ရောက်လာတတ်သည်ကို တွေ့ရတာ ဒီတစ်ခါ ပထမဆုံးပင်။ ကားထဲကလူက အရေးကြီးကိစ္စရှိပုံရသည်။ ညစောင့် ချက်ချင်း ထွက်မလာသဖြင့် ကားဟွန်းကို ခပ်စောင့်စောင့် ၃ ချက်ခန့် တီးလိုက်သည်။ ထို့ကြောင့် အဂ္ဂလည်း လုံခြုံရေးတဲအတွင်းမှ ချက်ချင်းထွက်ကာ ခြံတံခါးဖွင့်သည့် ခလုပ်ကို နှိပ်ပေးသည်။ ကားထဲမှလူသည် ခြံတံခါး လုံးလုံးပွင့်သည်ကိုပင် မစောင့်နိုင်။ ကားဝင်နိုင်ရုံခန့် ခြံတံခါးပွင့်သည်နှင့် တပြိုင်နက် ရေကြီးသုတ်ပြာနှင့်ပင် ကားကို တရှိန်ထိုး မောင်းဝင်သွားလေတော့သည်။ အဂ္ဂသည် သူ့ကို လူလူသူသူပင် မဆက်ဆံနိုင်ပဲ မောင်းဝင်သွားသော ကားသမားကို မျက်စိတစ်ဆုံးလိုက်ကြည့်မိသည်။ ညမီးရောင် မှိန်ပျပျအောက်တွင် ကားမှန်အနက်‌ရောင်ထဲမှ ကားမောင်းသူကို သဲသဲကွဲကွဲ မမြင်လိုက်သော်လည်း ကားမောင်းလာသူသည် မိန်းကလေးတစ်ဦးဖြစ်သည်ကိုတော့ အဂ္ဂ သတိထားမိလိုက်သည်။

Comments

Popular posts from this blog