ဒေါ်တင်
ဒေါ်တင် တစ်ယောက် နေပူထဲမှ အူလျားဖားလျား ပြန်လာလေသည်။ နေပူကြီးမို့
ခြေထောက်လည်းရေမဆေးရဲ။ လူကလည်း အသက်က ၅၅ နှစ်ထဲ ရောက်နေပြီမို့ အရင်ကလို သွက်သွက်လက်လက်မဟုတ်တော့ပေ။ ဒီတော့ အိမ်ထဲမ၀င်ခင်
အိမ်ရှေ့က ကုက္ကိုပင်အောက် တစ်ထောက်နားရလေသည်။ ကုက္ကိုပင်အောက်မှာက လှစိန်တို့
အေးမြတို့က ကြို၍ရောက်နှင့်နေတတ်သည်။ ပြောမဲ့သာပြောတာ သူတို့ က လင်လုပ်စား အေးဆေး
ထိုင်စားရင်း နေ့လည်ဘက်ဆို ကုက္ကိုပင်အောက် ချဲစုတွက်ကြ၊ အတင်းထိုင်တုပ်ကြနှင့်
သာရှိကြလေသည်။ အခုလည်း စာရွက်တစ်ရွက်ကို ခဲတံတံတွေးဆွတ်လို့ အေးမြတစ်ယောက်
တွက်ချက်နေသည်ကို ဒေါ်တင် ခပ်လှမ်လှမ်းက ြမင်လိုက်ရသေးသည်။
" ကဲ၊ ကောင်မတွေ၊ ဒီနေ့ရော ဘာကောင်းသတဲ့တုံး။..... "
ခရီးမရောက်မဆိုက် ဒေါ်တင်က မေးလေသည်။
" ဘာမှမထူးပေါင်အစ်မရယ်၊ ကျွန်မဖြင့် ခွန်ပူး(၇၇) ကို
သုံးရက်မွေးထိုးနေတာ တစ်ရက်မှမပေါက်လို့ ယောက်ျားကတောင်
မျက်စောင်းထိုးနေပါရောလား။......" ဟု အေးမြက သွက်သွက်လက်လက် ပြန်ဖြေသည်။
အေးမြက မောင်မျိုးဆွေနဲ့ အိမ်ထောင်ကျမှ ဒီလို စည်းစိမ်ယူကာ ချဲတွက်နိုင်ခြင်းဖြစ်သည်။
မောင်မျိုးဆွေနဲ့ မညားခင်တုန်းကတော့ အေးမြတစ်ယောက် အရွက်စုံ ခေါင်းရွက်၍
ဗျပ်ထိုးကာ ရောင်းနေကျမို့ ဘယ်နေရာ ဘာရှိသည် ဆိုတာ သူက အကုန်သိသည်။ အမှန်ဆို
ဒေါ်တင်နဲ့ လှစိန်တို့ နှလုံးထိုးတတ်တာလည်း သူအဆွယ်ကောင်းသောကြောင့်ဖြစ်သည်။
" ဟုတ်ပ အစ်မရယ်၊... ကျွန်မလည်း နားမလည်း ပါးမလည်နဲ့
အေးမြတွက်တာသာ ထိုင်ကြည့်နေရတာ။ အခုတလော ညဘက်အိမ်မက်တွေလည်း မမက်ဘူးတော့။
ဦးဇင်းသန်း၀င်းစာစဉ်ကလည်း မမှန်ဆယ်ချက်၊ မှန်တစ်ချက်ပါတော်။ ဟိုဘက်ရက်ကွက်မှာတော့
လူခြောက်လေးပေါ်တယ် ကြားတယ်။ မှန်လိုက်တာမှ သွေးထွက်မခန်းဆိုပဲ။ ညနေ ကျွန်မတို့
အခြေအနေလေး သွားကြည့်မလို့.... အစ်မလိုက်ခဲ့ပါဦးလား။ " အပျိုကြီးလှစိန်က
သူ့၀သီအတိုင်း ရေပက်မ၀င်အောင် ညည်းပြလိုက်သေးသည်။ လှစိန်က
အပျိုကြီးလို့သာဆိုပါတယ်။ ကလေးနှစ်ယောက်နှင့်။ ရက်ကွက်ထဲ နှုတ်ကျိုးနေပြီမို့သာ
အပျိုကြီးခေါ်၊ ခေါ်နေရတာ။ ယောက်ျားငယ်ငယ်လေးယူထားတော့
အများကမေးငေါ့တာခံရတာပေါ့လေ။ သူတို့မိသားစုကအနည်းငယ်ချောင်လည်ပါတယ်။ ဒါကြောင့်လည်း
ယောက်ျားက ၀ပ်ရှော့မှာအလုပ်လုပ်နေချိန်၊ ကလေးနှစ်ယောက် ကျောင်းပို့ပြီး သူက
အိမ်မှာ နှပ်နေရုံသာ။ သူ့ယောက်ျား သိန်းမောင်ကလည်း အပျိုကြီးပြီး ရင် အကုန်ပြီးသည်မို့
ထွေထွေထူးထူး ပြဿနာရယ်လို့ သူတို့မိသားစုမှာ မရှိရှာ။
တစ်ဖက်က အေးမြနဲ့ မျိုးဆွေတို့ကတော့ ညရောက်တိုင်း
တကျက်ကျက်ဖြစ်တတ်ကြလေသည်။ များသောအားဖြင့် အေးမြ ချဲရှုံးတဲ့ နေ့တွေပေါ့။
အေးမြကလည်း လွန်လှပေသည်။ တစ်ခါများ ယောက်ျားဖို့ ထမင်းချက်စရာ ပိုက်ဆံမကျန်သည်အထိ
မက်မက်မောမော ချဲထိုးတတ်သည်။ ဒီလိုနေ့မျိုးဆိုရင်တော့ ကြားရပါလိမ့်မည်။
မောင်မျိုးဆွေက အေးမြကို ချဲဒိုင် လှဝေနဲ့ ပေးစားဆဲတတ်သလို၊ အေးမြကလည်း
တစ်ခွန်းမကျန် ပြန်ပြန်ပက်တတ်လေသည်။ မနက်ရောက်ရင်တော့ သူတို့မဟုတ်သည့်အတိုင်း
ယောက်ျားက ထမင်းချိုင့်ဆွဲလို့ အလုပ်သွားတတ်သလို မိန်းမကလည်း ဒေါ်တင့် အိမ်ရှေ့က
ကုက္ကိုပင်မှာ ချဲလာတွက်နေတတ်ပြန်သည်။
ဒေါ်တင်ကတော့ တစ်ယောက်တည်းသမားပါ။ သားသမီးနှစ်ယောက်ရှိပေမဲ့
ဘယ်သူနဲ့မှ လိုက်မနေပဲ တစ်ဦးထဲ ကိုယ့်ခြံ၊ ကိုယ့်၀န်းနဲ့ နေတတ်သည်။
ပိုက်ဆံများများစားစား မရှိရှာပေမဲ့ အိမ်ဆိုင်လေးတည်ထားသည်မို့ သူ့အတွက်တော့
ဖူလုံသည်ဟု ဆိုရပေမည်။ တစ်ခါတစ်လေလည်း သားနဲ့ သမီးတွေက မွေးတဲ့ မြေးတွေက
ရောက်လာပြီး အဖော်နေပေးတတ်ကြလေသည်။
" ငါတော့ မနက်က ဘုရားမှာ ဆွမ်းတော်ကပ်သဟေ့။ ပြီးတော့
အရှင်ဘုရား တပည့်တော်မကို ပေါက်ဂဏန်းလေးများ ပေးသနားပါဦးလို့ ဆုတောင်းသတော်။
အဲ့ဒီမှာပဲ ဘုရားပေးတဲ့ ဂဏန်းပါအေ။ အမွှေးတိုင်ပြာတွေက ကွက်ကွက်ကွင်းကွင်းကြီးကို
ခြောက် (၆) လို့ပြနေတာနဲ့ ကျုပ်လဲ ခြောက်ပတ်လိုက်တာပေါ့တော်။ အခုတော့ အထင်နဲ့အမြင်
တက်တက်ဆင်အောင် လွဲပါရောလား။"
ဟု ဒေါ်တင်က စိတ်နာနာနှင့် ပြောလေသည်။
အေးမြတစ်ယောက်ကတော့ သည်းကြီးမဲကြီး ခဲတံတစ်ချောင်းနဲ့
တွက်နေမြဲသာ။ နှလုံးထီဆိုတာ သူတို့ကို အားနေတဲ့ အိမ်ထောင်ရှင်မတွေအတွက်တော့
အပျင်းပြေ အလောင်းအစားဖြစ်လေသည်။ အရင်တုန်းကတော့ အပျော်တမ်း ကစားကြရာမှ အခုဆို
အားလုံးက ဘယ်သွားသွား၊ ဘာတစ်လုံးကောင်းတယ်၊ အပူးဆင်းမယ်၊ ဘာမွေးထိုးမယ်ဆိုတဲ့
စကားကိုသာ နားပူအောင်ကြားရတတ်လေသည်။ ဒါ့အပြင် ချဲဒိုင်ကလည်း ကောင်းဦးမှ။
မကြာသေးပါဘူး။ ဟိုးဘက်က ဒိုင်တွေအကြောင်းကြားလိုက်သေးသည်။ သုံးလုံးထီကို
အကန့်အသတ်မရှိရောင်းပြီး ပေါက်ကြတော့ ဒိုင်ကထွက်ပြေးလေသည်။ လောင်းကစားဖြစ်နေတော့
ရဲလည်းမတိုင်ရဲ တာမို့၊ ကိုယ့်ပေါင်ကိုယ်လှန်မထောင်းနေတော့ပဲ အံတကြိတ်ကြိတ်နဲ့သာ
ခံရခက်ကြရလေတော့သည်။
ဒေါ်တင်ကတော့ သူ့ဆိုင်လေးအတွက်
ကုန်စုံပစ္စည်းလေးတွေဖြည့်ဖို့ တစ်ဖက်တစ်လမ်းကနေ ချဲထိုးရင်း ငွေရှာလေသည်။
စိတ်ထဲမှာတော့ သူ့မြေးနဲ့မြေးမကို ဒီနှစ်ကုန်ရင် ရှင်ပြု နားသပေးမယ်လို့
ကြံထားတာပေါ့။ ဒါကြောင့်လည်း ဒေါ်တင်တစ်ယောက် အခုတလော ဘုရားနေ့စဉ်ရှိခိုးသည်။
အမွှေးတိုင်ကပ်သည်။ အိမ်တွင်းဖေကြီး အုန်းလဲသည်။ သူကအမွှေးတိုင်ကနေ
အတိတ်နမိတ်ယူပြီး ဂဏန်းကောက်တတ်သည် မဟုတ်ပါလား။ ပြီးခဲ့သည့် ရက်တွေကတောင်
အိမ်မက်ထဲမှာ ဘိုးတော်တစ်ပါးက ငါးတစ်ကောင်ပေးခဲ့သည်ဟု မြင်မက်ခဲ့တာကြောင့်
ဘယ်သူ့မှမပြောပဲ ကြိတ်ပြီး ငါး (၅)ပတ်နေတာပေါ့။ အေးမြရဲ့ကျေးဇူးကြောင့်လည်း
ဘယ်ဂဏန်းနဲ့ ပါဝါ၊ နက္ခတ်၊ ဒဲ့ဆင်း စသည်ဖြင့် အကုန်နားလည်လာသည်မို့
ဒေါ်တင်တစ်ယောက် မစားရ ၀ခမန်း ညဘက်အိပ်ခါနီးဆို အမြဲစဉ်းစားတတ်လာလေသည်။
ဈေးသွားတိုင်းလည်း ဟင်းစားပါချင်မှပါမယ်။ ဦးဇင်းသန်း၀င်း ချဲစာစဉ်ကတော့ မပါမဖြစ်
ပါတတ်လေသည်။ ဦးဇင်းသန်း၀င်းဟောတဲ့ ရောင်စုံ ချဲဂဏန်းလေးတွေထဲက
ကောင်းနိုးရာရာလေးတွေ ရွေးချယ်ကာ ကံစမ်းရတာကိုက ဒေါ်တင့်လို တစ်ကိုယ်တည်း
မုဆိုးမအတွက် စိတ်ဖြေစရာလေး ဖြစ်နေခဲ့တာမဟုတ်ပါလား။ တခါ တခါတော့လည်း ဒေါ်တင်
တွေးမိပါတယ်။ သူ့ရဲ့ အိမ်ဆိုင်လေးက ကုန်ဈေးနှုန်းတိုလီမုတ်စလေးတွေကရတဲ့ ၀င်ငွေနဲ့
သူ ချဲထိုးလို့ရှုံးတဲ့ထွက်ငွေက မမျှသာအောင် ဖြစ်နေတာမို့ ဒေါ်တင် စိတ်ပူရသည်
မဟုတ်ပါလား။ နောက်ပြီး အပျိုကြီးကတော့ ချောင်ချောင်လည်လည်နှင့်မို့ ပြောစရာ
အထွေအထူး မရှိပေမဲ့ အေးမြတစ်ယောက်ကတော့ နှလုံးထီကို စွဲမြဲစွာ ထိုးတတ်တာမို့
ဒေါ်တင့်ဆိုင်လေးက ပစ္စည်းတွေကိုပဲ "ချဲပေါက်ရင် ပြန်ဆပ်ပါ့မယ်တော်"
ဆိုတဲ့ စကားကတိပေးလို့ သုံးတတ်စွဲတတ်ပါတယ်။ သို့သော်ငြားလည်း အမှန်တကယ်
ချဲပေါက်တဲ့ အခါများတော့ အေးမြခမျာ ယောက်ျားဖြစ်သူ မောင်မျိုးဆွေကို
မျက်နှာလုပ်ရသည်မို့ ဒေါ်တင့် အကြွေးလေးတွေ ပြန်မဆပ်ဖြစ်ပေ။ ဒေါ်တင်လည်း
သူကိုယ်တိုင်က ဆည်းကပ်နေရတဲ့ ဆရာမကြီးတွေမို့ ပေါ်ပေါ်တင်တင်တော့
ကြွေးမတောင်းရဲပါ။မတော်လို့ အေးမြက ထလုပ်ရင် သူပဲ ခံရမှာမဟုတ်ပါလား။ ဟိုက
ခေါင်းရွက်ဗျပ်ထိုးသည် ဘ၀ထဲက အရပ်တကာ လှည့်လာတာမို့ ဇ က သေးတာ မဟုတ်ဘူးလေ။
ဒါကြောင့်မို့ မောင်မျိုးဆွေ လခ ထုတ်တဲ့ ရက်ကလေးကိုသာ မျှော်ကိုးပြီး
အိမ်လည်လာသယောင်၊ သတင်းမေးသယောင်နဲ့ ကိုယ်ရိပ်ပြကာ အကြွေးတောင်းရလေသည်။
မောင်မျိုးဆွေ ကိုယ်၌ကိုက သူ့မိန်းမ အေးမြကို အသွင်တူလို့
အိမ်သူအဖြစ်တော်ကောက်ထားတာမို့ ဒေါ်တင့်အရိပ်မြင်ပြီဆိုတာနဲ့ လင်မယားနှစ်ယောက်
ကမ္ဘာ့ရန်သူတွေလိုကို သတ်ကြလေတော့ ဒေါ်တင်လည်း တောင်းရမှ အားနာနေတော့တာပေါ့။
စိတ်ထဲမတော့ "ကမြင်းမ...နေနှင့်ဦးပေါ့။ အိမ်ရောက်မှ ကိုကြီးကျော်နဲ့
တိုက်လိုက်ဦးမယ်" လို့သာ ကြိမ်းရင်း လက်လျှော့ခဲ့ရတာ မနည်းတော့ ပါဘူးလေ။
တစ်ရက်ပေါ့။
" ဟဲ့ကောင်မတွေ ဒီနေ့ရော ဘာကောင်းသလဲအေ့" ဆိုပြီး
ဒေါ်တင်က အိမ်ဆိုင်မှာတင်ဖို့ ၀ယ်လာတဲ့ အထုပ်အပိုးတွေကို ကွပ်ပျစ်ပေါ်တင်လို့
ကုက္ကိုပင်အောက်မှာ ထုံးစံအတိုင်း အတွက်အချက်လုပ်နေကြတဲ့ အပျိုကြီးနဲ့ အေးမြကို
မြင်မြင်ချင်း လှမ်းမေးလိုက်သည်။ အချိန်က မွန်းလွဲ တစ်နာရီတောင် ရှိပြီမို့
ညနေပိုင်း နှလုံးထီ အပြေးကလေး ထိုးဖို့တော့ မှီသေးသည် မဟုတ်ပါလား။
" မနေ့က ခြောက်ခွန်
ဆင်းတယ်ဆိုတော့ ဒီနေ့ နက္ခတ်လေး ပြောင်းထိုးရင် ကောင်းမယ် အစ်မရဲ့" ဆိုပြီး
အေးမြက အာပေါင်အာရင်း သန်သန် ပြောလေသည်။
"ဖြစ်ရင်လည်း ဖြစ်နိုင်ပါတယ်လေ။ ဒီကောင်မ အေးမြက
ချဲဒိုင်လှဝေနဲ့ ဒီတလော သိပ်ကို တပူးပူးတတွဲတွဲ ရှိလှသည် မဟုတ်ပါလား" ဟု ဒေါတင် တွေးမိလိုက်သည်။
" ကျွန်မက တော့ ရှင်တို့ ထိုးတာပဲ လိုက်အောမှာနော်။ ဒီလို
မျိုး ခေါင်းရှုပ်ခံပြီး တွက်တတ်ပေါင်တော်။ ဒါပေမယ့် မနေ့ညက
ကိုသိန်းမောင်ကပြောတယ်။ 'မိန်းမရယ် နှလုံးထီတွေ လျှော့ထိုးပါတဲ့'။ ကျွန်မကလည်း ဘယ်ရမလဲ ကိုယ်က အကြီးဆိုတော့ နည်းနည်း ပါဝါပြပေးလိုက်တော့
သိန်းမောင်ခမျာ ဒီမနက် အလုပ်ကို ထမင်းချိုင့်တောင် ထည့်မသွားရှာဘူးလေ။
ကဲ...အခုတော့ ဘယ်သူကပြောနိုင်ဦးမလဲ" ဆိုပြီး အပျိုကြီးကလည်း ယောက်ျား
ငယ်ငယ်လေးကို နိုင်စားတတ်ပုံကိုများ စာဖွဲ့လို့ ဂုဏ်ယူလိုက်ပါသည်။
" ဪ ညည်းနှယ်အေ...ယောက်ျားဆိုတာ အဲ့ဒီလို အကြမ်းနည်းနဲ့
မကိုင်ရဘူးအေ့။ အိမ်ကလူကြီးဆို ကွန်မနဲ့ ဘယ်လောက် သတ်သတ် နောက်ဆုံးတော့
ကျုပ်ဆန္ဒပဲ လိုက်လျောပေးရတာပဲကြည့်" အေးမြကလည်း မဆီမဆိုင်
၀င်ပြောလ်ိုက်ပါသေးသည်။
" ဟုတ်ပါပြီ။ ကဲ...အခု နင်တို့က ဘာထိုးကြမှာလဲပြော။ ငါ
အိမ်ထဲမ၀င်ခင် နင်တို့ ထိုးမဲ့ အကွက်ထဲ ပိုက်ဆံလေး
နည်းနည်းလိုက်ချင်လို့ပါအေ" ဟု ဒေါတင်က စိတ်မရှည်တဲ့ လေသံနှင့်
တွတ်ထိုးလိုက်သည်။
" ကွန်မလည်း အဲ့ဒါစဉ်းစားနေတုန်းပဲတော့။ ညနေ
ဟင်းစားလေးချက်ဖို့ ငွေ ရှစ်ရာပဲ လက်ထဲမှာ ကျန်တော့တာမို့ ဒီ အကွက်လေးတွေ
ထိုးရင်ကောင်းမလား စဉ်းစားနေတာ။ ဒီတခါ ကျွန်မ နှထုံး ထပ်ရှုံးရင် ကိုမျိုးဆွေက
ပြောလို့ကို ပြီးမှာ မဟုတ်တော့ဘူးလေ။ သူ့ခမျာလည်း သနားပါတယ်။ နေ့စဉ်ရက်ဆက်ပြီး
ဘဲဥရေလုံပြုတ်နဲ့ နှစ်ပါးသွားနေရရှာတာ" လို့ အေးမြက မပြောစဖူး
ခြင့်ခြင့်ချိန်ချိန်နဲ့ ပြောလေသည်။
" ဒါများ အေးမြရယ်။ အရင်လိုပဲ အစ်မတင့်ဆိုင်က အာလူးလေး၊ ပဲလေး
ခဏယူပြီး ချက်ကျွေးလိုက်ပေါ့" ဆိုပြီး အပျိုကြီးက လောကွတ်ချော်တော့ ဒေါ်တင်က
သူ့ကို ပြောတတ်ရန်ကော ဆိုတဲ့ အကြည့်နဲ့ ကြည့်လိုက်ပါသေးသည်။ ခဏနေတော့မှ
ဒေါ်တင်လည်း အေးမြကို စာနာလှသည်မို့
" အေးပါလေ။ ဒီတခါ ယူတဲ့ဟာတွေကိုလည်း အရင် အကြွေးစာရင်းထဲ
ထည့်မှတ်ထားလိုက်မယ်နော် အေးမြ" ဆိုတော့မှ အေးမြလည်း တာမည်နဲ့ လိုက်အောင်
အေးမြအောင် ပြုံးလို့ ဒေါ်တင့်ကို ကျေးဇူးတင်သော မျက်လုံးကြီးများဖြင့်
စိုက်ကြည့်လေသည်။ အဲ့ဒီတော့ ဒေါ်တင်က လက်ထဲ ကျန်နေတဲ့ ငါးရာတန် တစ်ရွက်ကို
ထိုးပေးလို့ သူ့အတွက်ပါ စိုက်ထိုးခဲ့ဖို့ ပြောရင်း အိမ်ထဲ၀င်သွားလေတော့သည်။
ထို့နောက် ဒေါ်တင်လည်း ပါလာတဲ့ အထုပ်အပိုးတွေ ဖြေလို့ မနက်ဖြန် ဆိုင်လေးကို ကျကျနန
ပြန်ဖွင့်ဖို့စဉ်းစားရင်းက နေ့လည်ခင်း တရေးတမော အိပ်ပျော်သွားပါတော့သည်။
" အစ်မတင်...အစ်မ"
ရုတ်တရက် အိမ်ရှေ့က ခေါ်သံကြောင့် ဒေါ်တင် အိပ်ရာထဲက
အလူးအလဲ ကုန်းထလိုက်သည်။ ခေါ်သံနှင့်အတူ လူတစ်ကိုယ်လုံး ပေါ်လာတော့မှပဲ
အိမ်ရှေ့မှာ မတ်တပ်ကြီး ရပ်နေတာက အပျိုကြီးရယ်ပါ။
" ဘာတုန်းတော့ အပျိုကြီးရဲ့။ ကျုပ် ချဲပေါက်လို့လား"
ဆိုပြီး ဒေါတင်က ဆီးကြိုမေးလေတော့မှ အပျိုကြီးလည်း အမောတကော ပြန်ဖြေရှာပါသည်။
" ဘယ်ကသာ ချဲပေါက်ရမလဲတော်။ ဟို သေချင်းဆိုး လှဝေက ဒီနေ့ညနေ
ချဲကြွေးတွေ မလျော်နိုင်လို့ ထွက်ပြေးသွားတယ်လေ"
" ဟေ...အမလေး။ ကာလနာ ကြီးနှယ်...မရှိလို့
နှလုံးထီထိုးပါတယ်ဆိုမှ သူမို့ လုပ်ရက်တယ်ဟယ်။ ငါ့မြေးလေးတွေကို ရှင်ပြုပေးဖို့
ရည်မှန်းထားတဲ့ ပိုက်ဆံလေးကို မြိုစို့တဲ့ဟာတွေ တနေ့တော့
ဘုရားရိုက်လိမ့်မယ်အေ့" လို့ ဒေါတင်က ဒေါသ တကြီး ကျန်ဆဲလေသည်။
" အို...ဒေါ်ကြီးတင်ရေ။ ဘုရားရိုက်တာက နောက်မှ မောင်မျိုးဆွေ
အထောင်းကို ကျွန်မတို့က အရင်ခံရမှာတော့။ ဟို ကောင်မ အေးမြက ချဲဒိုင် လှဝေနဲ့
တခါတည်းလိုက်ပြေးသွားပြီတော့"
"အမယ်လေး ဘုရား ဘုရား။ မိုက်လိုက်တဲ့ အေးမြနှယ်" လို့သာ
ဒေါ်တင်တစ်ယောက် ရင်ဘတ်ကလေး ဖိလို့သာ တမ်းတ နိုင်ပါတော့သည်။ အေးမြမရှိတော့ဘူးဆို
သူ့အကြွေးတွေ ဘယိသူက ဆပ်မှာပါလဲ။ သူ့ယောက်ျား မောင်မျိုးဆွေကလည်း သူ့မယား ကမြင်းမ
ယူထားတဲ့ အကြွေးတွေကို ဆပ်မှာမဟုတ်။ အခူမှပဲ မြေးလေးတွေကို ရှင်ပြုဖို့ စုထားတဲ့
ပိုက်ဆံ တွေ ပြုတ်ပြုတ်ပြန်းကုန်ပါရောလားလို့ တွေးပြီး ဒေါ်တင်
ငိုချင်သွားပါတော့သည်။
" ဟုတ်ပ အစ်မရေ။ မျိုးဆွေ တစ်ယောက် ဒေါသထွက်နေလိုက်တာများ
မိုးမွှန်လို့ပေါ။ အေူမြက လူတစ်ကိုယ်တည်း လိုက်သွားတာ မဟုတ်ဘဲ သူတို့ အိမ်ဂရံကိုပါ
ပေါင်ပြီး လိုက်သွားတာတော့။ အဲ့ဒီတော့ မျိုးဆွေခမျာ ကတုံးပေါ်ထိပ်ကွက်
ခံလိုက်ရလို့ မကြေမချမ်းဖြစ်ပြီး လူတကာ ပတ်ရမ်းနေတာနဲ့ ကျွန်မလည်း အစ်မကို
အကျိုးအကြောင်းသိရအောင် လာပြောတာ။ ကျွန်မလည်း ကိုသိန်းမောင် မရောက်ခင် အိမ်
ပြန်လိုက်ဦးမယ်နော် အစ်မ" ဆိုပြီး အပျိုကြီးက ခပ်သုတ်သုတ်ပြေးသွားလေတော့
ဒေါ်တင် တစ်ယောက်တည်း ငိုင်ပြီး ကျန်နေခဲ့ရပါတော့သည်။ အခုတော့ မြေးလေးတွေကို
သင်္ကန်းပိုက်ပြီး ရှင်ပြုပေးမယ်ဆိုတဲ့ သူ့အိပ်မက်လေး လေထဲမှာ
ပျောက်ကွယ်သွားခဲ့ရပြီ မဟုတ်ပါလား။
ဒီလိုနဲ့ မကြာလိုက်ပါဘူး။ အေးမြသတင်းလည်း ဟိုဘက်ရွာပဲ
ရောက်နေသလိုလို၊ မြို့ပဲ တက်သွားသလိုလိုနဲ့သာ ဘယ်လိုက်လို့လိုက်ရမှန်းမသိ
အဆုံးသတ်သွားသလို မောင်မျိုးဆွေတစ်ယောက်လည်း မယား ပစ်သွားတုန်းကသာ အော်ကြီး
ဟစ်ကျယ် မိုးမွှန်အောင် ဆဲနေပေမဲ့ တစ်လအတွင်းမှာပဲ နောက်မိန်းမယူလို့ အရင်လို
ပြန်တည်ငြိမ်နေပါပြီ။ နောက်မိန်းမကတော့ နှလုံးထီမထိုးဘဲ ငြိမ်ငြိမ်ကုပ်ကုပ်လေးမို့
မောင်မျိုးဆွေ စိတ်အေးရတာပေါ့။ နောက်ထပ် ထူးခြားတာ တစ်ချက်ကတော့ အေးမြ
နောက်ယောက်ျားနေက် လိုက်ပြေးပြီး သိပ်မကြာခင်မှာပဲ အပျိုကြီး ယောက်ျား
သိန်းမောင်လည်း အလုပ်ထဲက မိန်းကလေးတစ်ယောက်နဲ့ ငြိစွန်းလို့ ထမင်းတောင်
ဖွယ်ဖွယ်ရာရာ ချက်မကျွေးတတ်ဘဲ နှလုံးထီသာ အင်တိုက်အားတိုက် ထိုးတတ်တဲ့ အပျိုကြီး
လှစိန်ကို ထားခဲ့လေသည်။ လှစိန် ခမျာလည်း ကလေးနှစ်ယောက်နဲ့ ကျန်ခဲ့ရသည်မို့ အရပ်က
သနားတာခံရသော်လည်း အပြုံးမပျက် နှလုံးထီ ထိုးဆဲပင်။ ဒေါ်တင်တစ်ယောက်လည်း
ပတ်၀န်းကျင်က သံဝေဂ ရစရာတွေကို ရှုမြင်ရင်း နှလုံးထီကို ရပ်တန်းက
ရပ်ပေတော့မဟဲ့လို့ကြုံးဝါးခဲ့ပေမဲ့ နောက်ဆုံးတော့လည်း ဒီဘူတာဆိုက်ရတာပါပဲလို့
ပြောရမလိုကို နှလုံးထီ နွံထဲမှာ နစ်သထက်နစ်လို့ အိမ်ဆိုင်လေးပါ
ဖြုတ်ခဲ့ရပေတော့သည်။
" အစိန္တေယျ၊ အစိန္တေယျ၊ အစိန္တေယျ...ကျေးဇူးတော်အစုံ.....
ဤသို့ပြုရ ကုသလကြောင့် တပည့်တော်မ ကို ပေါက်ဂဏန်းလေး
အိပ်မက်ပေးပါဦးဘုရား.....။"
Comments
Post a Comment