The LOST Luggage
အခန်း (၂) (ခ)
‘အဓိပ္ပါယ်ဆိုသည့် စကားလုံးကို ဘယ်လို
အဓိပ္ပါယ်ဖွင့်ကြသလဲ’ ဟု သီတာတင့်ကတွေးသည်။ လွန်ခဲ့သည် တစ်နာရီအတွင်း
ဖြစ်ပျက်ခဲ့သော ဖြစ်ရပ်များအားလုံးသည် ထိုစကားလုံး၏ ဆန့်ကျင်ဘက်ချည်းသာ။
နာဆာဗီးဂတ်ဟိုတယ်ကိုရောက်ရန် ရန်ခမန်ဘူတာမှ
၃မိနစ်ခန့်သာ လမ်းလျှောက်ရသည်။ ဘူတာအပေါ်ဆုံးထပ်မှဆင်းကာ ပထမထပ်သို့ရောက်လျှင်
ရထားလက်မှတ်အဖြစ်ပေးထားသည့် ကော်ပြားကလေးကို ဂိတ်ပေါက်ဝတွင်ထည့်ပြီး သီတာတင့်က
ဘူတာအပြင်သို့ထွက်လိုက်သည်။ ထို့နောက် ဘူတာနှင့်ဆက်စပ်ထားသော လမ်းကြောင်းမှတဆင့်
လက်သည်းအလှပြင်ဆိုင်ခန်းများ၊ ရုံးခန်းများရှေ့မှဖြတ်ကာ နာဆာဗီးဂတ်ဟိုတယ်ဘက်သို့
သီတာတင့် လမ်းလျှောက်သည်။ နာဆာဗီးဂတ်ဟိုတယ်နှင့် ရန်ခမန်ဘူတာက ကားလမ်းမ၏
ဘယ်ညာတွင်အသီးသီးတည်ရှိကြသော်လည်း ဘူတာ ပထမထပ်မှတဆင့်
အောက်မြေညီထပ်သို့ဆင်းစရာမလိုဘဲ တန်းသွားနိုင်သဖြင့် ခရီးသွားဧည့်သည်များအတွက်
အတော်လေး အဆင်ပြေသည်။ နာဆာဗီးဂတ်ဟိုတယ်ရှေ့ရှိ ဟိန္ဒူဘုရား ဦးခေါင်းလေးလုံးနှင့်
ဗြဟ္မာကြီး၏ အသွင်ကလည်း ကြည်ညိုစရာ ခန့်ခန့်ထည်ထည်နှင့်ပင်။ အရပ်လေးမျက်နှာကို
စောင့်ရှောက်နေပုံရသော ဗြဟ္မာကြီး၏ မျက်နှာတော်ကိုကြည့်ပြီး သီတာတင့်စိတ်ထဲ
အတန်ငယ်မျှ အေးချမ်းသွားရသည်။
ဟိုတယ်ဝန်ထမ်းကောင်လေးက အခန်းလိုက်ပြကာ
“ကောင်းကောင်းအနားယူပါ” ဟု အင်္ဂလိပ်လိုနှုတ်ဆက်ကာ ထွက်သွားသော်လည်း
သီတာတင့်တစ်ယောက် ဟိုတယ်ခန်းထဲတွင် ကြောင်တောင်တောင်ဖြစ်နေသည်မှာအမှန်။ ‘ငါ
ဆေးများသုံးမိသလား’ ဟု သီတာတင့်တွေးမိသော်လည်း သူမှတ်မိသည့်အရာများထဲတွင်
ဆေးတစ်စုံတရာအကြောင်း တစိုးတစိမျှမရှိ။ လေယာဥ်ပေါ်တွင် ခံစားခဲ့ရသော
ငှက်တစ်ကောင်ကဲ့သို့ ပေါ့ပါးသည့် ခံစားချက်တို့သည် ယခုတွင်မူ ခဲဆွဲထားသကဲ့သို့ပင်
လေးလံလျှက်ရှိနေသည်။ ‘ဟုတ်ပြီ။ ငါ အရင်ဆုံး ခေါင်းအေးအေးထားပြီး
ပစ္စည်းတွေထုတ်ထားလိုက်မယ်။ တဖြည်းဖြည်းနဲ့ ငါ ပြန်မှတ်မိလာမှာပါ’။ သီတာတင့်က
ကိုယ့်ကိုယ်ကိုယ် အားပေးပြီး ရေချိုးခန်းသို့ ဝင်ကာ မျက်နှာသစ်သည်။ ဘေစင်ရေ၏ ကလိုရင်းနံ့ကြောင့်
သီတာတင့် နှာခေါင်းရှုံ့လိုက်သည်။ ‘ဒီကလိုရင်းနံ့ကို သိပ်မုန်းတာပဲ’။
ထို့နောက် သီတာတင့်သည် သူ့ခန္ဓာကိုယ်ပေါ်မှ အဖြူနှင့်အနက် အစင်းကြားစပ်ထားသော
မိန်းမဝတ်ရှပ်အင်္ကျီနှင့် ဂျင်းဘောင်းဘီအရှည်ကို ချွတ်ပြီး သူ့ကိုယ်သူ
မှန်ထဲတွင်ကြည့်လိုက်သည်။ အနက်ရောင် အတွင်းခံအောက်က ထိုးထွက်နေသော ရင်သားနှင့် အရေပြားတို့သည်
ချွေးနှင့် ရေမွှေးနံ့တို့ ပေါင်းစပ်ကာ ငြီးစီစီဖြစ်နေသည်ဟု သူကထင်သည်။
တစ်သျှူးအချို့ဖြင့် ရင်ဘတ်ကြားရှိ နေရာသို့ လက်နှိုက်ကာ ချွေးသုတ်လိုက်သော်လည်း
အခြေအနေက ရေချိုးမှ ရမည်ဖြစ်ကြောင်း သူနားလည်လိုက်သည်။ ‘မထူးတော့ပါဘူး။ ရေပဲ
တန်းချိုးလိုက်တော့မယ်’။
တစ်ကိုယ်လုံး သန့်စင်အောင် ရေနွေးနွေးနှင့်
ချိုးလိုက်ရသဖြင့် သီတာတင့်တစ်ကိုယ်လုံး ပေါ့ပါးသွားသလို ခံစားလိုက်ရသည်။
အင်္ကျီဟောင်းတွေကတော့ မနက်မှပဲ လျှော်တော့မည်။ အခုတော့ ခရီးဆောင်အိတ်ထဲက
ပေါ့ပေါ့ပါးပါး ညဝတ်အင်္ကျီထုတ်ဝတ်ပြီး အိပ်လိုက်တော့မည်ဟု သူက တွေးသည်။ ထို့နောက်
အခန်းထောင့်တွင် ထောင်ထားသော ခရီးဆောင်အိတ်ကို ကုတင်အနီးရွှေ့ကာ လက်ဆွဲအိတ်ထဲမှ
သော့ကိုထုတ်ပြီးဖွင့်ဖို့ သူကြိုးစားလိုက်သည်။ သော့ချိတ်ကွင်းတွင် ချိတ်ထားသော
ပျံလွှားတံဆိပ် သော့တံနှစ်ချောင်းအထဲမှ ခပ်ရှည်ရှည် တစ်ချောင်းကို ရွေးပြီး သီတာတင့်က
ခရီးဆောင်အိတ်၏ ဇစ်နှစ်ချောင်းကို ပူးခတ်ထားသည့် သော့ကိုဖြည်သည်။ သော့ချောင်းရှည်ကလေးက
ချောက်ခနဲမြည်ကာ အလွယ်တကူပင်သော့ပွင့်သွားသည်။ ထို့နောက် ဇစ်ခေါင်းနှစ်ဖက်ကို
ချုပ်ထားသော ခရီးဆောင်အိတ်၏ နံပါတ် ၃ လုံးပါသည့် သော့၏ ဂီယာကို ကိုင်ကာ သူက သုည ၃
လုံးစလုံးတန်းအောင် လှည့်လိုက်ရာ ထိုသော့သည်လည်း အလွယ်တကူပင်ပွင့်သွား၏။
သီတာတင့်လည်း သော့ကို ကုတင်ပေါ် ခဏချကာ ဇစ်နှစ်ဖက်ကို ဆွဲဖွင့်လိုက်သည်။
ဘန်ကောက်ရောက်ရောက်ချင်း သီတာတင့်အတွက်
သူ့ကိုယ်သူ မေးခွန်းထုတ်ရသည်က အတော်ပင် ခေါင်းခြောက်စရာကောင်းသည်ဟု တွေးခဲ့သည်။
သို့သော် ဒီထက် ခေါင်းခြောက်စရာကောင်းသော ကိစ္စနှင့် တွေ့ကြုံရမည်ဟု သူ
မထင်ထားမိခဲ့ပေ။ ဖြစ်နိုင်လျှင် သူ့ရှေ့က ခရီးဆောင်အိတ်ကိုဖွင့်ကြည့်မည့်အစား
ဘန်ကောက်ကို ပျံသန်းလာသော လေယာဥ်ပေါ်သို့သာ သီတာတင့် ပြန်တက်ပြေးသွားလိုက်ချင်သည်။
ကြက်သွေးရောင် ခရီးဆောင်အိတ်ထဲတွင်တော့ သွေးစွန်းနေသော ဝက်ဝံရုပ်လေးတစ်ခု နှင့်
ခေါက်ဖုန်းတစ်လုံးကို အဖြူရောင် စက္ကူရွက်ထပ်များအောက်တွင် သူတွေ့လိုက်ရသည်။ ‘ဒါ
ငါ့ ခရီးဆောင်အိတ်မဟုတ်ဘူးပဲ။ ငါ အိတ်မှား ယူလာခဲ့တာလား’ ဟူသည့် သီတာတင့်၏
အတွေးပင် မဆုံးလိုက်နိုင်ပေ။ ရုတ်တရက် ခေါက်ဖုန်းဆီမှ တီခနဲမြည်ကာ မက်ဆေ့တစ်ခု
ဝင်လာသည့်အသံကြောင့် သီတာတင့် ကုတင်ပေါ် ခုန်တက်မိမတတ် လန့်သွားသည်။
သူ့ဦးနှောက်သာ စက်တစ်ခုဆိုလျှင် ယခုလောက်ဆို ရှော့ဖြစ်ကာ ပေါက်ကွဲသွားလောက်ပြီဟု
သီတာတင့်ထင်သည်။ ‘ဒါက ဘယ်သူ့ ခရီးဆောင်အိတ်ကြီးလဲ။ ငါ့အိတ်ထဲကသော့က ဘာလို့ ဒီခရီးဆောင်အိတ်ကို
ဖွင့်လို့ရနေတာလဲ။ ဒီထဲက သွေးစွန်းနေတဲ့ ဝက်ဝံရုပ်နဲ့ ခေါက်ဖုန်းကရော ဘာတွေလဲ’
ဆိုသည့် မေးခွန်းတို့က သီတာတင့်ဦးနှောက်သွေးကြောတို့ကို တဒုတ်ဒုတ်ထိုးကာ
နှိပ်စက်နေကြသည့်နှယ်။ သို့သော် သီတာတင့်သည် အသိစိတ်တို့ကို စုစည်းကာ
သက်ပြင်းရှည်ကြီးတစ်ခုကို အရင်ချလိုက်သည်။ ထို့နောက် ခရီးဆောင်အိတ်ထဲရှိ
သွေးစွန်းနေသော ဝက်ဝံရုပ်ဘေးမှ ခေါက်ဖုန်းကို ဆွဲလှန်ကာ မက်ဆေ့ပုံဆီသို့
ကွန်ထရိုးခလုပ်ဖြင့် သွား၍ ဖွင့်ဖတ်ကြည်လိုက်ရာ သီတာတင့် မျက်လုံးအစုံတို့သည် နဂိုကထက်ပင်
အဆမတန် ပြူးကျယ်သွားရတော့သည်။
“ YOU ARE LATE, THIDAR TINT.”
Comments
Post a Comment