The Lost Luggage 

အခန်း (၂) (က)

ဟိုတယ်ခန်းသို့ရောက်သည်နှင့် ကြက်သွေးရောင် ခရီးဆောင်အိတ်ကို အခန်းဘေးချပြီး သီတာတင့် အိပ်ရာပေါ် ပစ်လှဲချလိုက်သည်။ လွန်ခဲ့သည့် တစ်နာရီအတွင်း ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးက သီတာတင့်အတွက် အဓိပ္ပါယ် ရှိမနေပေ။ အမှန်ဆိုလျှင် လူတစ်ယောက်က ကိုယ့်ကိုယ်ကိုယ် ဘယ်သူမှန်း မသိဘူးဆိုတာ နည်းတဲ့ ပြဿနာတော့မဟုတ်။ သို့သော် သီတာတင့် စိတ်ကို ငြိမ်ငြိမ်ထားပြီး ကောင်းကောင်း ဖြေရှင်းဖို့ ကြိုးစားခဲ့သည်။

For shopping”

‘စျေးဝယ်ထွက်ဖို့ပါ’ ဟု ဖြေလိုက်သော သီတာတင့်ကို အရာရှိမလေးက ခြေအဆုံးခေါင်းအဆုံး အကဲခတ်လိုက်သည်။ ထို့နောက် အရာရှိမလေးသည် ကွန်ပျူတာစကရင်ကို ပြန်ကြည့်ပြီး တစ်ခုခုကို စစ်ဆေးနေသည်။ သီတာတင့်က သူ့ကို ပြုံးပြပြီး သူ့လက်ထဲရှိ ဟိုတယ်ဘွတ်ကင်နှင့် လေယာဥ်လက်မှတ်တို့ကိုလည်း ထိုးပေးလိုက်၏။ ထို့နောက် အရာရှိမလေးက သူ့ကို မေးခွန်းတစ်စုံတရာမမေးတော့ဘဲ ရှေ့က ခရီးသည်များကဲ့သို့ပင် မျက်လုံးစကန်နှင့်အတူ လက်ဆယ်ချောင်းတို့ကိုပါ စကန်ဖတ်ပြီး နှုတ်ဆက်လိုက်လေတော့သည်။

အရာရှိမလေးထံမှ မီးစိမ်းပြတော့မှပဲ သီတာတင့်လည်း သက်ပြင်းလေးခိုးချရသည်။ သို့မဟုတ်လျှင်လည်း ပြဿနာတော့မရှိ။ အရာရှိမလေးထံသို့ မကမ်းပေးခင် လေယာဥ်လက်မှတ်ပေါ်မှ သူ့နာမည်နှင့် ၅ ရက်တာတည်းခိုဖို့ စီစဥ်ထားသော ဘွတ်ကင်စာရွက်တို့ကို သူ ခိုးဖတ်လိုက်ပြီးပြီ မဟုတ်ပါလား။ သို့သော် သူ့ဦးနှောက်ထဲတွင်တော့ အရာရှိမလေး၏ မေးခွန်းက ပဲတင့်ထပ်ရိုက်နေသလိုပင် သီတာတင့် ခံစားလိုက်ရသည်။ ၅ရက်စာဟိုတယ်ပေါ်က ‘သီတာတင့်’ ဆိုသည့် နာမည်က သူ့အတွက် သူစိမ်းတစ်ယောက်ကဲ့သို့ပင်။ ‘ငါ့နာမည်က သီတာတင့်တဲ့လား။ ‘၅ရက်ခြား အသွားအပြန် လေယာဥ်လက်မှတ်ဖြတ်ပြီး ငါက ဘာလို့ ဘန်ကောက်ကို ရောက်နေရတာလဲ’ ဟူသည့် မေးခွန်းကြောင့် သီတာတင့် အသက်ရှူကြပ်လာသလို နားထင်စပ်တွင်လည်း ချွေးပြန်လာသလိုပင်။ ‘တော်ပါသေးရဲ့။ အရာရှိမလေးက ထပ်မမေးတော့လို့’

အရာရှိမလေး ပြန်ကမ်းပေးသည့် စာရွက်စာတမ်းတို့ကို ဟန်မပျက်ပြန်ယူပြီး ဂိတ်ပေါက်ကိုဖြတ်ကာ သီတာတင့် ခပ်သုတ်သုတ် လျှောက်သွားလိုက်သည်။ ဘယ်ဘက်ပုခုံးပေါ်တွင် အိတ်တစ်လုံးသာ လွယ်ထားသော်လည်း သီတာတင့်တစ်ကိုယ်လုံး လေးလံနေသလို ခံစားလိုက်ရ၏။ ထို့နောက် လက်ထဲက ပါ့စ်ပို့ ဘိုင်အိုစာမျက်နှာကို သီတာတင့် လှန်ကြည့်လိုက်သည်။ ဘိုင်အိုစာမျက်နှာမှ အမျိုးသမီးက သီတာတင့်ကို ရှုတည်တည်နှင့် ကြည့်နေသလိုပင်။ ‘ငါ့မျက်နှာပါပဲ။ ဒါပေမဲ့ ငါ ဘာလို့ ကိုယ့်ကိုယ်ကိုယ် မမှတ်မိနေရတာလဲ’ ဟု သီတာတင့်က တွေးသည်။ သီတာတင့်က ပါ့စ်ပို့၊ လေယာဥ်လက်မှတ်နှင့် ဟိုတယ်ဘွတ်ကင်တို့ကို စစ်ဆေးရင်း ခရီးဆောင်အိတ် ရွေးယူရာ နေရာသို့ သွားလိုက်သည်။ ခရီးသည်တို့ကလည်း လေဆိပ်အတွင်း ဥဒဟို သွားလာလျှက်ပင်။ သူတို့သွားလာနေပုံက အပူအပင်မရှိပဲ ပြုံးပြုံးရွှင်ရွှင်နှင့်မို့ သီတာတင့်မျက်နှာထားနှင့်စာလျှင် အဖြူနှင့်အမည်းကဲ့သို့ ကွဲနေသည်။  ‘ဆိုက်ရောက်ရက် စက်တင်ဘာ ၂၀ရက် ၂၀၂၅ ခုနှစ်၊ ထွက်ခွာရက် စက်တင်ဘာ ၂၅၊ ၂၀၂၅ ခုနှစ်’ ဆိုသည့် လေယာဥ်လက်မှတ်ပေါ်မှ ရက်စွဲတို့ကို သီတာတင့် ကောင်းကောင်း မမှတ်မိ။ ထို့နောက် လက်ဆွဲအိတ်ထဲသို့ ထပ်မံရှာဖွေလိုက်သောအခါ ပန်းရောင်းပိုက်ဆံအိတ်ကလေးတစ်လုံးကို သီတာတင့် တွေ့လိုက်ရသည်။ ‘အင်း ဒီထဲမှာတော့ ငါနဲ့ ပတ်သက်တဲ့ ပစ္စည်းတစ်ခုခုတော့ ပါမှာပဲ’။

‌ဒေါ်လာ ၁၀၀ တန် ၇ရွက်၊ ဘတ် ၁၀၀၀ ထောင်တန် ၃ ရွက်၊ မြန်မာငွေ ၁၀၀၀၀ တန် ၅ရွက် တို့ကို အရင်ဆုံး ပိုက်ဆံအိတ်တွင်းမှ ထွက်ကျလာသည်။ ထို့နောက် ပိုက်ဆံအိတ်၏ ဘယ်ဘက်ဇစ်ကို ဖွင့်ကြည့်မှပင် သီတာတင့် မျှော်လင့်ထားသော ပစ္စည်းတစ်ခုကို တွေ့လိုက်ရတော့သည်။ ပန်းရောင် နိုင်ငံသားကတ်ပြားလေးပေါ်ရှိ အချက်အလက်များက အမှန်တကယ်ပင် သူသည် သီတာတင့်ဖြစ်ကြောင်း သက်သေခံလျှက်ရှိသည်။ ၁၉၉၀ ဂျူလိုင်လ ၁၅ ရက်နေ့တွင် ဖွားမြင်သော သီတာတင့်သည် သွေးအုပ်စု ဘီ အမျိုးအစားပိုင်ရှင်ဖြစ်ကြောင်း ပန်းရောင် နိုင်ငံသားကတ်တွင် ဖော်ပြထားသည်။ ခက်သည်က သီတာတင့်ကိုယ်တိုင်က ဒီအကြောင်းအရာတွေကို မမှတ်မိခြင်းပင်။

သီတာတင့်၏ စူးစမ်းလိုစိတ်တို့က ပိုက်ဆံအိတ်၏ ညာဘက်ကို ထပ်နှိုက်မိစေပြန်သည်။ ဒီတစ်ခါ တွေ့လိုက်ရတဲ့ အရာက ပိုပြီး အထောက်အကူ ဖြစ်နိုင်မလား သူမသိ။ အပြာရောင် ရင်ထိုးလေးပေါ်တွင် ‘ဒေါ်သီတာတင့်’ ဆိုသည့် စာတန်းကို အဖြူရောင်ဖောင်းကြွစကားလုံးဖြင့် ရေးထိုးထားသည်ကို သူတွေ့ရသည်။ ထိုစာတန်းအောက်ရှိ ‘သမုဒယ ဂျာနယ် အလွတ်တန်း သတင်းထောက်’ ဆိုသည့် ရာထူးကြောင့် သူ့ကိုယ်သူ စာနယ်ဇင်းသမားပါလားဟု သီတာတင့်က အောက်မေ့သည်။ သို့သော် လုံးလုံးလျားလျားကြီး သတိရနေသည်ကားမဟုတ်သေး။

သို့နှင့် လွယ်ထားသည့် အိတ်ထဲ လက်နှိုက်လိုက်၊ မိမိကိုယ်ကိုယ် ဘယ်သူဘယ်ဝါဖြစ်ကြောင်း တစ်စတစ်စ စဥ်းစားရင်းနှင့် သီတာတင့်က ခရီးဆောင်အိတ် ရွေးယူရန် နေရာသို့ရောက်လာသည်။ သူ့အရှေ့က ခရီးသည်တချို့ကလည်း ၄င်းတို့အသီးသီး၏ ခရီးဆောင်အိတ် ရောက်အလာကို လည်တမျှော်မျှော်နှင့်။ သီတာတင့်ကတော့ တွေးဆဆနှင့် ရပ်နေရင်းကပင် ခဏကြာသောအခါ သူ၏ ကြက်သွေးရောင် ခရီးဆောင်အိတ်ကလေးက စက်သီးကြိုးပေါ်မှ တဖြည်းဖြည်း ရွေ့လာသည်ကို တွေ့ရသည်။ ‘တော်ပါသေးရဲ့ ။ အကြာကြီး မစောင့်လိုက်ရလို့’။ သီတာတင့်က စိတ်ထဲကတွေးရင်း ခရီးဆောင်အိတ်ကို လှမ်းယူကာ နောက်ထပ်ဂိတ်တစ်ခုဆီသို့ ဆက်လျှောက်သွားလိုက်သည်။ သူ၏ စိတ်ထဲတွင်တော့ သီတာတင့်၊ သမုဒယဂျာနယ်၊ အလွတ်တန်း သတင်းထောက်ဆိုသည့် စကားလုံးများက ပဲ့တင်ထပ်ရိုက်ခတ်နေဆဲပင်။

နောက်ထပ်ဂိတ်တစ်ခုကိုဖြတ်ပြီးနောက် သီတာတင့်သည် ရှေ့က ခရီးသည်များအတိုင်း လေဆိပ်အပေါ်ထပ်မှ B1 အလွှာအထိ အောက်သို့ တစ်ထပ်ပြီး တစ်ထပ် ဆင်းသွားသည်။ အခုလေဆိပ်က ထွက်ပြီး ဟိုတယ်ကို အရင်ရောက်အောင်သွားရမည်။ ခရီးပန်းနေ၍ အခုလို ခဏတာ မမှတ်မိခြင်းဖြစ်သည်ဟု သူကထင်သည်။ထို့နောက် B1 အလွှာသို့ရောက်လျှင် သီတာတင့်သည် ရထားဘူတာ ဝန်ထမ်းဆီမှ ရမ်ခမန်ဘူတာသို့ ရထားလက်မှတ်ဖြတ်ကာ ရထားကိုစောင့်နေလေတော့သည်။ ၃ မိနစ်ခန့်အကြာတွင် သီတာတင့်ရှေ့သို့ ရထားတစ်စင်းဆိုက်သည်။ သီတာတင့်လည်း ဘာမျှ မစဥ်းစားနေတော့ဘဲ ရထားပေါ်တက်ကာ နေရာလွတ်တစ်ခုတွင် ဝင်ထိုင်လိုက်သည်။ ရထားအသံထုတ်လွှင့်ချက်မှ မကြာခင် သုဝဏ္ဏဘူမိလေဆိပ်မှ ထွက်ခွာပါတော့မည့်အကြောင်း ထိုင်း၊ တရုတ်နှင့် အင်္ဂလိပ်ဘာသာတို့ဖြင့် ကြေငြာပြီး မကြာခင်မှာပင် ရထားစထွက်လာခဲ့သည်။ ရထားတံခါးပေါက် နားရှိ မြေပုံအရ ရခမန်ဘူတာသို့ရောက်ရန် သုဝဏ္ဏဘူမိဘူတာမှ ၅ ဘူတာ စီးရမည်ဟု သီတာတင့် စိတ်ထဲမှတ်ထားလိုက်သည်။

လေအေးပေးစက်ကို ချမ်းစိမ့်နေအောင်ဖွင့်ထားသော ရထားပေါ်တွင် အရွယ်အစားစုံလင်သော ခရီး‌ဆောင်အိတ်များနှင့်အတူ အသားအရောင် ကွဲပြားသော လူများကလည်း ကြိတ်ကြိတ်တိုးနေကြသည်။ ဒီလူတွေအားလုံး ထိုင်းလူမျိုးမဟုတ်ကြမှန်း သီတာတင့် ခန့်မှန်းမိသည်။ အချို့သော လူများက ဖြူစွတ်သောအသားအရည်ရှိကာ အချို့ကလည်း ညိုပြာညက်၍ အိန္ဒိယဆန်သော မျက်နှာပေါက်များနှင့်။ သီတာတင့်က ဘေးဘီဝဲယာသို့ ငေးကြည့်လိုက်ရင်း ညာဖက်မျက်စောင်းထိုးနားရှိ ကလေးချီထားသော အမျိုးသမီးကို သတိထားမိသည်။ မေးရိုးကားကား ဒေါင်ကောင်းကောင်း အသားကလည်း နီစပ်စပ်နှင့်မို့ ရုရှားလူမျိုးများ ဖြစ်မလားဟု သီတာတင့် ထင်သည်။ ထို အမျိုးသမီး၏ ပုခုံးပေါ်ရှိ ရွေအိုရောင်ဆံပင်နှင့်ကလေးလေးက အမျိုးသမီးကို မှီ၍ အိပ်နေပုံမှာ သိုးကလေးတစ်ကောင်ကို ချီထားသည်နှင့်ပင်တူနေသည်။ အပြစ်ကင်းစင်သော ကလေးလေး အိပ်နေသည့် မြင်ကွင်းသည် သီတာတင့် မျက်လုံးမှတဆင့် ထိုးဖောက်ဝင်ရောက်သွားကာ အမှောင်ကျနေသော သူ့ဦးနှောက်ကို မီးညှိပေးလိုက်သလိုရှိသည်။ ရုတ်တရက် ဆိုသလို သီတာတင့် ဦးနှောက်ထဲတွင် ကလေးလေးတစ်ဦးကို သွားမြင်ယောင်မိလိုက်သည်။ ဘယ်သူ့ကလေးမှန်းတော့ သူလည်း တပ်အပ်မပြောတတ်။ သို့သော် ဆံပင်နက်နက်နှင့် ကလေးလေးက သူ့ကို ငေးကြည့်နေသည်။ ကလေးလေးထိုင်နေသည်က ကုတင်၏အစွန်း။ 

သီတာတင့် လှမ်းမဆွဲပါက ထိုကလေး ပြုတ်ကျသွားမည်မှာ အသေအချာပင်။ သီတာတင့် ချွေးစေးတွေပြန်လာသည်။ “ငြိမ်ငြိမ်နေနော်၊ တို့လာခေါ်မယ်” ဟု သီတာတင့်က နှုတ်ခမ်းလှုပ်ရုံပြောလိုက်သည်။ သူ့အသံကိုကြားပြီး ကလေးလန့်ကာ ကုတင်ပေါ်မှ ပြုတ်ကျသွားမည်ကို သူမလိုလားသည်မှာ အမှန်ပင်။ ထို့နောက် သီတာတင့်၏ ညာဘက်လက်က ကလေး၏ လည်ပင်းမှ သွားရည်ခံအဝတ်စကလေးကို လှမ်းမှီရန် လက်တကမ်းအလိုမှာပင်။

“ရန်ခမန်ဘူတာဖြစ်ပါတယ်ရှင်။ ခရီးသည်များ ဂရုတစိုက် ထွက်ခွာကြပါရှင်။ ရထားနှင့် ပလက်ဖောင်းကြားအတွင်းရှိ ကွပ်လပ်သို့ မပြုတ်ကျရန် ဂရုစိုက်ပါ” ဟူသည့် ကြေငြာချက်က သီတာတင့်ကို အတွေးကမ္ဘာဆီမှ ဆွဲယူကာ လက်ရှိလောကသို့ ပြန်လည်တွန်းထည့်လိုက်သည့်နှယ်။ ‘ငါအတွေးလွန်နေမိတာလား’ ဟု တွေးရင်း သီတာတင့်က ခရီးဆောင်အိတ်ကို လှမ်းဆွဲကာ ရထားပေါ်မှ အလျင်အမြန်ထွက်လိုက်သည်။ သူစီးလာသည့်အတွဲရှိ ခရီးသည်အတော်များများ ဆင်းသွားကြ၍ တော်သေးသည်။ ရထားတံခါး ပြန်ပိတ်သွားလျှင် ဘယ်ဘူတာထိပါသွားမလဲ ဆိုတာကို သီတာတင့် မတွေးတတ်။

Comments

Popular posts from this blog